နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၆) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ၂၀၂၂ ခုနှစ်၊ ဇွန် ၁၆ ရက် မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှပြောရေးဆိုခွင့်ရှိသူများနှင့် ဌာန ဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားကြသည်။
(ယမန်နေ့မှအဆက်)
NP News သတင်းဌာနမှ သတင်းထောက် ဦးကျော်မျိုးမင်း က ယခုလက်ရှိ ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးရာတွင် လူထုမယုံကြည်မှု၊ နိုင်ငံတကာအသိုင်း အဝိုင်း၏ မယုံကြည်မှု (သို့မဟုတ်) နိုင်ငံရေးအသိုင်းအဝိုင်း၏ မယုံ ကြည်မှုတို့ကို ရင်ဆိုင်ရနိုင်ခြေရှိသည်ဆိုသည့် အခြေအနေကို သိမည် ဟု ထင်မြင်မိကြောင်း၊ ရွေးကောက်ပွဲကော်မရှင်၏ ၂၀၂၀ ပြည့်နှစ် မဲစာရင်းစစ်ဆေးမှုနှင့်ပတ်သက်သည့် ထုတ်ပြန်ချက်ကိုပင် နိုင်ငံ တကာအသိုင်းအဝိုင်းအချို့၊ နိုင်ငံရေးအသိုင်းအဝိုင်းအချို့နှင့် လူမှုရေး အသိုင်းအဝိုင်းတို့တွင် လျစ်လျူရှုထားသည်ကို တွေ့ရကြောင်း၊ တပ်မတော်က ဖွဲ့စည်းပေးထားသည့် ရွေးကောက်ပွဲကော်မရှင်က ပြန်လည်ကျင်းပပေးမည့် ရွေးကောက်ပွဲအပေါ် မည်မျှယုံကြည်မှု ရှိသည်၊ မည်သည့်အတိုင်းအတာအထိ ယုံကြည်စိတ်ချ၍ရနိုင်သည်၊ ယုံကြည်မှုမရှိနိုင်စသည့် မေးခွန်းများကို မည်ကဲ့သို့ ပြန်လည် ဖြေကြားလိုသည်ကို သိလိုကြောင်း မေးမြန်းသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး က သတင်းထောက်ကြီး ယခုမေးမြန်းသည့် မေးခွန်းကို ပြန်လည် ဖြေကြားရမည်ဆိုပါက မိမိတို့၏ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ဖွဲ့စည်းပုံအခြေခံဥပဒေအရသော် လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၁) အရ သော် လည်းကောင်း ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ ဖွဲ့စည်းရာတွင်လည်း မိမိတို့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် လုပ်ငန်းစဉ် (၅) နှင့်အညီ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို ကျင်းပပေးရမည့် တာဝန်ရှိပါကြောင်း၊ ထိုတာဝန်ကို ထမ်းဆောင်ရန်အတွက် မိမိတို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ ထိုကဲ့သို့ ဖွဲ့စည်းရာတွင်လည်း ကော်မရှင်အဖွဲ့ဝင်များအဖြစ် ရွေးချယ်ရာတွင် ပါတီနိုင်ငံရေးကင်းရှင်း သူများနှင့် အတွေ့အကြုံရင့်ကျက်သူများကိုသာ ရွေးချယ်၍ ဖွဲ့စည်း ထားခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဖြစ်စေရန် ဦးတည်၍ ဆောင်ရွက်လျက်ရှိကြောင်း။
ထိုကဲ့သို့ဆောင်ရွက်ရာတွင် အစောပိုင်းက သတင်းထောက်ကြီး မေးမြန်းခဲ့သည့် မေးခွန်းတွင်ပါဝင်သည့် နိုင်ငံတကာနှင့်ပြည်တွင်းမှ ဝေဖန်သူများကတော့ ရှိနေမည်ဖြစ် ကြောင်း၊ ထိုဝေဖန်ချက်များမှာ ၎င်းတို့၏ သဘောထားများသာဖြစ်ကြောင်း၊ သို့သော် မိမိတို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲ ဆောင်ရွက်ရာတွင် အရေးကြီးသည့် လုပ်ငန်းစဉ်များဖြစ်သည့် မဲစာရင်းများပြုစုခြင်း၊ ကြိုတင်မဲပေးခြင်းအပါအဝင် မဲပေးခြင်း၊ မဲရေတွက်ခြင်းနှင့် ရလဒ်ထုတ်ပြန်ခြင်းစသည့် လုပ်ငန်းစဉ်များ ရှိပါကြောင်း၊ အဆိုပါ လုပ်ငန်းစဉ်များ၏ လုပ်ငန်းစဉ် အဆင့်ဆင့်တွင် နိုင်ငံရေးပါတီများ၊ သက်ဆိုင်ရာ နိုင်ငံသားပြည်သူလူထုများ၏ မျက်စိရှေ့မှောက်တွင် ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်များ ဖြစ် ကြောင်း၊ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် အားနည်းချက်များ ဖြစ်သည့် မဲစာရင်းဖောင်းပွခြင်းများ မရှိစေရေး၊ မဲလက်မှတ်များ မှားယွင်းခြင်း၊ ဖောင်းပွခြင်းများမရှိစေရေး စနစ်တကျဆောင်ရွက် လျက်ရှိကြောင်း၊ အလားတူ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့ သည့် ကြိုတင်မဲများသည် အလွန်များပြားခဲ့ပြီး ပြဿနာ ၆ သန်းခန့် ဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့ကြောင့် ကြိုတင်မဲပေးခွင့်နှင့်ပတ်သက်၍ မဲဆန္ဒနယ်ပြင်ပရောက် ရက် ၉၀၊ ရက် ၁၈၀ ခရီးသွားရောက်ကြသည့် မဲဆန္ဒရှင်များ၏ မဲပေးခွင့်ကို မိမိတို့အနေဖြင့် ခွင့်ပြုတော့မည် မဟုတ် ကြောင်း၊ နောက်ပိုင်းတွင် ရက် ၉၀ ဟု ပြောင်းလဲသတ်မှတ်လိုက် ကြောင်း၊ မဲပေးရာတွင် ဖြစ်ပေါ်လာနိုင်သည့် Risk များကို လျှော့ချ၍ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရန် သန္နိဋ္ဌာန် ချမှတ် ဆောင်ရွက်လျက်ရှိသည်ဟု အာမခံပြောလိုကြောင်း ပြန်လည် ဖြေကြားသည်။
ဆက်လက်ပြီး NP News သတင်းဌာနမှ သတင်းထောက် ဦးကျော်မျိုးမင်း က ၂၀၂၀ ပြည့်နှစ်၊ မဲမသမာမှုရလဒ်များကို တောက်လျှောက်ထုတ်ပြန်ပေးနေသည်မှာ ကြာပြီဖြစ်ကြောင်း၊ နိုင်ငံ တကာ၏အသိအမှတ်ပြုမှု၊ လက်ရှိနိုင်ငံရေးပါတီများ၏ အသိအမှတ် ပြုမှုနှင့် လက်ခံပေးမှုအနေဖြင့် မည်သည့်အတိုင်းအတာအထိရှိသည်ကို သိလိုကြောင်း မေးမြန်းသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး က သတင်းထောက်ကြီး မေးမြန်းသည့် မဲစာရင်းမှားယွင်းမှုကိစ္စများကို မိမိတို့အနေဖြင့် လက်တွေ့မြေပြင်တွင်လည်း ချပြပြီးဖြစ်ကြောင်း၊ သို့သော် မသိချင်ယောင်ဆောင်၊ မကြားချင်ယောင်ဆောင်နေသူများက တစ်ပိုင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် Document များအပြည့်အဝ ဖြင့် ချပြပြီးဖြစ်ကြောင်း၊ ထိုကိစ္စများကို လက်ခံသည့်သူများလည်း မြောက်မြားစွာရှိကြောင်း ပြန်လည်ဖြေကြားသည်။
Myanmar National Post သတင်းဌာနမှ အယ်ဒီတာချုပ် နောင်တော်လေး က UEC ၏ စစ်ဆေးခြင်းကိုမခံယူသည့် ပါတီများ ရှိကြောင်း၊ အဆိုပါ ပါတီများအနက် အစစ်ဆေးခံရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ဆက်သွယ်လာသည့် ပါတီ မည်မျှရှိသည်ကိုသိလိုကြောင်း၊ အစစ်ဆေးမခံသည့်ပါတီများကို လာမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြု/မပြုကို သိလို ကြောင်း မေးမြန်းသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး က သတင်းထောက်ကြီး မေးမြန်းသည့်မေးခွန်းနှင့်ပတ်သက်သည့်ကိစ္စဖြစ်သည့် နိုင်ငံရေးပါတီများ စစ်ဆေးခြင်းနှင့်ပတ်သက်သည့် အခြေ အနေကိုလည်း အစောပိုင်းက မိမိတင်ပြပြီးဖြစ်ကြောင်း၊ နိုင်ငံရေးပါတီ ၉၂ ပါတီအနက် စစ်ဆေးရန်အတွက် ပါတီ ၈ ပါတီ ကျန်ရှိနေသေး ကြောင်း၊ မိမိသိရသလောက်ပြောရလျှင် အချို့ပါတီများမှာ အစစ်ဆေး ခံရန်အတွက် အဆင်သင့်မဖြစ်သေးသောကြောင့်ဖြစ်ကြောင်း၊ တချို့ မှာ နယ်မြေလုံခြုံရေးအခြေအနေအရဖြစ်ကြောင်း၊ ထွက်ပြေး တိမ်းရှောင်နေကြသူများလည်း ရှိကြောင်း၊ ထို့ကြောင့် စစ်ဆေးရန် ကျန်ရှိနေခြင်းဖြစ်ကြောင်း၊ ထိုပါတီများကို စစ်ဆေးနိုင်ရန်အတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ ဆက်လက်စစ်ဆေးသွား မည်ဖြစ်ကြောင်း၊ အဆိုပါ ပါတီများ ရွေးကောက်ပွဲတွင်ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရ/မရ ဆိုသည့်အခြေအနေမှာ ရွေးကောက်ပွဲနှင့် တိုက်ရိုက်သက်ဆိုင်ခြင်းမရှိကြောင်း၊ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ကိစ္စနှင့် ပါတီစစ်ဆေးသည့်ကိစ္စမှာ တိုက်ရိုက်ဆက်စပ်မှု မရှိကြောင်း၊ သို့သော် ထိုပါတီများအနေဖြင့် ရွေးကောက်ပွဲကျင်းပသည့်အချိန်တွင် ဖြစ်ပေါ်နေသည့် ပါတီ၏ အခြေအနေအပေါ်တွင် မူတည်ကြောင်း၊ ပါတီတစ်ခုအနေဖြင့် ရွေးကောက်ပွဲကျင်းပသည့် အချိန်တွင် ပါတီဖျက်သိမ်းခြင်းခံထားရပါက ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည်မဟုတ်ကြောင်း၊ ယာယီရပ်ဆိုင်းခြင်းခံထားရပါကလည်း ဝင်ရောက်ယှဉ်ပြိုင်၍မရကြောင်း၊ သတ်မှတ်ထားသည့် မဲဆန္ဒနယ် များတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်း မရှိပါကလည်း ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရှိမည်မဟုတ်ကြောင်း၊ ထို့ကြောင့် နိုင်ငံရေးပါတီများ၏ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ခွင့် ရှိ/မရှိ ဆိုသည်မှာ အထက်ပါအခြေအနေများအပေါ်တွင် မူတည်ကြောင်း ပြန်လည် ဖြေကြားသည်။
People Media မှ သတင်းထောက်ချုပ် ဦးကျော်စိုးဦး က NUG၊ CRPH၊ PDF နှင့် ပတ်သက်မှုမရှိဟု လက်မှတ်ရေးထိုးထားသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြည်ထောင်စုအဆင့် လွှတ်တော်ကိုယ်စားလှယ်အရေအတွက် မည်မျှရှိသည်ကို သိလို ကြောင်း မေးမြန်းသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး က သတင်းထောက်ကြီး ယခုမေးမြန်းသည့် မေးခွန်းကို ယခင်သတင်းစာ ရှင်းလင်းပွဲများတွင်လည်း မေးမြန်းခဲ့ဖူးကြောင်း၊ မိမိလည်း ပြန်လည်ဖြေကြားခဲ့ဖူးကြောင်း၊ အဆိုပါ လွှတ်တော်ကိုယ်စားလှယ် များလက်မှတ်ရေးထိုးသည့်ကိစ္စမှာ မိမိတို့ UEC က ဆောင်ရွက်သည့် ကိစ္စမဟုတ်ကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများ နှင့် ဆောင်ရွက်သည့်ကိစ္စဖြစ်ကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်သည့် စာရင်းဇယားများ UEC တွင် မရှိကြောင်း ပြန်လည်ဖြေကြားသည်။
Golden Hand ဂျာနယ်မှ ထုတ်ဝေသူ ဦးလှဆွေ က နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်နှင့် တကွ ယခုခန်းမအတွင်းရှိနေသည့်ပုဂ္ဂိုလ်များအားလုံး ကျက်သရေ မင်္ဂလာအဖြာဖြာနှင့် ပြည့်စုံပါစေဟု ပြောလိုကြောင်း၊ လာမည့် ရွေးကောက်ပွဲကို PR စနစ်ဖြင့် ကျင်းပသွားမည်ဟု သိရကြောင်း၊ ကမ္ဘာ့ နိုင်ငံအသီးသီးတွင် PR စနစ်နှင့်ပတ်သက်၍ Open List နှင့် Closed List ဟူ၍ အမျိုးမျိုးဖြစ်နေကြကြောင်း၊ ဥပမာအားဖြင့် Closed List ဆိုပါက ရွေးကောက်ပွဲနယ်မြေတွင် ရွေးကောက်တင်မြှောက်ခံမည့် ပုဂ္ဂိုလ်မှာ မည်သူဖြစ်သည်ဟု မသိရကြောင်း၊ ထို့ကြောင့် “ပါတီကိုပဲ ကြည့်ပါ၊ လူကိုမကြည့်ပါနဲ့” ဟု တစ်ချိန်က NLD ပါတီခေါင်းဆောင် ဖြစ်သည့် ဒေါ်စုကြည် ပြောသကဲ့သို့ ဖြစ်နေမည်လား၊ အချို့နေရာ များတွင် Closed List ဟုဆိုသော်လည်း မိမိနယ်မြေတွင် ဝင်ရောက် ရွေးကောက်ခံမည့်ပုဂ္ဂိုလ်မှာ ဦးဖြူဖြစ်သည်၊ ဦးနီ ဖြစ်သည်ဆိုသည်ကို မဲရုံများတွင် ဓာတ်ပုံများ ကပ်ထားပေးသည့် တိုင်းပြည်များလည်း ရှိကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံက လုပ်ဆောင်မည့် PR စနစ်မှာ “ပါတီကိုပဲ ကြည့်ပါ၊ လူကို မကြည့်ပါနဲ့” ဟုဆိုသောကြောင့် ၄ တန်း အောင်လည်း ရပါတယ်ဆိုသည့် ပုံစံမျိုးဖြစ်မည်လား၊ မိမိတို့ ပြည်သူလူထုက မိမိရွေးချယ်လိုက်သည့်ပုဂ္ဂိုလ်သည် မိမိနယ်မြေက အမတ်ဖြစ်သည်ကို သိနိုင်သည့် PR စနစ် ဖြစ်မည်လားဆိုသည်ကို မဲဆန္ဒရှင်ပြည်သူများ သိရှိနားလည်စေရန် တိုတိုနှင့်လိုရင်း ဖြေကြား ပေးစေလိုကြောင်း မေးမြန်းသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး က သတင်းထောက်ကြီး ယခုမေးမြန်းသည့် မေးခွန်းမှာ မေးခွန်းကောင်း တစ်ခုဖြစ်ကြောင်း၊ PR စနစ်နှင့် ပတ်သက်၍ ပြီးခဲ့သည့် သတင်းစာ ရှင်းလင်းပွဲများတွင်လည်း မိမိအနေဖြင့် ရှင်းလင်းတင်ပြခဲ့ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ လေးကြိမ် တွေ့ဆုံခဲ့ကြောင်း၊ တွေ့ဆုံခဲ့စဉ် နိုင်ငံ၏အနေအထားများ အရ Closed List PR စနစ်ကို အသုံးပြုမည်ဟု အတည်ပြုထားကြောင်း၊ ထိုအတိုင်း ဆောင်ရွက်ရန်အတွက် ဥပဒေ၊ နည်းဥပဒေများကိုလည်း ပြင်ဆင်ထားကြောင်း၊ ပြဋ္ဌာန်းပြီးစီးပါက အတည်ဖြစ်သွားမည် ဖြစ်ကြောင်း၊ Closed List PR စနစ်၏ သဘောတရားအရ မဲဆန္ဒရှင် များသည် မဲပေးရာတွင် ပါတီကိုသာ မဲပေးရမည်ဖြစ်ကြောင်း၊ ဆန္ဒမဲ လက်မှတ်တွင် ပါတီအမည်နှင့် ပါတီ Logo သာ ပါမည်ဖြစ်ကြောင်း၊ ထိုဆန္ဒမဲလက်မှတ်ဖြင့်သာ ဆန္ဒပြုရမည်ဖြစ်ကြောင်း၊ တစ်သီး ပုဂ္ဂလ ဆိုပါက တစ်သီးပုဂ္ဂလကိုယ်စားလှယ်၏ အမည်ပါမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အထက်ပါကိစ္စနှင့်ပတ်သက်၍ ပါတီများသည် သက်ဆိုင် ရာ မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စား လှယ်လောင်းများ၏ အမည်စာရင်းကို ဦးစားပေးအစီအစဉ်အတိုင်း မိမိတို့ထံ တင်ပြရကြောင်း၊ ပါတီများက ဦးစားပေးအစီအစဉ်အတိုင်း ပေးပို့လာသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည် စာရင်းကိုရရှိပါက ရွေးကောက်ပွဲတွင် ပါတီ၏အမည်၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်၏အမည်ကို မဲပေးရကြောင်း၊ ထိုသို့မဲပေးရာတွင် ရရှိလာသည့် မဲရလဒ်အပေါ်မူတည်ပြီး Largest Reminder Formula ကို အသုံးပြု၍ ကိုယ်စားလှယ်လောင်းအမည်စာရင်းအား သက်ဆိုင်ရာ ပါတီ၏ ဦးစားပေးအစီအစဉ်အတိုင်း ထုတ်ပြန်ကြေညာပေးရကြောင်း၊ ထိုသို့မဲပေးရာတွင် ပါတီကိုသာ မဲပေးရခြင်းဖြစ်သည့်အတွက် သတင်းထောက်ကြီး မေးမြန်းသကဲ့သို့ ကိုယ်စားလှယ်လောင်းများအား မဲဆန္ဒရှင်များက ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် လိုအပ်ကြောင်း။
ထိုကဲ့သို့ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာလွှတ်တော် ရွေးကောက် ပွဲဥပဒေနှင့် နည်းဥပဒေများတွင် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းဆိုသည့်အခန်းကဏ္ဍကို ထပ်မံထည့်သွင်းထားကြောင်း၊ ယခင်ဥပဒေတွင် မပါဝင်ကြောင်း၊ အသစ်ထပ်မံပြဋ္ဌာန်းခဲ့သည့် ဥပဒေအရ အချိန်ကာလကိုလည်း လုံလောက်စွာ သတ်မှတ်ပေးထားကြောင်း၊ ပြဋ္ဌာန်းထားသည့်ကာလ အတွင်း ကိုယ်စားလှယ် လောင်းများနှင့် သက်ဆိုင်ရာပါတီများအနေဖြင့် မဲဆွယ်စည်းရုံးခြင်းနှင့် စုဝေးဟောပြောခြင်းများကို ဆောင်ရွက်ခွင့် ရရှိမည်ဖြစ်ကြောင်း၊ အလားတူ မိမိတို့ရွေးကောက်ပွဲကော်မရှင်ထံ ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းတင်သွင်းရာတွင်လည်း ကိုယ်စားလှယ်လောင်း၏ အမည်၊ ၎င်း၏ပါတီအမည်၊ ၎င်းပါတီ၏ Logo နှင့် ပုံစံ ၁၀ စာရင်း ထွက်ကြောင်း၊ ထိုကိစ္စကို ယခင်ကလည်း ကြေညာပြီးဖြစ်ကြောင်း၊ အဆိုပါပုံစံ ၁၀ စာရင်းကိုလည်း သက်ဆိုင်ရာကော်မရှင်များက သတ်မှတ်သည့်နေရာတွင် ထုတ်ပြန် ကြေညာသွားမည်ဖြစ်ကြောင်း၊ ထို့အတူ မဲဆွယ်စည်းရုံးရေးကာလတွင် သက်ဆိုင်ရာပါတီများနှင့် ကိုယ်စားလှယ်လောင်းများသည် မိမိတို့၏ အမည်နှင့် အချက်အလက်များကို Vinyl များ၊ Poster များဖြင့် ကပ်ထားကြေညာ၍ စည်းရုံးဆောင်ရွက်ခွင့်ရရှိမည်ဖြစ်ကြောင်း၊ သတင်းထောက်ကြီး မေးမြန်းခဲ့သည့်မေးခွန်း၏ နောက်ဆုံးအချက် ဖြစ်သည့် မဲရုံများတွင် ကိုယ်စားလှယ်လောင်းများ၏ ဓာတ်ပုံများ ကပ်ထားမည့်ကိစ္စနှင့်ပတ်သက်၍ ပြန်လည်ဖြေကြားရမည်ဆိုပါက ရွေးကောက်ပွဲနေ့တွင် မဲရုံများသည် နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် မဲဆွယ်စည်းရုံးရေးဆောင်ရွက် ရမည့်နေရာမဟုတ်ကြောင်း၊ ထို့အပြင် မဲဆွယ်စည်းရုံးရာရောက်သည့် အခြေအနေများရှိနိုင်သည့်အတွက် သတင်းထောက်ကြီး မေးမြန်း ခဲ့သည့်ကိစ္စကို ခွင့်ပြုပေးနိုင်မည်မဟုတ်ကြောင်း ပြန်လည် ဖြေကြားသည်။
နေပြည်တော်အွန်လိုင်းသတင်းဌာနမှ အယ်ဒီတာချုပ် ဦးမင်းမောင် က NUG အစိုးရဟုခေါ်သည့်အဖွဲ့မှ ဒူဝါးလရှီးဝါးက ယခုလာမည့်ရွေးကောက်ပွဲကို မဲပေးနိုင်ခြင်းမရှိစေရေးနှင့် မအောင် မြင်စေရေးတို့အတွက် ၎င်းတို့အနေဖြင့် လမ်းကြောင်း နှစ်ကြောင်း ဖြင့် ဆောင်ရွက်လျက်ရှိသည်ဟု ထုတ်ပြန်ကြေညာထားသည်ကို တွေ့ရကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်အနေဖြင့် မည်ကဲ့သို့ မှတ်ချက်ပေးလိုသည်ကို သိလိုကြောင်း မေးမြန်းသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး က သတင်းထောက်ကြီး မေးမြန်းခဲ့သည့်ကိစ္စမှာ မိမိတို့ကျင်းပမည့် ရွေးကောက်ပွဲအောင်မြင်စွာ မကျင်းပနိုင်စေရန်အတွက် နိုင်ငံရေး နည်း၊ စစ်ရေးနည်းများဖြင့် ဆောင်ရွက်သွားမည်ဆိုသည့် ထုတ်ပြန် ကြေညာချက်ကိစ္စဖြစ်ကြောင်း၊ ထိုကြေညာချက်ကို မိမိတို့လည်း ကြားသိရကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်တွင် ပါဝင်သည့် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက လွတ်လပ်ပြီး တရား မျှတသည့် ရွေးကောက်ပွဲကို ကျင်းပပေးသွားမည်ဖြစ်ကြောင်း၊ ထိုသို့ ကျင်းပနိုင်ရန်အတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်း၊ လွတ်လပ် ပြီး တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ်ကျင်းပနိုင်ရန်အတွက် မဲဆန္ဒရှင်ပြည်သူများသည် ၎င်းတို့၏ဆန္ဒမဲများကို နှောင်ကြိုးများ၊ ဖိအားပေးမှုများ၊ ခြိမ်းခြောက်မှုများ၊ အကျပ်ကိုင်မှုများမပါဝင်ဘဲ လွတ်လပ်စွာဖြင့် ၎င်း၏ဆန္ဒအတိုင်း မဲပေးနိုင်ခွင့်ရရှိရန် လိုအပ် ကြောင်း၊ ထိုသို့ရရှိနိုင်ရန်အတွက် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရန်လိုကြောင်း၊ အဆိုပါအခြေအနေမျိုးရရှိနိုင်ရန်အတွက် မိမိတို့အနေဖြင့်လည်း သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူလူထုအနေဖြင့် လည်း ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် သက်ဆိုင်သူ အားလုံးနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားသည်။
NHP သတင်းဌာနမှ သတင်းထောက် ထက်ထက်အောင် က နိုင်ငံတကာ အဖွဲ့အစည်းများက UEC နှင့် လာရောက်တွေ့ဆုံခဲ့ပြီး UEC ၏ လုပ်ငန်းဆောင်ရွက်မှုများအပေါ် ကျေနပ်လက်ခံခဲ့သည်ဟု သိရကြောင်း၊ ထိုကိစ္စကို နိုင်ငံတကာသို့ ပြန်လည် မျှဝေသွားမည်ဟု ပြောကြားခဲ့သည့် အဖွဲ့များရှိသည်ဟုလည်း သိရကြောင်း၊ ထိုကဲ့သို့ သော အဖွဲ့အစည်းမည်မျှရှိသည်ကို သိလိုကြောင်း၊ မည်သည့်နိုင်ငံ များမှ မည်ကဲ့သို့သော အဖွဲ့အစည်းများဖြစ်သည်ကို သိလိုကြောင်း၊ လက်ရှိတွင် UEC အနေဖြင့် နိုင်ငံတကာအဖွဲ့အစည်းမည်မျှနှင့် တွေ့ဆုံ ပြီး ဖြစ်သည်ကို သိလိုကြောင်းနှင့် အဖွဲ့မည်မျှနှင့် ထပ်မံတွေ့ဆုံရန် စီစဉ်ထားသည်ကို သိလိုကြောင်း မေးမြန်းသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် စတင်ဖွဲ့စည်း သည့်ကာလမှ ယနေ့အချိန်အထိ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း၊ တရုတ်နိုင်ငံ သံအမတ်ကြီးနှင့် အိန္ဒိယနိုင်ငံ သံအမတ်ကြီးတို့အပါအဝင် ယခင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် ဘရူနိုင်းနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး၊ ရုရှားနိုင်ငံမှ ကိုယ်စားလှယ် အဖွဲ့တို့နှင့်သာမက အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်း တက္ကသိုလ်မှ ဂုဏ်ထူးဆောင် ပါမောက္ခ ဒေါက်တာ ကာဒီဂျက်ဆန်နှင့် လည်း ပြီးခဲ့သည့်ရက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် နှစ်ဦးနှစ်ဖက် အမြင်ချင်းဖလှယ်နိုင်ခဲ့ကြောင်း၊ မိမိတို့ရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်နေမှုများကိုလည်း ရှင်းပြနိုင်ခဲ့ကြောင်း၊ အပြန်အလှန်ကူညီနိုင်မည့် နည်းလမ်းများနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စများကိုလည်း ဆွေးနွေး နိုင်ခဲ့ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့်သာမက နိုင်ငံတကာနှင့်ပါ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် အဓိကပြောလိုသည် မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရန်ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်တွင်းရှိ နိုင်ငံရေးပါတီများနှင့် မဲဆန္ဒရှင်ပြည်သူများက ယုံကြည်လက်ခံနိုင်မည့် ရွေးကောက်ပွဲဖြစ်စေရန် ပိုမိုအလေးထားဆောင်ရွက်သွားမည်ဖြစ်သည်ဟု ပြန်လည်ဖြေကြားသည်။
One News သတင်းဌာနမှ ဦးသွင်ထူးအောင် က ယခုကျင်းပမည့် ရွေးကောက်ပွဲစနစ်ကို PR စနစ်ဖြင့် လုပ်ဆောင်မည်ဟု သိရသော ကြောင့် ထိုစနစ်ဖြင့် ဆောင်ရွက်နိုင်ရန်အတွက် အစီအစဉ်များ ရေးဆွဲ ပြီး ဖြစ်/မဖြစ်သိလိုကြောင်း၊ အဆိုပါရွေးကောက်ပွဲစနစ်ကို ပြည်သူ များထံချပြရန်အစီအစဉ် ရှိ/မရှိ သိလိုကြောင်း မေးမြန်းသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး က မိမိတို့အနေဖြင့် ရွေးကောက်ပွဲနှင့် အဓိကသက်ဆိုင်သည့် အဖွဲ့ အစည်းများဖြစ်သည့် နိုင်ငံရေးပါတီများနှင့် လေးကြိမ်တိုင်တိုင် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း၊ ပြီးခဲ့သည့် ရွေးကောက်ပွဲအတွေ့အကြုံများနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြကြောင်း၊ ထိုသို့ဆောင်ရွက်ပြီးမှ သာလျှင် Closed List PR စနစ်ကိုကျင့်သုံးရန်အတွက် အများစုက သဘောတူခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် PR စနစ်ဖြင့် ရွေးကောက်ပွဲ ကျင်းပနိုင်ရန်အတွက် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများကို ပြင်ဆင်ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ဥပဒေ ထုတ်ပြန်ပြီးပါက အားလုံးသိရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက် ရာတွင် PR စနစ်နှင့်ပတ်သက်သည့် Civic Education၊ Voter Edu-cation စသည့် ပြည်သူလူထုအသိပညာပေးခြင်းနှင့် မဲဆန္ဒရှင် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်လည်း အဆင်သင့်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ ဥပဒေပြဋ္ဌာန်းပြီးပါက တောက်လျှောက် Follow Up ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သတင်းထောက်ကြီးမေးမြန်းသည့် ရွေးကောက်ပွဲကျင်းပခြင်းကိစ္စ သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကော်မရှင်ဥပဒေအရ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ တာဝန်နှင့်လုပ်ပိုင်ခွင့်သာဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် သတ်မှတ်ထားသည့် ဥပဒေနှင့်အညီ PR စနစ်ကို အသုံးပြု၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လူထုဆန္ဒခံယူပွဲကျင်းပရန် အစီအစဉ်မရှိကြောင်း ပြန်လည်ဖြေကြားသည်။
Cohesion News Agency မှ သတင်းထောက် ဦးရဲလင်းထွန်း က ယခုလာမည့် ရွေးကောက်ပွဲကို ၂၀၂၃ ခုနှစ်တွင် ကျင်းပမည်ဟု သိရကြောင်း၊ ထိုသို့ကျင်းပရာတွင် ယခင်ရွေးကောက်ပွဲကာလများကဲ့သို့ ပညာအရည်အချင်းကန့်သတ်ထားခြင်း ရှိ/မရှိ သိလိုကြောင်းနှင့် ဥစ္စာဓန Background သတ်မှတ်ထားခြင်း ရှိ/မရှိ သိလိုကြောင်း မေးမြန်းသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး က လွှတ်တော်ကိုယ်စားလှယ်များသည် အချုပ်အခြာအာဏာသုံးရပ် တွင်ပါရှိသည့် ဥပဒေပြုရေးမဏ္ဍိုင်အတွက် အဓိကတာဝန်ထမ်းဆောင် ကြရသူများဖြစ်ကြောင်း၊ အလားတူ ရွေးကောက်တင်မြှောက်ခြင်း ခံရပါက အုပ်ချုပ်ရေးမဏ္ဍိုင်အတွက်ပါ တာဝန်ထမ်းဆောင်ကြရသူ များဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များသည် အရေးပါသူများ ဖြစ်ကြကြောင်း၊ ထို့ကြောင့် ၎င်းတို့၏ အရည်အချင်းနှင့် စွမ်းဆောင်ရည် မြင့်မားရန် လိုအပ်ကြောင်း၊ မိမိတို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ပြီးခဲ့သည့် လွှတ်တော်သက်တမ်းနှင့် နိုင်ငံရေး ပါတီများကို သွားရောက်စစ်ဆေးပြီးစီးခဲ့သည့် အခြေအနေများကို သုံးသပ်၍ ကိုယ်စားလှယ်လောင်း၏ ပညာအရည်အချင်းကို သတ်မှတ်သင့်သည့် အတိုင်းအတာတစ်ခုသတ်မှတ်နိုင်ရန်အတွက် ဥပဒေတွင် လျာထား၍ ဆောင်ရွက်လျက်ရှိကြောင်း၊ အတည်ပြု ပြဋ္ဌာန်းပြီးပါက သိရှိနိုင်မည်ဖြစ်ကြောင်း၊ အလားတူ လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးချင်းစီ၏ ပိုင်ဆိုင်မှု၊ ပစ္စည်း၊ ဥစ္စာ၊ စီးပွားရေးတို့နှင့် ပတ်သက်၍ ကန့်သတ်ရန်မရှိကြောင်း၊ သို့သော်ပါတီ များကို စစ်ဆေးသည့် အနေအထားအရ သက်ဆိုင်ရာပါတီများအနေဖြင့် ပါတီတစ်ခုချင်းအလိုက် ရှိသင့်သည့် ပိုင်ဆိုင်မှုအဖြစ် ပါတီ၏ဘဏ္ဍာ ငွေရှိရန် လိုအပ်သည့်အတွက် ထိုကိစ္စကိုလည်း လျာထားဆောင်ရွက် လျက်ရှိကြောင်း ပြန်လည်ဖြေကြားသည်။
(ဆက်လက်ဖော်ပြပါမည်)



