(၁၂) ကြိမ်မြောက် အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ ဝန်ကြီးများအစည်းအဝေးကျင်းပ

 

နေပြည်တော်   နိုဝင်ဘာ   ၂၆


(၁၂)ကြိမ်မြောက်   အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေး နှင့်    ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ    ဝန်ကြီးများ အစည်းအဝေးကို ဖိလစ်ပိုင်နိုင်ငံက အလှည့်ကျဥက္ကဋ္ဌ အဖြစ် တာဝန်ယူ၍   ယနေ့နံနက်ပိုင်းတွင်   ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။ 

 


အစည်းအဝေးသို့     မြန်မာနိုင်ငံမှ    အာဆီယံ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်     ဆင်းရဲမှုပပျောက်ရေး ဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေး၏ လက်ရှိ ဥက္ကဋ္ဌအဖြစ်    တာဝန်ယူဆောင်ရွက်နေသော     သမ ဝါယမနှင့်     ကျေးလက်ဖွံ့ဖြိုးရေး    ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး      ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊  အာဆီယံအဖွဲ့ဝင်(၁၀)နိုင်ငံ များမှ ဝန်ကြီးများနှင့် အာဆီ ယံအတွင်းရေးမှူးချုပ်တို့ တက်ရောက်ကြသည်။

 


ဝန်ကြီးများအစည်းအဝေးတွင်  အာဆီယံအတွင်း ရေးမှူးချုပ်က    အဖွင့်အမှာစကား   ပြောကြားပြီး ဖိလစ်ပိုင်နိုင်ငံ         National   Anti-Poverty Commission မှ  Convenor H.E. Noel Felongco က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားသည်။ 

 


အစီအစဉ်အရ  ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အမှာစကားပြောကြားရာတွင်  မြန်မာနိုင်ငံအနေဖြင့် အာဆီယံ    ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်   ဆင်းရဲမှု ပပျောက်ရေး   အလှည့်ကျဥက္ကဋ္ဌ   တာဝန်ယူခဲ့စဉ် အတွင်း  ကိုဗစ်-၁၉ ဆိုင်ရာ အာဆီယံကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့်      ဆင်းရဲမှုပပျောက်ရေးဝန်ကြီးများ အထူးအစည်းအဝေးကို   ကျင်းပနိုင်ခဲ့ပြီး လုပ်ငန်းစဉ် (၆)ရပ် ကို ချမှတ်နိုင်ခဲ့ကြောင်း၊   ထို့ပြင် အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်     ဆင်းရဲမှုပပျောက် ရေးလုပ်ငန်းစီမံချက်   (၂၀၂၁-၂၀၂၅) ကို   အပြီးသတ် ရေးဆွဲနိုင်ရေးနှင့်        အာဆီယံလူမှု-ယဉ်ကျေးမှု အသိုက်အဝန်းအခြေပြမြေပုံ  နှစ်လယ်အကဲဖြတ်မှု တို့တွင်    မူဝါဒလမ်းညွှန်ချက်များနှင့်   မဟာဗျူဟာ လုပ်ငန်းစဉ်များချမှတ်ပေးနိုင်ခဲ့ကြောင်း   ပြောကြား ပြီး အလှည့်ကျဥက္ကဋ္ဌ ရာထူးနေရာကို ဖိလစ်ပိုင်နိုင်ငံ သို့ လွှဲပြောင်းပေးခဲ့သည်။

 


ဆက်လက်၍        အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများက   မိမိတို့နိုင်ငံများ၏     ချမှတ်ထားသော မူဝါဒများ၊ ဆောင်ရွက်လျက်ရှိသည့်  စီမံကိန်းလုပ်ငန်း များ၊  ရှေ့ဆက်ဆောင်ရွက်မည့်   လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။

 


ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက  ဆွေးနွေးရာ တွင် မြန်မာနိုင်ငံအစိုးရအနေဖြင့်   ဆင်းရဲနွမ်းပါးသူ များနှင့်   ထိခိုက်လွယ်သူများ၏   လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုကို  အမြဲအလေးထားကာ  မြို့ပြနှင့် ကျေးလက်ဒေသများအကြား၊   တိုင်းဒေသကြီးများ နှင့်        ပြည်နယ်များအကြား           ဖွံ့ဖြိုးမှုကွာဟချက်    ကျဉ်းမြောင်းစေရေး  အလေးပေးဆောင်ရွက်လျက်ရှိ ပြီး     နိုင်ငံတော်ဖွံ့ဖြိုးရေးမဟာဗျူဟာတွင်လည်း   စီးပွားရေးဟန်ချက်ညီညီ     ဖွံ့ဖြိုးလာစေရေးနှင့်   ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းများ    အရှိန်အဟုန်မြှင့် ဆောင်ရွက်ရေးတို့ကို  တစ်ပြိုင်နက်တည်း ဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း။

 


ကိုဗစ်-၁၉  ကူးစက်ရောဂါကြောင့် ထိခိုက်ခဲ့သော မြန်မာနိုင်ငံ၏ စီးပွားရေး၊ လူမှုရေးတို့ကို  ပြန်လည် ကုစားနိုင်ရန်နှင့် ပြည်သူတစ်ရပ်လုံး၏  လူမှုအကျိုး စီးပွား ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရှိပြီး  လုပ်သာကိုင်သာ ရှိသော   စီးပွားရေးဝန်းကျင်တစ်ရပ်   ဖြစ်ပေါ်စေရေး အတွက်    မြန်မာ့စီးပွားရေးပြန်လည်ဦးမော့စေရေး စီမံချက် MERP ကို ရေးဆွဲဆောင်ရွက်လျက်ရှိ               ကြောင်း၊   ကျေးလက်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင်      အားလုံးပါဝင်နိုင်ပြီး  စဉ်ဆက်မပြတ်   ဖွံ့ဖြိုး တိုးတက်စေရန်အတွက်          ခေတ်မီစံပြကျေးရွာ ထူထောင်ရေး   (SMART Village)    စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း။

 


အာဆီယံဒေသတွင်း  နိုင်ငံများအားလုံး   ရေရှည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်   ရည်မှန်းချက်များ ပြည့်မီစေရေး  အတူတကွပူးပေါင်းဆောင်ရွက်ရမည့် ပန်းတိုင်ဖြစ်သည့်  ဆင်းရဲမှုပပျောက်ရေး၊ ကိုဗစ်-၁၉ ကပ်ရောဂါနှင့် သဘာဝဘေးအန္တရာယ်များအတွက် တုံ့ပြန်နိုင်စွမ်း  တည်ဆောက်ရေးတို့သည်  အရေးကြီး လာပြီဖြစ်ကြောင်း၊   မြန်မာနိုင်ငံအနေဖြင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများအားလုံးနှင့်       လက်တွဲပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးသည်။ 

 


ယင်းနောက်      အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများက    အာဆီယံဒေသတွင်း    တုံ့ပြန်နိုင် စွမ်းအားကောင်းသော၊         ရေရှည်တည်တံ့သော၊ အားလုံးပူးပေါင်းပါဝင်နိုင်သော   အာဆီယံအသိုက် အဝန်းတစ်ရပ်    ဖြစ်ပေါ်လာစေရေးအတွက်    နိုင်ငံ အဆင့်၊ ဒေသအဆင့်   မူဝါဒရေးရာ  ဆောင်ရွက်ချက် များ၊ ကျေးလက်နှင့်မြို့ပြဆက်သွယ်မှုအားကောင်း စေရေး    လုပ်ဆောင်ချက်များ၊   အစိုးရ-ပုဂ္ဂလိက- ပြည်သူပူးပေါင်းဆောင်ရွက်မှုများ၊  ရာသီဥတုပြောင်း လဲမှုနှင့်    သဘာဝဘေးအန္တရာယ်   လျှော့ချရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းစဉ်များကို ကျေးလက်ဒေသ ဖွံ့ဖြိုး ရေးနှင့် ဆင်းရဲမှုလျှော့ချရေးနယ်ပယ်တွင်  ထည့်သွင်း ဆောင်ရွက်မှုများ၊          ကျား-မရေးရာကဏ္ဍနှင့် ကျေးလက်ဒေသရှိ အမျိုးသမီးများနှင့်  လူငယ်ကဏ္ဍ တို့အပြင်    အခြားထိခိုက်လွယ်ကဏ္ဍတို့ပါ   အားလုံး ပူးပေါင်းပါဝင်            ဆောင်ရွက်နိုင်ရေးတို့အပြင် ကျေးလက်ဒေသ   ဖွံ့ဖြိုးရေးနှင့်   ဆင်းရဲမှုပပျောက် ရေးဆိုင်ရာ    အာဆီယံလုပ်ငန်းစီမံချက်မူဘောင် (၂၀၂၁-၂၀၂၅)ကို အကောင်အထည်ဖော်ဆောင်ရွက် ရာတွင်  တိုးတက်မှုများနှင့်    အာဆီယံကျေးလက် ဖွံ့ဖြိုးရေးပင်မစီမံချက်ကို   ရေးဆွဲနိုင်ရေး   ကြိုတင် ပြင်ဆင်မှုများတွင်    အာဆီယံဒေသတွင်းနိုင်ငံများ ဝိုင်းဝန်းပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက် နေမှုတို့ကို      မှတ်တမ်းတင်ခဲ့ကြကြောင်း     သိရသည်။ 


သတင်းစဉ်