(၁၁၀) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာ ညီလာခံကာလအတွင်း ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များနှင့် နိဂုံးချုပ်မှတ်ချက်များအပေါ် မြန်မာနိုင်ငံအနေဖြင့် ပြင်းထန်စွာကန့်ကွက်

 

၁။    ဆွစ်ဇာလန်နိုင်ငံ၊  ဂျီနီဗာမြို့တွင်  ၂၀၂၂ ခုနှစ်၊ မေလ ၂၇ ရက်မှ ဇွန်လ ၁၁ ရက်အထိ  ကျင်းပခဲ့သည့်   အကြိမ် (၁၁၀) မြောက် အပြည်ပြည်ဆိုင်ရာ  အလုပ်သမားရေးရာ  ညီလာခံကာလအတွင်း မြန်မာနိုင်ငံ၏  ပါဝင်တက်ရောက်မှုမရှိဘဲ  အိုင်အယ်လ်အိုအုပ်ချုပ်မှုအဖွဲ့နှင့်စံနှုန်းများ လိုက်နာဆောင်ရွက်ခြင်းဆိုင်ရာ ကော်မတီတို့မှ မြန်မာနိုင်ငံအပေါ်  တစ်ဖက်သတ် ဆုံးဖြတ်ချက်များနှင့်   နိဂုံးချုပ်မှတ်ချက်များ  အသီးသီး ချမှတ်ခဲ့သည်ကို  တွေ့ရှိရသည်။

 


၂။    အဆိုပါ  ဆုံးဖြတ်ချက်များနှင့်   နိဂုံးချုပ်မှတ်ချက်များသည် အိုင်အယ်လ်အို ညွှန်ကြားရေးမှူးချုပ်၏  “မြန်မာနိုင်ငံတွင်   ဖြစ်ပေါ်တိုးတက်မှုများ” ခေါင်းစဉ်ပါ အစီရင်ခံစာနှင့်  Committee  of  Experts  on the Application of Conventions and Recommendations ၏ ၂၀၂၂ ခုနှစ်  အစီရင်ခံစာတို့အပေါ်   အခြေခံထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့်   အစီရင်ခံစာများ အပေါ်   လေ့လာတွေ့ရှိချက်  အသေးစိတ်ကို   အိုင်အယ်လ်အို၏ သက်ဆိုင်ရာအဖွဲ့အစည်းများသို့ ပေးပို့ခဲ့ပြီးဖြစ်သည်။ ယင်းအစီရင် ခံစာများတွင် အလုပ်သမားရေးရာ ကိစ္စရပ်များထက်  နိုင်ငံရေးကို  အရင်းခံသော  အချက်အလက် အမြောက်အမြားပါဝင်ပြီး ခိုင်လုံမှုမရှိ ကြောင်း တွေ့ရှိရသည်။ ယင်းအစီရင်ခံစာများတွင်  ပါဝင်သောအချက် အလက်များသည်        အလုပ်သမားအရေးလှုပ်ရှားသူဆိုသူများက ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေထားသော မမှန်ကန်သော အချက်များနှင့် ထင်ယောင်ထင်မှားဖြစ်စေသော သတင်းများအပေါ်   များစွာတည်မှီ နေကြောင်း  တွေ့ရှိရသည်။ သို့ဖြစ်ရာ ဆုံးဖြတ်ချက်များနှင့်   နိဂုံးချုပ် မှတ်ချက်များသည်  နိုင်ငံရေးသဘောသက်ဝင်နေသည်ကို အံ့ဩဖွယ် ရာမရှိကြောင်း တွေ့ရှိရသည်။ 

 


၃။    အိုင်အယ်လ်အိုအနေဖြင့် မြန်မာနိုင်ငံတွင် သင့်လျော်ကောင်းမွန် သည့်  အလုပ်အကိုင်အစီအစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာ တွင်နှင့်   နည်းပညာဆိုင်ရာ အကူအညီများပေးအပ်ရာတွင် အစိုးရနှင့် ညှိနှိုင်းဆွေးနွေးမှုမရှိသည်ကို    တွေ့ရှိရပြီး   သုံးပွင့်ဆိုင်ယန္တရား၏ အနှစ်သာရကို    မျက်ကွယ်ပြုထားသည်။  အိုင်အယ်လ်အိုအနေဖြင့် သက်ဆိုင်ရာနိုင်ငံ၏    မေတ္တာရပ်ခံချက်နှင့်အညီ   အကူအညီများ ပေးအပ်ရသည့် နိုင်ငံတကာလက်ခံထားသော  အခြေခံသဘောတရား များကို မျက်ကွယ်ပြုထားသည်။ မြန်မာအစိုးရအနေဖြင့် အလုပ်သမား များနှင့် အလုပ်ရှင်များကို သုံးပွင့်ဆိုင်သဘောသဘာဝဖြင့် အထောက် အကူပြုလျက်ရှိသည်။

 


၄။    အဆိုပါဆုံးဖြတ်ချက်များတွင် ၂၀၂၂ ခုနှစ်၊ မတ်လတွင် ဖွဲ့စည်း  ခဲ့သည့်     စုံစမ်းစစ်ဆေးရေးကော်မရှင်ကို   ရည်ညွှန်းဖော်ပြထားပြီး လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့်နှင့်        ဖွဲ့စည်းခွင့်ကွန်ဗင်းရှင်း (ကွန်ဗင်းရှင်းအမှတ်- ၈၇) နှင့် အဓမ္မခိုင်းစေမှုဆိုင်ရာကွန်ဗင်းရှင်း (ကွန်ဗင်းရှင်းအမှတ်- ၂၉) တို့ကို မြန်မာနိုင်ငံက လိုက်နာအကောင် အထည်ဖော်မှုအပေါ် မေးခွန်းထုတ်ထားသည်။ စင်စစ်အားဖြင့် မြန်မာ နိုင်ငံ၌ အခြေခံအလုပ်သမားအဖွဲ့အစည်း (၂၈၉၂) ဖွဲ့၊ မြို့နယ်အလုပ် သမားအဖွဲ့အစည်း (၁၆၂) ဖွဲ့၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလုပ်သမား အဖွဲ့ (၂၆) ဖွဲ့၊ အလုပ်သမားအဖွဲ့ချုပ် (၉) ဖွဲ့နှင့် အလုပ်သမားအဖွဲ့ အစည်းအသင်းချုပ် (၁) ဖွဲ့ရှိပြီး အဆိုပါအဖွဲ့အစည်းများတွင် အဖွဲ့ဝင်  (၁၉၀၀၀၀) ဦး  ပါဝင်သည်။  အလုပ်သမားအရေးလှုပ်ရှားသူဆိုသူ အနည်းစု၏ အကြမ်းဖက်ရန်နှင့် တည်ငြိမ်မှုမရှိစေရန် ပြည်သူလူထုကို လှုံ့ဆော်သည့် ဥပဒေနှင့်ဆန့်ကျင်သော လုပ်ရပ်များကြောင့် ၎င်းတို့ အပေါ် အရေးယူဆောင်ရွက်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံသည် ကွန်ဗင်း ရှင်းအမှတ်- ၈၇ ကို လိုက်နာ ဆောင်ရွက်ခြင်းမရှိဟု ခြုံငုံသုံးသပ် ခဲ့ခြင်းမှာလည်း သင့်လျော်မှန်ကန်မှုမရှိပါ။

 


၅။    မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ်မှစတင်၍ အမျိုးသားအဆင့် အဓမ္မ ခိုင်းစေမှုပပျောက်ရေးဆိုင်ရာ တိုင်ကြားမှုယန္တရားကို တည်ထောင် ထားရှိသည်။ အိုင်အယ်လ်အို ညွှန်ကြားရေးမှူးချုပ်၏ အစီရင်ခံစာ တွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်း၌ အိုင်အယ်လ်အိုအနေဖြင့် အဓမ္မခိုင်းစေမှုဆိုင်ရာ  တိုင်ကြားချက်  (၁၃)  ခုကို  လက်ခံရရှိခဲ့ပြီး ၎င်းတို့ကို စိစစ်လျက်ရှိကြောင်း ဖော်ပြထားသော်လည်း အမျိုးသားအဆင့်တိုင်ကြားမှုယန္တရားအနေဖြင့်   တိုင်ကြားမှုတစ်စုံတစ်ရာကို လက်ခံရရှိခဲ့ခြင်းမရှိပါ။ အိုင်အယ်လ်အို ဆက်ဆံရေးအရာရှိရုံးအနေ ဖြင့် တိုင်ကြားချက်များကို အမျိုးသားအဆင့် တိုင်ကြားမှုယန္တရားသို့ ပေးပို့ရန်    တစ်နှစ်ခွဲခန့်ကြာမြင့်နေသည်မှာ  နားမလည်နိုင်ဖွယ် ဖြစ်သည်။ ထို့အပြင် အဓမ္မခိုင်းစေမှုဆိုင်ရာ စွပ်စွဲချက်များတွင် ပုဂ္ဂိုလ် များ၏ အမည်များ၊ ဖြစ်စဉ်များ၏ တည်နေရာနှင့်အချိန် အစရှိသည့် စိစစ်၍ရနိုင်သည့် အချက်များ မပါရှိသည်ကို တွေ့ရှိရသည်။

 


၆။    အထက်ပါအကြောင်းခြင်းရာများကြောင့် (၃၄၅) ကြိမ်မြောက် အိုင်အယ်လ်အိုအုပ်ချုပ်မှုအဖွဲ့နှင့်    စံနှုန်းများလိုက်နာဆောင်ရွက် ခြင်းဆိုင်ရာ  ကော်မတီတို့မှ ချမှတ်ခဲ့သည့်  ဆုံးဖြတ်ချက်များနှင့် နိဂုံးချုပ်မှတ်ချက်များအပေါ်   မြန်မာနိုင်ငံအနေဖြင့်  ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်ပယ်ချလိုက်သည်။ မြန်မာနိုင်ငံ၏ မျက်ကွယ်တွင် စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းခဲ့ခြင်းသည် အိုင်အယ်လ်အို၏ ဖွဲ့စည်းပုံစည်းမျဉ်းနှင့်   ညီညွတ်ခြင်းမရှိသည့်အတွက်  ယင်းကဲ့သို့ ဖွဲ့စည်းခဲ့ခြင်းကိုလည်း မြန်မာနိုင်ငံက   ထပ်လောင်းကန့်ကွက်လိုက်သည်။ 

အလုပ်သမားဝန်ကြီးဌာန
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁ ရက်။