ဤတရားဆိုးများအပေါ် မေတ္တာလက်နက်ဖြင့်သာ …

Type

 

ဒေါက်တာ မြတ်မိုး 
 

ယနေ့လူ့အဖွဲ့အစည်း၏ စရိုက်များ ၊ သုစရိုက်ထက် ဒုစရိုက်က များနေသည်၊ ကုသိုလ်အမှုထက် အကုသိုလ်က ပိုများနေသည်။ ကာယကံ၊ ဝစီကံမဟုတ်လျှင်တောင် မနောကံကမလွတ်၊ မိမိနှင့်ဆန့်ကျင်သူ မုန်းသူ ဖြစ်လျှင် မုန်းသည့်စိတ်ဖြင့် သေစေရန် တောင့်တကြ၊  ပျက်စီးမှုကို လိုလားကြသည်၊ သေပါစေ၊  ပျက်စီးပါစေသဘော။  သီလ၊ သမာဓိ၊  ပညာဂုဏ်ရှိသူပင်မချန် မစောင့်စည်းနိုင်ကြ၊  ပြစ်မှားကြံစည်လွန်းကြသည်။ ဗျာပါဒဟုခေါ်သည့် ဒေါသအခြေခံတရား ကိုယ့်သဘောတစ်ခုပင် ဖြစ်သည်၊ ရိုးရိုးဒေါသမဟုတ် ဒီလူသေသွားရင် ကောင်းမှာပဲ၊  ပျက်စီးသွားရင်ကောင်းမှာပဲ စသည်ဖြင့် လွယ်လွယ်ဖြစ်စေချင်ကြသည့် မနောကံ ဒုစရိုက်အတွေးများ.. တွေးရုံမျှနှင့်ပင် အကုသိုလ်ကံ အဘယ်မျှကြီးမားကြောင်း မသိကြ၍ဖြစ်သည်။
သုံးသွယ်သော အကုသိုလ်ရေသောက်မြစ် 
ဒေါသဆိုသော အကုသိုလ်၏ အစွမ်းသတ္တိကား အားကြီးလွန်းလှသည်။ လားရာအနေဖြင့် ဘယ်လိုမှ ကောင်းနိုင်စရာမရှိ။ အကုသိုလ်စိတ်များ၏ အခြေခံ သတ္တိနှင့်  လားရာ စသည့်ထိုအချက်များကို  မမြင် မသိခြင်းသည်ပင်     မိစ္ဆာဒိဋ္ဌိ   အယူမှားတစ်မျိုး ဖြစ်နေသည်။  မိမိတို့၏ စိတ်၊  စေတသိက်များ၌  ကြမ်းကြမ်းတမ်းတမ်းဖြစ်နေအောင်၊ ရိုင်းစိုင်းအောင် ပြစ်မှားစော်ကားတာမျိုးတွေဖြစ်စေသော  အခြေခံ တရားသည်  ဒေါသအမြစ်  အားကြီးခြင်းကြောင့် ပါလား၊  ထိုဒေါသဟိတ်ကြီးကြောင့်  ပူလောင်မှုတွေ ခံစားရသည်၊ အငြိုးအတေးတွေနှင့်  မှတ်ကုန်သည်၊ အမုန်းတွေနှင့်  နှလုံးသွင်းမှားကုန်သည်၊ သူတစ်ပါး ကိုဒုက္ခရောက်အောင်     ကြံစည်ကြတော့သည်။ ထိုထိုစိတ်တွေကြောင့်    ရုပ်တွေလည်း    ကြည့်ပါ၊ ကြမ်းတမ်းခက်ထန်သည့်   အသွင်အပြင်များသာ ဖြစ်ကုန်သည်၊၊   ဒေါသအရင်းအမြစ်တစ်ခုတည်း ကြောင့်လည်းမဟုတ်နိုင်၊     လိုချင်တပ်မက်လွန်း အားကြီးသော အကုသိုလ်လောဘကို    အခြေခံ၍ လည်းဖြစ်မည်၊  ထို့ကြောင့်  လောဘကျွန်  ဖြစ်ကြ ရသည်၊ အာရုံမှန်သမျှ  တပ်မက်လွန်း၊  လောဘ အားကြီးတော့   သူတစ်ပါးပစ္စည်း၊  သူတစ်ပါးနေရာ မတရားသိမ်းပိုက်ချင်တော့သည်၊ လိုချင်တာ    မရ တော့ ဒေါသဖြစ်ရသည်၊၊
နောက်ထပ် အခြေခံတရားတစ်ခုက  အမှားကို အမှားမှန်း၊   အမှန်ကိုအမှန်မှန်း  အကျိုး ရှိ မရှိ ခွဲခြားမသိနိုင်လောက်သည့် အသိဉာဏ်မဲ့မှု၊   အသိ ဉာဏ်နည်းတော့   တွေဝေသည်၊   ယုံမှားသံသယ အားကြီးသွားသည်၊  တစ်ခုခုကို လှေနံဓားထစ်မှတ် ပိုးဖလံမျိုး  မီးကိုတိုးတော့သည်၊  ငါသာမှန်သည်၊ သူက အမှားလက်ခံမှုတွေ၊ ပြောင်းပြန်တွေ ဖြစ်ကုန် သည်၊   ဤသည်ကား    အကုသိုလ်အခြေခံတစ်ခု ဖြစ်သော  မောဟကြောင့်၊၊ ဤအကုသိုလ် ကျေးဇူး တွေကြောင့် မိမိတို့မှာ ပြောမှားဆိုမှား၊  အလုပ်မှား၊  အပြုအမူအမှား  မိုက်မိုက်ကန်းကန်း အမှားကြီးများ ကျူးလွန်မိသည်အထိ ဆိုက်ရောက်ကြရတော့သည်။
ဒေါသ၏ အပြစ်များစွာ
မိမိတို့မှာ ကိန်းနေသည့်  ထိုအကုသိုလ်အခြေခံ တွေကြောင့် အားလုံးမှာ အေးအေးချမ်းချမ်း သာသာ ယာယာမနေနိုင်ကြရတော့ပါ၊၊    ပူပန်သောကတွေ ကြီးရသည်။ စိတ်ကို မထိန်းချုပ်နိုင်သည့်အခါ ရုပ်မှာ ပါ    ဖောက်လွှဲဖောက်ပြန်တွေ    ဖြစ်ကုန်သည်။ မတရားလုယက်  တိုက်ကြ၊  ခိုက်ကြ အစုလိုက်၊ အပြုံလိုက် သတ်ကြ၊ ဖြတ်ကြသည်အထိ ဖြစ်ကြရ သည်။ ပြန်ကြည့်တော့ စိတ်မချမ်းသာမှု၊   စိုးရိမ်မှု၊ ပူလောင်မှု၊ ကြမ်းတမ်းမှု၊   ဖျက်ဆီးမှု၊   ပျက်စီးမှု အားလုံးသည် ဒေါသနှင့်သာဆိုင်သည်။  ထိုဒေါသ ကြောင့်ပင်   ကိုယ့်အကျိုးစီးပွား      အဖျက်ခံရ၊ သူ့အကျိုးပျက်အောင်ကလဲ့စား    အပြန်အလှန်တွေ ဖြစ်ကုန်သည်။ 
မိမိစိတ်အတွင်း  ရန်သူဒေါသသည်    အလွန် ဖြစ်လွယ်ပြီး အပြင်ရန်သူထက်လည်း ပိုဆိုးသည်၊၊ စိတ်ထဲတွင် တနုံ့နုံ့ဖြင့် စိတ်ဖိစီး၊   စိတ်ပျက်၊ အစား ပျက် အိပ်ပျက်သည်အထိ ဖြစ်ရသည်။ ထို့ကြောင့် မိမိတို့၏  ခံစားမှုများကို  အလွယ်တကူဖော်ထုတ် မိကြပြီး သူရဲကောင်းသဖွယ်  အလွန်အကျွံ  ပြသကြ သည့်အတွက် ရင့်ကျက်မှုမရှိရာ  ရောက်ပါသည်။ တချို့ကလည်း  မိမိဒေါသကို   တမင်ပြသကြတာ လည်းရှိသည်။ သို့သော်  ထိုဒေါသကြောင့် တစ်ဦးနှင့် တစ်ဦး ယုံကြည်မှု နားလည်မှု ပျက်ရသည်ကို သတိ မပြုမိကြ။ ဒေါသအားကြီးသူများဆိုလျှင် ဘာအာရုံ ပဲလာလာ အကောင်းဘက်မမြင်တော့၊    သံသယဝင် အဆိုးသာမြင်၍ မီးလောင်ရာလေပင့် အဆိုးဘက်ကို ပိုရောက်သွားတတ်သည်ကိုလည်း    သတိမထား မိကြ။ 
ထို့ကြောင့် အတွင်းရန်သူသဘောကို မြင်အောင် ကြည့်၍ မြွေပွေးခါးပိုက်ပိုက်သလို မဖြစ်အောင် ဒေါသတရားဆိုးကို ပယ်သတ်နိုင်မှ   လူ့အဖွဲ့အစည်း မှာ အတော်အတန်  ငြိမ်းချမ်းမည်ဟု  ဆိုနိုင်ပါမည်။ ပယ်သတ်ရမည်ဆိုသည်မှာ   တစ်ခဏလေး  တွေးမိ ပြောမိ၊ လုပ်မိရုံဖြင့် ဤဒေါသက သံသရာတစ်ခုလုံး တောက်လျှောက်ဒုက္ခပေးသွားပြီး     ဘဝပေါင်း များစွာမှာ ပေးဆပ်ရမှာစိုး၍ဖြစ်ပါသည်။
သီလ သမာဓိ ပညာသာ
ထို့ကြောင့် ဒေါသဖြင့်  အနိုင်ယူလိုစိတ်ကို ရှောင်စေချင်သည်၊ မလိုအပ်ဘဲ  စိုးရိမ်မှုတွေ  လျှော့ချ စေလိုသည်၊    ပူပန်မှုတွေ   လျော့စေချင်သည်။ သူဘာလဲ၊  ငါဘာလဲ၊  မခံချင်မှု၊  ငြင်းခုံမှုများဖြင့် အပျက်မတွေးဘဲ   အပြုဘက်ဆောင်၍  အကောင်း ဘက်ကိုသာ ပိုမြင်စေလိုသည်။ လူမိုက်နှင့်ပြိုင်လျှင် ကိုယ်လည်းလူမိုက်၊   သူ့အကုသိုလ်က   ကိုယ့် အကုသိုလ်ဖြစ်၍   ပျော်ရွှင်မှုမဖြစ်   အကျည်းတန် ပါမည်။ အဘယ်ကြောင့်ဆိုသော် ထိုဒေါသတရား များကြောင့် မိမိကိုယ်တိုင် အရှုံးသမားဖြစ်သွားသော ကြောင့်ဖြစ်သည်။  
ထို့ကြောင့်  မကောင်းသည့်  ထိုဒေါသဆိုးကို လျှော့ဖို့၊ ပယ်ဖို့၊ သတ်ဖို့လိုလာပြီပေါ့။ ဤတွင် သီလ၊  သမာဓိ၊ ပညာတို့သာ အားကိုးရာ  ဖြစ်တော့မည်။ သီလဖြင့် သီလရှိခိုက် သီလ  ယူခိုက်  အာရုံများမှ ဝေးကွာအောင်နေခိုက်  ခေတ္တခဏလေးမှာသာ ဖြစ်လာသည့် ဒေါသကို လျှော့ချနိုင်သည်။  မစောင့် စည်းနိုင်သူအဖို့မှာတော့ ဒေါသကဝင်လွယ်မည်။ သမာဓိဖြင့်တော့     ဒေါသ၏   ပင်စည်ကိုသာ ဖြတ်တောက်နိုင်မှာဖြစ်ပြီး ဆိုင်ရာအာရုံတွေနှင့် တကယ်တမ်းတွေ့လာလျှင်  တားနိုင်မှာမဟုတ်။ သို့သော် သမာဓိကြောင့်တော့ သတိသည် အားကောင်း လာနိုင်ပြီး ထိုသတိဖြင့်  ဒေါသကို   ဒေါသဖြစ်မှန်း သိကာ ထိန်းချုပ်နိုင်မည်ဖြစ်သည်။   ထို့ကြောင့် သတိကို အခြေခံ၍ သမာဓိတည်ငြိမ်မှုဖြင့်   ပညာ ကိုသာ အားကိုးရပါမည်။
သည်းခံခြင်းဖြင့်
ဤသို့ဖြင့်   ကျွန်တော်တို့သည်    ပညာဉာဏ် ကလေးဖြင့်  ဒေါသကို လျှော့ချနိုင်အောင် ကြိုးစား ကြည့်စေချင်သည်။   ဒေါသဆိုသည်မှာ    အကုသိုလ် တရားဆိုးဖြစ်သည်နှင့်အညီ ဒေါသ၏ အပြစ်များကို မြင်ခဲ့ပြီးပါပြီ။     အမှားနှင့်အမှန်   ခွဲခြားတတ်လျှင် အပြစ်ဖြစ်မှာကို ဘယ်တော့မှ လုပ်ဖြစ်မည်မထင်ပါ။ ပို၍ဆိုးမသွားအောင်  အဆိုးကိုပယ်ဖို့  ကြိုးစားကြ မည်သာ   ဖြစ်သည်။ မေတ္တာလက်နက်ဖြင့်  မေတ္တာ ထားခြင်းကို    အကောင်းဆုံးသောစိတ်   အလေ့ အကျင့်တစ်ခုအဖြစ် ကြိုးစားအားထုတ်လျှင်  ဖြစ်ပါ သည်။ မေတ္တာတရားက မိမိကိုယ်မိမိ  နှိမ့်ချမှုကို ပေးပြီး    သည်းခံခြင်းဟူသော ခွန်အားကို   ပေးစွမ်း ပါသည်။ 
“သည်းခံခြင်းထက်သာလွန်သော အကျိုးစီးပွား ဟူသည်မရှိ”ဟူ၍လည်း     မြတ်စွာဘုရားက ဟောကြားထားသည်   မဟုတ်ပါလား။   မေတ္တာဟူ သည် သူတစ်ပါး၏  အကျိုးကို  လိုလားပြီး လိုလို လားလား ဆောင်ရွက်ပေးခြင်းမည်ပါသည်။  ကိုယ့် အတွက်မပါ  သူ့အကျိုးကို လိုလားစွာလုပ်ပေးနေခြင်း သည်ပင်  စစ်မှန်သော  မေတ္တာဖြစ်သည်။ ထို့အပြင် ဒေါသ တရားဆိုး၏ အပြစ်ကိုသိပါမှလည်း သည်းခံ ခြင်းနှင့်မေတ္တာတရားကို ထမ်းရွက်နိုင်စွမ်းရှိပါမည်။
သူ့ဒေါသ ကိုယ့်ဒေါသဘယ်လိုဖြေဖျောက်ကြမလဲ
မြတ်စွာဘုရား၏ အဆုံးအမကိုလိုက်နာခြင်းဖြင့် ဒေါသအပြစ်ကိုသိထားလျှင်   ဒေါသထွက်စရာ အကြောင်းမရှိတော့သည့်အတွက်     မိမိကိုယ်မိမိ ဆုံးမ၍  ဒေါသကိုပယ်နိုင်ဖို့  ကြိုးစားနိုင်ပါသည်။ “သူမသိလို့  ပြောနေတာပဲ”၊   “သူနားမလည်လို့ လုပ်မိတာပဲ”၊ “သူ့မှာလည်း  ကောင်းတာတွေရှိခဲ့ တာပဲ”၊ ကောင်းကွက်ကိုယူ၍ သူ၏ကောင်းကွက် အမူအရာ၊   အပြောအဆိုကို အဖန်တလဲလဲ ပြန်မြင် ယောင်ဆင်ခြင်ပြီး   အဆိုးဘက်ကို    မမြင်အောင် နေလိုက်ခြင်းကပင် ဒေါသကို အထိုက်အလျောက် ပြေပျောက်နိုင်ပါသည်။ 
ဝိသုဒ္ဓိမဂ်တရား၏  အကျိုးကျေးဇူးများကြောင့် ကျွန်တော်တို့ မေတ္တာပွားနည်း ကမ္မဋ္ဌာန်း စီးဖြန်း ပုံများ   သိနားလည်ခွင့်ရခဲ့ကြသည်။   ထိုထိုပွားနည်း အတိုင်း အဖန်တလဲလဲ မေတ္တာပို့ခြင်းဖြင့် အမျက် ဒေါသကို ပြေငြိမ်းပယ်ဖျောက်နိုင်ပါသည်။ မသိနား မလည်လို့ ဒေါသထွက်သူကို ပိုသိ၊  ပိုနားလည် ပညာပိုတတ်သူက ဒေါသဖြင့်ပြန်လည် တုံ့ပြန်မိက လည်း သူ့ထက်ပင် သာ၍ယုတ်မာသူ ဖြစ်သွားနိုင် သည်။ ထိုသဘောကိုလည်း သတိချပ်သင့်သည်။ တစ်ခါတစ်ရံ   ပြင်းစွာ    ဒေါသထွက်နေသူအပေါ် ဘာမှပြန်မပြောဘဲ    နေလိုက်ခြင်း၊     နေရာမှ ရှောင်ထွက်သွားခြင်းက ကိုယ့်အတွက်၊ သူ့အတွက် ဒေါသ လျော့ပါးသွားတတ်သည်ကို မကြာခဏကြုံဖူး သည်။ တစ်ခါတစ်ရံ  သူ့ကိုကြည့်ပြီး အလိုလို ဒေါသ ထွက်နေတာမျိုး၊ သူက ဘာမှ လုပ်နေတာမဟုတ် ကိုယ့်ကြောင့်     ကိုယ့်ဒုက္ခ  ကိုယ်ဖြစ်နေတာမျိုးလည်း  ရှိတတ်သည်။  သူကိုယ်တိုင်က   ကိုယ့်ကိုဒုက္ခအမျက်       မထွက် ထွက်လာအောင်  လာဆွပေးနေသလိုမျိုး   မြင်သင့် သည်။
ပညာဉာဏ်ဖြင့်ဆင်ခြင်၍
ကိုယ့်ဆီမှာ ဒေါသအမျက်မထွက်ပေါ်အောင် ဆင်ခြင်ရန်  တရားသဘောများစွာ ရှိပါသည်။ ဒေါသ ကို ချေဖျက်မည့် ပညာဉာဏ်များပင်ဖြစ်သည်။ မိမိ တို့သည် အမှန်တကယ် ကံတရား၏   အမွေခံများ မဟုတ်ပါလား၊ ကံသာလျှင်   ဆွေမျိုး    ကံသာလျှင် အားကိုးရာ ဖြစ်ပါသည်။ ဒေါသထွက်သောသူသည် အတိတ်ကံကြောင့်သာ  ဖြစ်နေရသည်။  ယခုလို ပြုမိသော   အကုသိုလ်ကံကြောင့်   အထူးသဖြင့် ကိလေသာစင်ကြယ်သော သီလ၊ သမာဓိ၊   ပညာ ပြည့်စုံသောသူများအပေါ်တွင် ပြုမိမှားမှုကြောင့် ယခုဘဝ နောင်ဘဝ   သူ့ခမျာ   မကောင်းကျိုးများ ပြန်ခံရပေဦးမည်။   သနားစရာအဖြစ်သာ    မြင်မိ တော့သည်။ ကိုယ်လည်း   ဒီလိုကြားရ၊    မြင်ရ စိတ်မချမ်းသာ ဖြစ်ရခြင်းသည်လည်း အတိတ်ကံ မကောင်းခဲ့လို့ဟူသော ဆင်ခြင်မှုများသည်    ကုသိုလ် အတွက် လွန်စွာအထောက်အကူ ဖြစ်ပါသည်။
မိမိတို့ ယခုဘဝမှာ တွေ့ဆုံရသူအချင်းချင်းသည် သံသရာတစ်လျှောက် ဆွေမျိုးတော်စပ်ခဲ့ကြဖူးသူ များဟုလည်း ဆင်ခြင်မိပါသလား၊ အမှန်ပင် မိမိတို့ သည် သံသရာတစ်လျှောက် ဆွေမျိုးတော်စပ်ခဲ့ကြဖူး ပါသည်။ မိခင်၊ ဖခင်မဖြစ်ဖူးသူ၊ ညီအစ်ကို မောင်နှမ မဖြစ်ဖူးသူ၊ သားသမီး မဖြစ်ဖူးသူဟူ၍ မရှိပါ၊ အပြန် အလှန်ကျေးဇူးပြုခဲ့ဖူးကြ၍ ယခုဘဝ ပြန်ဆုံကြခြင်း သာဖြစ်သည်။   ထိုသို့ဆင်ခြင်မိလျှင်     မိမိကစ၍ အမျက်ထွက်ရန်မသင့်တော့ဘဲ   သူအမျက်ထွက်သည် ကိုလည်း   သည်းခံခွင့်လွှတ်သွားနိုင်မည်ဖြစ်သည်။
တရားသဘောဖြင့် ဆင်ခြင်ခြင်းကိုက ကုသိုလ် များစွာ ရနေပါသည်။ ပရမတ် သဘောဖြင့်ဆင်ခြင် လျှင် အမှန်မှာ ခန္ဓာငါးပါး၊  ရုပ်နမ်နှစ်ပါးသာရှိသည်။ ဘယ်လိုမှ အစိုးမရသော အမြင်၊ အသံ၊  အနံ့ စသည့် အာရုံရုပ်များနှင့် စက္ခု၊  သောတ စသည့် ပသာဒ ရုပ်များအကြောင်း တိုက်ဆိုင်မိ၍ ဖြစ်ပေါ်လာသော မြင်သိစိတ်၊ ကြားသိစိတ်များနှင့်အတူ ယဉ်တွဲပါလာ သော စိတ်ခံစားမှုများ စိတ်မချမ်းသာမှု ၊ ချမ်းသာမှု စသည်များသည်  ဒုက္ခသဘောသာဖြစ်သည်။ ဆိုလို သည်မှာ   ပြင်ပအာရုံကလည်း  ကိုယ်အစိုးမရသည့် အကြောင်းတရား၊  ကိုယ်မျက်စိ၊  နား၊  နှာခေါင်း၊  လျှာတို့ကလည်း အတိတ်ကံကြောင့် ရရှိလာသည့် ရုပ်များသာ၊    ဤအကြောင်းတရားတွေကြောင့် ဖြစ်လာရသည့် အကျိုးတရားကား     ဒေါမနဿ၊ ဘာမှမပိုင်၊    အစိုးမရတာချင်း   တိုက်ဆိုင်မိ၍သာ ဖြစ်လာရသည့် ဤဒေါသသည်လည်း ကိုယ်မပိုင်ပါ၊ ကြားသည့်ခဏ  ထိမိသည့်ခဏမှာ  ဖြစ်လာသည့် ဒေါသလည်း  ခဏပါပဲ၊ ကိုယ့်ဆီမှာ ဘာမှမတည်၊  ဘာမှမမြဲ၊ အနိစ္စသဘောကို   လေ့ကျင့်အားထုတ် ထားသူအဖို့ဖြစ်ပြီး   ပျက်သွားတာပါပဲ။  ဒီလိုတရား သဘောတွေကို    မိမိကြားခိုက်၊   မြင်ခိုက်ခဏမှာ အနိစ္စသဘော၊  အနတ္တသဘောကို ပညာဉာဏ်ဖြင့် ဆင်ခြင်ခြင်းဖြင့် ဒေါသကို ဒေါသမှန်း ချက်ချင်းသိပြီး ကုသိုလ်တွေသာ တိုး၍တိုး၍   ရနေပါတော့သည်။ မဆင်ခြင်မိ၍ စိတ်ထဲမှာ တနုံ့နုံ့တွေးရင်း တွေးရင်း နှင့်မူ   အကုသိုလ် ဒေါသဇောတွေသာ   ဆင့်၍ဆင့်၍ လိုက်ပါနေမည်ဖြစ်သည်။
လူဟူသော   ပုထုဇဉ်မှာ   ဒေါသဟိတ်သည် အကုသိုလ် ရေသောက်မြစ်  ဟိတ်ခြောက်ပါး အနက် တစ်ခုအပါအဝင်ဖြစ်သည်။ တချို့က  ဒေါသဖြစ်တာ သည် ပုံမှန်စိတ်တစ်ခုဟုလည်း အယူရှိကြသည်။ သို့သော် ဗုဒ္ဓမြတ်စွာဘုရားက ကံ၊ ကံ၏ အကျိုး တရားနှင့်ယှဉ်၍ အကြောင်းနှင့် အကျိုးဆက်စပ်ထား သည်ဖြစ်ရာ  ထိုဆက်စပ်မှုကို မကောင်းမှုအဖြစ် သံသရာမှာ   ပါမသွားရလေအောင် လျှော့ချတားဆီး ရမည်သာ ဖြစ်ပါသည်။ လိုချင်တာကို   ရဖို့ဆိုလျှင် ဒေါသကိုရှေ့မထားသင့်၊ သို့မှသာ မိမိစိတ်ငြိမ်းချမ်း မှာဖြစ်ပြီး ထိုမှတစ်ဆင့် မိမိပတ်ဝန်းကျင်၊   မိမိ လူ့အဖွဲ့အစည်းနှင့်   လောကကြီးအထိ ငြိမ်းချမ်း အောင်လုပ်နိုင်မှာ ဖြစ်သည်။ 
အတွင်းမီး      မငြိမ်းသရွေ့တော့        ပြင်ပအပူကို အေးစေနိုင်မည်မဟုတ်ပါ။   အတွင်းရန်       အောင်မှ အပြင်ရန်အောင်ပါမည်။  တစ်ခဏလေးပဲဖြစ်ဖြစ် ပယ်သတ်နိုင်အောင်   ကြိုးစားပေးပါ။    တစ်ခဏ ဒေါသတောင်   မပယ်နိုင်သူသည်   ကမ္ဘာဖျက် လက်နက်ခလုတ်ကိုနှိပ်မိလျှင်  အဘယ်သို့ဖြစ်မည် နည်း...စဉ်းစားကြည့်ပါ၊။    ထို့ကြောင့်  ဒေါသက လူသတ်လက်နက်ထက် ပို၍ဆိုးသည်ဟုဆိုခြင်း ဖြစ်သည်။ သို့ဖြစ်၍ ကျွန်တော်တို့အားလုံး  မီးကို မီးဖြင့် အနိုင်မယူဘဲ မေတ္တာအအေးဓာတ်ဖြင့်သာ ငြိမ်းအောင်ကြိုးစားကြရအောင်သာ   မေတ္တာဖြင့် မျှဝေလိုက်ရပါသည်။      ။