ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲအခမ်းအနားကျင်းပ

 

နေပြည်တော်   မတ်    ၂၂
ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ     အသိပညာပေး ဆွေးနွေးပွဲအခမ်းအနားကို   ယနေ့   မွန်းလွဲပိုင်းက နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း/ အမှုထမ်းများတက်ရောက်ကြပြီး ဟိုတယ်နှင့်ခရီး သွားညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးနှင့်ပြည်နယ် ရုံးခွဲများမှ အရာထမ်း/ အမှုထမ်းများက   Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
အခမ်းအနားတွင်      ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ပြည်သူ့စစ်မှုထမ်းဥပဒေ နှင့်စပ်လျဉ်းပြီး    လူမှုကွန်ယက်စာမျက်နှာများ၌ မဟုတ်မမှန်သတင်းတု၊ သတင်းမှားများ   ဖြန့်ဝေ ရေးသားနေသည့်အတွက် ဝန်ထမ်းများ အယုံမလွယ် စေရန် ယနေ့အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ပေး ခြင်းဖြစ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်း ဥပဒေမှာ ယခုလတ်တလော အသစ်ပြဋ္ဌာန်းလိုက်သော ဥပဒေ မဟုတ်ဘဲ  မြန်မာနိုင်ငံ  လွတ်လပ်ရေးရပြီးနောက် ၁၉၅၉ ခုနှစ်က  ပြဋ္ဌာန်းခဲ့ပြီး   နိုင်ငံတော်အေးချမ်း သာယာရေးနှင့်   ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ် (၂၇/၂၀၁၀)ဖြင့် ပြန်လည်ပြင်ဆင်ပြဋ္ဌာန်းခဲ့ပါကြောင်း၊ ယခုအခါတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀  ရက်မှစ၍ ယင်းပြည်သူ့ စစ်မှုထမ်းဥပဒေကို   အာဏာတည်ကြောင်းကိုသာ အမိန့်ထုတ်ပြန်ခဲ့ပါကြောင်း၊ မိမိတို့နိုင်ငံတွင်သာမက ကမ္ဘာ့နိုင်ငံကြီးများတွင်လည်း   ပြည်သူ့စစ်မှုထမ်း ဥပဒေကို လက်တွေ့ကျင့်သုံးလျက်ရှိပါကြောင်း။
နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ် အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကိုစောင့်ထိန်းရန် တာဝန်ရှိပါကြောင်း၊ ယင်းအပြင် စစ်ပညာသင်ကြားရန်နှင့် လိုအပ်ပါက နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင် ရန် အဆင်သင့်ဖြစ်နေရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်‌ရေး၊ နိုင်ငံတော်၏ စီးပွားရေး၊ လုံခြုံ ရေးတို့ကို ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်လာစေရေး အတွက်   နိုင်ငံသားများအားလုံးတွင်   တာဝန်ရှိပါ ကြောင်း။
ဝန်ထမ်းများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေ ဆိုင်ရာအချက်အလက်များကို တရားဝင်ထုတ်ပြန် သည့် သတင်းဌာနများ၏ ထုတ်ပြန်ချက်များ၌သာ လေ့လာကြရန်   လိုအပ်ပါကြောင်း၊   ထို့အတွက် ယနေ့ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ပေးခြင်း  ဖြစ်ပါ ကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်အစိုးရနှင့် ဝန်ကြီးဌာနက ထုတ်ပြန်ထားရှိသောဥပဒေ၊ စည်းမျဉ်း စည်းကမ်းများကို  လိုက်နာပြီး နိုင်ငံအကျိုး၊ ဝန်ကြီး ဌာနနှင့် ပြည်သူ့အကျိုးအတွက်    ဦးလည်မသုန် ကြိုးပမ်းဆောင်ရွက်သွားကြရန်      တိုက်တွန်း ပြောကြားသည်။
ထို့နောက်    ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် က ပြည်သူ့စစ်မှုထမ်းဥပဒေပါ သိကောင်းစရာများ၊ ပြည်သူ့စစ်မှုထမ်းစနစ် ကျင့်သုံးရခြင်း၏ ရည်ရွယ် ချက်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေပါ အချက်အလက် များအား အသေးစိတ်ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။                                        သတင်းစဉ်