
နေပြည်တော် မတ် ၂၈
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့မွန်းလွဲပိုင်းတွင် ဟိုတယ်၊ မိုတယ်၊ တည်းခို ရိပ်သာများတွင် ခရီးသွားဧည့်သည်များ စနစ်တကျ တည်းခိုနေထိုင်စေရေး နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် ရုံးခွဲတာဝန်ခံများနှင့် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ဝန်ကြီးဌာန နီလာခန်းမ၌ တွေ့ဆုံသည်။
ပြသအစစ်ဆေးခံရမည်
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပြည်တွင်း ခရီးသွားဧည့်သည်များအနေဖြင့် ခရီးစဉ်ဒေသများသို့ သွားလာလည်ပတ်သည့်အခါတွင် လည်းကောင်း၊ တည်းခိုနေထိုင်ရာတွင်လည်းကောင်း ဧပြီ ၁ ရက်မှ စတင်၍ နိုင်ငံသားကတ်(မှတ်ပုံတင်)များ ပြသ အစစ်ဆေးခံရမည်ဖြစ်ကြောင်း၊ သို့ဖြစ်ရာ တိုင်းဒေသကြီး/ ပြည်နယ်များရှိ ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများသို့ လာရောက်တည်းခိုမည့် ပြည်တွင်းခရီးသွားများကို နိုင်ငံသားကတ် (မှတ်ပုံတင်)များဖြင့် လက်ခံနိုင်ရေးအတွက် ရုံးခွဲ တာဝန်ခံများအနေဖြင့် အထူးကြပ်မတ်ဆောင်ရွက် သွားကြရန်နှင့် ခရီးသွားဧည့်သည်များ တည်းခို နေထိုင်သည့် စာရင်းအင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရေးအတွက် ဧည့်စာရင်း စီမံခန့်ခွဲမှုစနစ် (Guest List Management System-GLMS) ကိုလည်း တိုင်းဒေသကြီး/ ပြည်နယ်များ အားလုံးတွင် ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးကြရေး ကြပ်မတ်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
ခရီးစဉ်ဒေသများသို့ သွားရောက်လည်ပတ် လျက်ရှိသော ခရီးသွားဧည့်သည်များတွင် မသန်စွမ်း ခရီးသွားဧည့်သည်များလည်း ပါဝင်လျက်ရှိရာ အဆိုပါခရီးသွားဧည့်သည်များ အဆင်ပြေစွာ သွားလာလည်ပတ်နိုင်ရေးအတွက် လွယ်ကူချောမွေ့စွာ သွားလာနိုင်သော ခရီးသွားလုပ်ငန်း(Accessible Tourism)၊ အတားအဆီးမဲ့ သွားလာနိုင်သော ခရီးသွားလုပ်ငန်း (Barrier Free Tourism) တို့ကို ဖွံ့ဖြိုးတိုးတက်ရေး အားပေးဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။
ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံရှိ ခရီးစဉ် ဒေသအချို့တွင် မသန်စွမ်းခရီးသွားပြည်သူများ အတွက် သွားလာရာတွင် အဆင်ပြေစေရန် ဆောင်ရွက်ထားမှုအချို့ရှိခဲ့ပြီးဖြစ်ရာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အတားအဆီးမဲ့ ခရီးသွားလာ နိုင်ရေး ရှေ့ပြေးစီမံကိန်း (Myanmar Barrier Free Tourism Pilot Project) ကို ရေးဆွဲဆောင်ရွက်ရန် ပြင်ဆင်လျက်ရှိပါကြောင်း၊ ရုံးခွဲတာဝန်ခံများအနေ ဖြင့် ခရီးစဉ်ဒေသအားလုံးတွင် အဆိုပါစီမံကိန်း ဖော်ဆောင်နိုင်ရေးအတွက် စီမံချက်များ ရေးဆွဲ တင်ပြသွားရန် လိုအပ်ပါကြောင်း၊ မကြာမီ နိုင်ငံ တကာ ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်တော့ မည်ဖြစ်သည့်အတွက် နိုင်ငံတကာခရီးသွား ဧည့်သည်များ တည်းခိုနေထိုင်မည့် ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများနှင့် Quarantine ဟိုတယ် များအားလုံး အမျိုးသားအဆင့် ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ အသိအမှတ်ပြုလက်မှတ် (HSP) များ လျှောက်ထားရယူနိုင်ရေးအတွက် တွန်းအားပေး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာ ကြသော တိုင်းဒေသကြီး/ ပြည်နယ် ရုံးခွဲတာဝန်ခံ များက မိမိတို့နှင့် သက်ဆိုင်သည့်ကဏ္ဍအလိုက် အသီးသီးဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီး က လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်