
ဟိုင်းကြီးကျွန်း မတ် ၁၃
ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ကြာကန်ကျေးရွာ ပင်လယ်ကမ်းခြေ၌ ဟိုင်းကြီးကျွန်းမြို့ အမှတ်(၃)ရပ်ကွက် အဏ္ဏဝါ ကျေးရွာနေ ဦးမြင့်လွင်က ကမ်းဆွဲပိုက်ဖြင့် ငါးဖမ်းလုပ်ငန်းဆောင်ရွက်နေစဉ် လင်းပိုင် ၁၅ ကောင်အား ငါးဖမ်းပိုက်တွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်းဖမ်းဆီးရမိခဲ့သော လင်းပိုင် ၁၅ ကောင်အား မွန်းလွဲ ၂ နာရီ ၅ မိနစ်တွင် ပင်လယ်ပြင်သို့ ချက်ချင်းပြန်လွှတ်ပေးနိုင် ခဲ့ပြီး ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
အဆိုပါလင်းပိုင်များသည် သဘာဝရေမှော်များအားလာရောက်စားသုံးစဉ် ငါးဖမ်းပိုက်၌ ဖမ်းဆီး မိခဲ့ခြင်းဖြစ်ပြီး ထိုသို့ဖမ်းဆီးရမိမှုများ ထပ်မံမဖြစ်ပေါ်စေရန်အတွက် ကြာကန်ကမ်းခြေအား မော်တင်စွန်း ဘုရားပွဲတော်ကာလအတွင်း ငါးမဖမ်းဆီးရနယ်မြေအဖြစ် ကန့်သတ်တားမြစ်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ဟိုင်းကြီးကျွန်းမြို့ ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူများထံမှ သိရသည်။
လှိုင်မျိုးအောင် (ပြန်/ဆက်)