ဟားခါးမြို့ရှိ အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ဟားခါး  စက်တင်ဘာ  ၄

ချင်းပြည်နယ်ဝန်ကြီးချုပ်  ဦးငွန်ဆန်းအောင်နှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက ဟားခါး မြို့ရှိ   ပြည်သူ့ဆေးရုံဝင်းအတွင်း  တည်ဆောက်လျက် ရှိသည့် အောက်ဆီဂျင်စက်ရုံတည်ဆောက်မှုအခြေ အနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ  ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝမ္မသူးမောင်အားကစားကွင်းသို့ ရောက်ရှိရာ မီတာ  (၄၀၀) ပြေးလမ်း  Synthetic   ခင်းခြင်းလုပ်ငန်း ဆောင်ရွက်မှုအဆင့်ဆင့်နှင့်   ပြီးစီးမှုအခြေအနေ များကို  တာဝန်ရှိသူများက  ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က  အသုံးပြုသည့်ပစ္စည်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ   ဆောင်ရွက်ရေး၊ သတ်မှတ်ကာလအတွင်းလုပ်ငန်းများ ပြီးစီးအောင် ဆောင်ရွက်ရေးတို့ကို   မှာကြားခဲ့ပြီး     မီတာ  ၄၀၀ ပြေးလမ်းဆောင်ရွက်မှုအခြေအနေကို ကြည့်ရှုစစ်ဆေး သည်။


အဆိုပါ ဝမ္မသူးမောင် အားကစားကွင်း မီတာ ၄၀၀  ပြေးလမ်းခင်းခြင်းလုပ်ငန်းကို     ၂၀၂၀−၂၀၂၁ ဘဏ္ဍာနှစ်တွင်  ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေကျပ် ၁၀၂၉ သန်းဖြင့် REVA Co.Ltd က    တာဝန်ယူ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။     


ဆက်လက်၍  ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ သည် ၂၀၂၀−၂၀၂၁  ဘဏ္ဍာနှစ်    ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေကျပ် ၂၉၄ ဒသမ ၁ သန်းဖြင့် သူရလင်းကုမ္ပဏီ က တာဝန်ယူဆောင်ရွက်သည့် ကီယိုမန်း အားကစား ကွင်း (၄၀၀ X  ၃၀၀)ပေ    အဆင့်မြှင့်တင်ခြင်း      လုပ်ငန်းခွင်သို့ ရောက်ရှိရာ  တာဝန်ခံအင်ဂျင်နီယာက လုပ်ငန်းဆောင်ရွက်မှုအခြေအနေကို   ရှင်းလင်း တင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟားခါးမြို့ပြည်သူ့ဆေးရုံဝင်းအတွင်း တစ်ရက်လျှင် လီတာ ၄၀ ဆံ့    အောက်ဆီဂျင်အိုး    အလုံး ၂၀၀  ထုတ်လုပ်နိုင်မည့် အောက်ဆီဂျင် စက်ရုံတည်ဆောက် နေမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးရာ စက်ရုံဆောက်လုပ်ရေးတာဝန်ခံက လုပ်ငန်းဆောင်ရွက် မှုအခြေအနေကို လိုက်လံရှင်းလင်းပြသပြီး ပြည်နယ် ဝန်ကြီးချုပ်က  လိုအပ်ချက်များ   ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပြည်သူ့ဆေးရုံတွင် တပ်မတော်က လှူဒါန်းတပ်ဆင် သည့် အောက်ဆီဂျင်ထုတ်သည့်စက်မှ တစ်ရက်လျှင် လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အလုံး ၃၄ လုံး ထုတ်လုပ် နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း   သိရ သည်။      

                           

      ခရိုင်(ပြန်/ဆက်)