
တိုကျို စက်တင်ဘာ ၆
ဧပြီလအတွင်းက ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါ အနီးသို့ ပေါက်ကွဲစေတတ်သည့် ဖောက်ခွဲရေး ပစ္စည်းကို ပစ်ပေါက်ခဲ့သည့် သံသယရှိသူ အမျိုးသား ကို အစိုးရရှေ့နေများက စွဲချက်တင်ခဲ့သည်ဟု သိရသည်။ ဝါကာယာမာခရိုင် အစိုးရရှေ့နေရုံးက အသက် ၂၄ နှစ်အရွယ် ကီမူရာယူဂျီ အား စက်တင် ဘာ ၅ ရက်တွင် စွဲချက်တင်ခဲ့သည်။
ကီမူရာယူဂျီသည် ဂျပန်နိုင်ငံအနောက်ပိုင်း ဝါကာယာမာမြို့ ငါးဖမ်းဆိပ်ကမ်း၌ ဂျပန်ဝန်ကြီး ချုပ် ကီရှီဒါ၏အနီးသို့ ဖောက်ခွဲရေးပစ္စည်း ပစ်ပေါက်ခဲ့သည်ဟု ရှေ့နေများက စွပ်စွဲထားသည်။ ကီရှီဒါသည် ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံး မှုအတွက် မိန့်ခွန်းပြောကြားရန် အဆိုပါဒေသသို့ရောက်ရှိနေခြင်းဖြစ်သည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း လူနှစ်ဦးဒဏ်ရာ ရရှိခဲ့ပြီး ကီမူရာကိုမူ အခင်းဖြစ်ပွားရာနေရာတွင်ပင် ဖမ်းမိခဲ့သည်။ အဆိုပါ ဖောက်ခွဲရေးပစ္စည်းသည် လူသေဆုံးမှု သို့မဟုတ် ဒဏ်ရာရရှိမှုကို ဖြစ်စေနိုင် သည်ဟု စုံစမ်းစစ်ဆေးမှုများအရ အတည်ပြုထား သည်။ ၎င်းကိုသုံးလကြာ စိတ်ပိုင်းဆိုင်ရာအကဲဖြတ် မှုများပြုလုပ်ပြီးနောက် ၎င်းမှာ ရာဇဝတ်မှုအရ စွဲချက်တင်နိုင်ကြောင်း ရှေ့နေများက ဆုံးဖြတ်ခဲ့ သည်။ ၎င်းမှာ ဖမ်းဆီးခံရပြီးသည့် အချိန်မှစကာ နှုတ်ဆိတ်နေခဲ့သည်ဟု သိရသည်။
အင်န်အိတ်ချ်ကေ