ဂျပန်နိုင်ငံ၌ ပြည်ပအလုပ်သမားဦးရေ နှစ်သန်းကျော်အထိရှိလာ

 

တိုကျို   ဇန်နဝါရီ   ၂၆


ဂျပန်နိုင်ငံ၌  ၂၀၂၃ ခုနှစ် အောက်တိုဘာလအထိ ပြည်ပအလုပ်သမားဦးရေ  နှစ်သန်းကျော်အထိ ရောက်ရှိလာခဲ့ကြောင်း   ဇန်နဝါရီ  ၂၆  ရက်က အစိုးရ၏    ထုတ်ပြန်ချက်များအရ     သိရပြီး သက်ကြီးရွယ်အို များပြားလာမှုကြောင့် ပြည်တွင်း အလုပ်သမားရှားပါးမှုကို    ရင်ဆိုင်နေရကြောင်း  ဖော်ပြထားသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလကုန်အထိ  ပြည်ပအလုပ်သမားဦးရေ  ၂၀၄၈၆၇၅  ဦး  အထိ စံချိန်တင်ရောက်ရှိခဲ့ပြီး ယခင်နှစ်ထက် ၂၂၅၉၅၀ (၁၂ ဒသမ ၄ ရာခိုင်နှုန်း) အထိ   တိုးလာကြောင်း အလုပ်သမားဝန်ကြီးဌာနက ဇန်နဝါရီ ၂၆ ရက်တွင် ထုတ်ပြန်လိုက်သည်။ နိုင်ငံအလိုက် လုပ်သားဦးရေ အားဖြင့် ဗီယက်နမ်နိုင်ငံသား ၅၁၈၃၆၄ ဦး၊ တရုတ် နိုင်ငံသား  ၃၉၇၉၁၈   ဦးနှင့်   ဖိလစ်ပိုင်နိုင်ငံသား ၂၂၆၈၄၆ ဦးရှိပြီး အင်ဒိုနီးရှား အလုပ်သမားဦးရေမှာ ၅၆   ရာခိုင်နှုန်းရှိသဖြင့်   တစ်နှစ်ထက်တစ်နှစ်   တိုးတက်မှုနှုန်းအမြင့်ဆုံးဖြစ်ကာ   မြန်မာနိုင်ငံမှ ၄၉ ဒသမ ၉ ရာခိုင်နှုန်းနှင့် နီပေါနိုင်ငံမှ ၂၃ ဒသမ ၂ ရာခိုင်နှုန်းရှိသည်။


ဂျပန်နိုင်ငံတွင် အလုပ်လုပ်နိုင်သော အသက် အရွယ် လူဦးရေနည်းပါးနေချိန်တွင် လုပ်ငန်းများ လုပ်ကိုင်ရန်အတွက်  ပြည်ပအလုပ်သမားများကို မှီခိုအားထားနေရသောကြောင့်   လုပ်ငန်းခွင်များ တွင် နိုင်ငံခြားသား လုပ်သားဦးရေ ၆ ဒသမ ၇ ရာခိုင်နှုန်း     မြင့်တက်လာခဲ့သည်။   နောက်ဆုံး ထုတ်ပြန်သည့်စာရင်းဇယားများအရ ကုန်ထုတ်လုပ် မှုကဏ္ဍတွင်  နိုင်ငံခြားလုပ်သားဦးရေအများဆုံး ဖြစ်ပြီး ယင်း၏နောက်တွင် ဝန်ဆောင်မှုနှင့်လက်လီ လုပ်ငန်းတို့လည်း ပါဝင်သည်။ တိုကျိုမြို့တွင်  နိုင်ငံ ခြားသား  အလုပ်သမားဦးရေအများဆုံး ၅၄၂၉၉၂ ဦးရှိပြီး  ဂျပန်အလယ်ပိုင်းရှိ   အအိချိစီရင်စုတွင်  ၂၁၀၁၅၉ ဦးနှင့် နိုင်ငံအနောက်ဘက်ရှိ  အိုဆာကာ စီရင်စုတွင် လူ ၁၄၆၃၈၄ ဦး ရှိသည်။      

ဆင်ဟွာ
အင်န်အိတ်ချ်ကေ