
ကင်ဘာရာ မေ ၂၇
ကုန်သွယ်မှု သဘောတူစာချုပ်အသစ်များ သည် ဂျပန်နိုင်ငံရှိ စိုက်ပျိုးမွေးမြူရေး ကုန်စည်အချို့အတွက် ဩစတြေးလျ၏ အကောက်ခွန်နှုန်းဆိုင်ရာ အားသာချက် များကို လျော့ကျစေရာ ယခုအခါ သြစတြေးလျ ပို့ကုန်လုပ်ငန်းရှင်များ အနေဖြင့် ၎င်းတို့၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန် ယခင်ကထက် ပိုအရေးကြီး လာကြောင်း သိရသည်။
သဘောတူစာချုပ် အသစ်များဖြစ် သည့် သြစတြေးလျ- အိန္ဒိယ ဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်နှင့် သြစတြေးလျ-ဗြိတိန် လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက်များက ဩစတြေးလျ ၏ စိုက်ပျိုးရေးကုန်သွယ်မှုတိုးတက်မှု ကို အထောက်အကူဖြစ်စေနိုင်ပြီး JAEPA သည် ဩစတြေးလျ ပို့ကုန်လုပ်ငန်းရှင် များကို ဩစတြေးလျ၏ အကြီးဆုံးစိုက်ပျိုးမွေးမြူရေးပို့ကုန် သုံးခုဖြစ်သည့် အမဲ သား၊ ဒိန်ခဲနှင့် ဝိုင်တို့အတွက် ယှဉ်ပြိုင် နိုင်သည့် အခွင့်ကောင်းပေးစွမ်းခဲ့သည်။ သို့သော်လည်း ဂျပန်နိုင်ငံ၏ FTAs အသစ် များကြောင့် ဩစတြေးလျနိုင်ငံ၏ အကောက်ခွန်နှင့် ခွဲတမ်းနှုန်း အားသာ ချက်များမှာ လျော့နည်းလာခဲ့သည်။
ဂျပန်နိုင်ငံ အမဲသားဈေးကွက်ရှိ ဩစတြေးလျ၏ဝေစုသည် ပမာဏအား ဖြင့် ၂၀၁၈ တွင် ၅၁ ဒသမ ၃ ရာခိုင်နှုန်း မှ ၂၀၂၁ခုနှစ်တွင် ၄၀ ဒသမ ၁ ရာခိုင်နှုန်း သို့ လျော့ကျသွားသည်။ ဒိန်ခဲတွင်လည်း JAEPA အပြင် အီးယူး နယူးဇီလန်နှင့် အမေရိကန်နိုင်ငံတို့က ဂျပန်နိုင်ငံသို့ တင်ပို့မှုအတွက် ကုန်သွယ်ရေးသဘော တူညီချက်များ ရရှိထားပြီးဖြစ်သည်။ JAEPA အရ လက်မှတ်ရေးထိုးစဉ် ကတည်းက ဩစတြေးလျဝိုင်များသည် ဂျပန်ဈေးကွက်တွင် အကောက်ခွန် ကင်းလွတ်ခွင့်ရရှိနေပြီဖြစ်ပြီး ဂျပန်နိုင်ငံ သို့ ဝိုင်တင်ပို့မှုသည် ၂၆ ဒသမ ၆ ရာခိုင်နှုန်း တိုးလာပြီး ၂၀၁၄ ခုနှစ်တွင် ဒေါ်လာ ၄၀ ဒသမ ၄ သန်းမှ ၂၀၂၁ ခုနှစ်တွင် ၅၁ ဒသမ ၂ သန်းအထိ တိုးလာခဲ့ကြောင်း သိရ သည်။
လက်ရှိတွင် အီးယူ၊ ချီလီနှင့် သြစတြေးလျတို့က ဝိုင်ကို အကောက်ခွန် သုညရာခိုင်နှုန်းဖြင့် ဂျပန်နိုင်ငံသို့ တင်ပို့ လျက်ရှိသည်။ ယင်းက အမေရိကန်၊ တောင်အာဖရိကနှင့် အာဂျင်တီးနားတို့ ကဲ့သို့ ပြိုင်ဘက်များထက် သာလွန် ကောင်းမွန်စေပြီး ဩစတြေးလျဝိုင်သည် ဂျပန်နိုင်ငံတွင် ထူးထူးခြားခြား ထုတ်ကုန် တစ်ခုအဖြစ် ရှိနေသေးကြောင်း သိရသည်။