
တိုကျို ဇန်နဝါရီ ၇
ဂျက်စတာဂျပန် လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းသည် ဗုံးတပ်ဆင်ထားသည်ဟူသော ခြောက်လှန့်မှုကြောင့် ဂျပန်နိုင်ငံ အလယ်ပိုင်း အိုင်ချီခရိုင်လေဆိပ်တွင် အရေးပေါ်ဆင်းသက်မှုပြုလုပ် ခဲ့ရကြောင်း သိရသည်။
နာရီတာလေဆိပ်သို့ ဦးတည်ပျံသန်း
ဇန်နဝါရီ ၇ ရက် နံနက် ၇နာရီ မိနစ် ၃၀တွင် ချူဘူးလေဆိပ်တွင် အရေးပေါ်ဆင်းသက်ခဲ့ရသည်။ အဆိုပါလေယာဉ်မှာ တိုကျိုမြို့အနီး နာရီတာလေဆိပ်သို့ ဆင်းသက်ရန် ဦးတည်ပျံသန်းခဲ့ခြင်း ဖြစ်သည်။ လေယာဉ်ပေါ်တွင် ခရီးသည် ၁၃၆ ဦးနှင့် လေယာဉ်အမှုထမ်း ခြောက်ဦးလိုက်ပါလာသည်။ ခရီးသည်များမှာ အရေးပေါ်ထွက်ပေါက်မှ ထွက်ခဲ့ရသည်။ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်စဉ် ငါးဦး ဒဏ်ရာရရှိခဲ့သည်ဟု လေဆိပ်အာဏာပိုင်များက ပြောသည်။
ဂျာမနီမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့
နံနက် ၆နာရီ မိနစ် ၂၀ဝန်းကျင်တွင် ဂျာမနီမှ ဖုန်းခေါ်ဆိုမှုကို နာရီတာ လေဆိပ်မှ လက်ခံရရှိခဲ့ကြောင်း သတင်းအရင်းအမြစ်တစ်ခုက ပြောသည်။ ဂျက်စတာလေယာဉ်ပေါ်ရှိ ကုန်တင်ခန်းတွင် ၁၀၀ ကီလို ဂရမ် ပလတ်စတစ်ဗုံး တပ်ဆင်ထားကြောင်း အမျိုးသားတစ်ဦးက အင်္ဂလိပ်ဘာသာစကားဖြင့် ပြောကြားခဲ့သည်။
သံသယဖြစ်ဖွယ် မတွေ့ရှိရသေး
ဖုန်းခေါ်ဆိုသူသည် မန်နေဂျာနှင့်စကားပြောရန်တောင်းဆိုခဲ့ပြီး ၎င်း၏ စေခိုင်းချက်အတိုင်းမလုပ်ပါက ဗုံးဖောက်ခွဲပစ်မည်ဟု ပြောသည်။ သို့သော်လည်း ယခုအချိန်အထိ လေယာဉ်ပေါ်တွင် သံသယဖြစ်ဖွယ် အရာဝတ္ထု မတွေ့ရှိရသေးကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ ယင်းဖြစ်ရပ်ကြောင့်လေဆိပ်တွင် ပြေးလမ်းပိတ်ထား ခဲ့ရပြီး လေဆိပ်လုပ်ငန်းဆောင်တာများကို နာရီအနည်းငယ်ကြာမှ ပြန်လည် လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ