ဂျပန်နိုင်ငံက ရွာလေးတစ်ရွာလို ဖန်တီးပေးထားတဲ့ ပြင်ဦးလွင်မြို့နယ်မှ Japanese Style Recreation Center

 

ယဉ်လာဒ်၊ ဓာတ်ပုံ- ပြည့်ဖြိုးကျော်

အေးချမ်းလှပတဲ့ တောင်လှေကားမြို့တော်လို့ ခေါ်ဆိုကြတဲ့ ပြင်ဦးလွင်မြို့ဟာ ခရီးသွားမြို့တော်တစ်ခုဖြစ်ပြီး ပြည်တွင်းပြည်ပဧည့်သည်တွေ အများဆုံး လာရောက်လည်ပတ်ကြပါတယ်။  ပြင်ဦးလွင်မြို့ဟာ သဘာဝရေမြေရာသီဥတုအေးချမ်းသာယာတဲ့အပြင် မြို့ပေါ်မှာ လေ့လာစရာတွေ၊ လည်ပတ်စရာ နေရာတွေ များပြားလှတာမို့ ခရီးသွားဧည့်သည်တွေရဲ့ စိတ်ဝင်စားခြင်းခံရတဲ့ မြို့တော်လည်း  ဖြစ်ပါတယ်။
 

ပြင်ဦးလွင်မြို့မှာ ယခင်ရှိတဲ့ သဘာဝခရီးသွား နေရာတွေအပြင်     ခရီးစဉ်နေရာအသစ်တွေကို ဖန်တီးဖော်ထုတ်ကြတာတွေလည်း များပြားလာ ပါတယ်။ မတူကွဲပြားတဲ့ စိတ်ကူးကောင်းကောင်း များနဲ့ ရင်းနှီးမြှုပ်နှံချင်ကြတဲ့ လုပ်ငန်းရှင်တွေလည်း ပေါ်ပေါက်လာခဲ့ပါတယ်။   အဲဒီလိုဖန်တီးထားတဲ့ ခရီးစဉ်နေရာတွေအနက် ဂျပန်နိုင်ငံရဲ့ ရိုးရာအငွေ့ အသက်တွေနဲ့ လွှမ်းခြုံထားပြီး ဂျပန်ရွာလေးတစ်ရွာ လို ဖန်တီးပြုလုပ်ပေးထားတဲ့  Japanese  Style Recreation Center ကို ဒီတစ်ပတ်ရဲ့ ခရီးသွား လမ်းညွှန်အနေနဲ့ ဖော်ပြပေးချင်ပါတယ်။ 
ပြင်ဦးလွင်မြို့ရဲ့ ၁၀ မိုင်ကျော်အကွာမှာ တည်ရှိ ပြီး မန္တလေး-လားရှိုးလမ်းမကြီးအတိုင်း သွားရောက် ရင် ပိတ်ချင်းမြောင်ဘက်သွားတဲ့ လမ်းမကြီးဘေး မှာ Japanese  Style Recreation  Center ကို ဖော်ဆောင်ထားတာ ဖြစ်ပါတယ်။    မြေအကျယ် ငါးဧကအပေါ်မှာ တည်ဆောက်ထားပြီး ဂျပန်ရွာ လေးတစ်ရွာကို ရောက်ရှိ သွားသလို ခံစားမှုမျိုးကို ရရှိစေအောင် ဖန်တီးပေး ထားတဲ့နေရာ ဖြစ်ပါတယ်။
 ‘‘စိတ်ကူးမိတာက ဂျပန်လိုမျိုး Themes တစ်ခု လိုအပ်မယ်ထင်လို့ အခုလို အကောင်အထည်ဖော် ခဲ့တာပါ။ လက်ရှိမှာတော့ တစ်နေ့ကို  ဧည့်သည် ၃၀၀ ကျော်လောက် ဝင်ရောက်လေ့လာကြပါတယ်’’ ဟု Japanese Style Recreation Center ရဲ့ ဒီဇိုင်း ပရောဂျက် တာဝန်ခံမန်နေဂျာ ကိုအောင်ကျော်ကျော် က စာရေးသူကို ပြောပြပါတယ်။ 
ပြင်ဦးလွင်မြို့နယ်ရဲ့  တစ်ခုတည်းသော ဂျပန် အငွေ့အသက်တွေနဲ့        ရွာလေးတစ်ရွာအဖြစ် ပြင်ဦးလွင်မြို့ကို အလည်ရောက်ခဲ့ရင် မဖြစ်မနေ လည်ပတ်ရမယ့်နေရာတစ်ခုအဖြစ် ဖန်တီးထားတဲ့ Japanese Style Recreation Center ရဲ့  Soft Opening ဖွင့်ပွဲကို ဖေဖော်ဝါရီ ၉ ရက်ကမှ ကျင်းပ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ဝင်ကြေးအနေနဲ့ တစ်ဦး ကို ကျပ် ၅၀၀၀ သတ်မှတ်ထားပြီး ငါးနှစ်အောက် ကလေးတွေကတော့ အခမဲ့ဖြစ်ပါတယ်။ ကင်မရာ တစ်လုံးကို   ကျပ်ငါးသောင်း    သတ်မှတ်ထားပြီး မင်္ဂလာဆောင်ပွဲတွေအတွက်အကြို (Pre wedding) ဓာတ်ပုံရိုက်ကူးမယ်ဆိုရင် တစ်နာရီကို ကျပ်ငါးသိန်း သတ်မှတ်ထားပါတယ်။ 
လက်ရှိမှာတော့ Japanese Style Recreation Center ထဲကို အလည်အပတ်နဲ့ ဓာတ်ပုံရိုက်ခြင်း သီးသန့်ကိုသာ ဝန်ဆောင်မှုပေးထားပြီး ဂျပန်ရွာ ထဲက ကုန်းမြင့် သာ Resort မှာ ညအိပ်တည်းခိုခွင့်ကို   ခွင့်မပြုသေးဘူးလို့ သိရပါတယ်။   မကြာခင်မှာ    ကုန်းမြင့်သာ Resort ကို ဖွင့်လှစ်ဖို့ စီစဉ်ဆောင်ရွက် နေပြီး ကုန်းမြင့်သာ Resort ကို  ဘန်ဂလိုပုံစံနဲ့  ဘန်ဂလို ၁၀ လုံး ကနေ ၁၂ လုံးအထိ ဆောက်လုပ် သွားမယ်လို့ သိရပါတယ်။
‘‘ကျွန်မတို့မြို့မှာ  အခုလို   လည်စရာပတ်စရာ နေရာတစ်ခုကို ဖန်တီးပေးလာတော့   ဝမ်းသာပါ တယ်။ စိတ်ကူးလည်း ကောင်းတယ်။ ချယ်ရီပင်ကို တောင် နိုင်ငံခြားကနေ သိန်းတစ်ထောင်ကျော်ဖိုး မှာပြီး စိုက်ပျိုးထားတာလို့ သိရတယ်”ဟု Japanese Style Recreation Center ကို အကောင်အထည် ဖော်တဲ့ ဒေသခံလုပ်ငန်းရှင်နဲ့နီးစပ်တဲ့ ပြင်ဦးလွင် မြို့က   လုပ်ငန်းရှင်တစ်ဦးက  စာရေးသူကို ပြောပြ ပါတယ်။ 
မန္တလေးကနေ   သွားရောက်လည်ပတ်ခဲ့တဲ့ ကိုပြည့်ဖြိုးကျော်ကတော့ ဂျပန်ရွာထဲမှာ   ဓာတ်ပုံကောင်းကောင်းရိုက်နိုင်တဲ့  နေရာတွေများစွာကို ပုံဖော်ထားပြီး   ဓာတ်ပုံရိုက်ဝါသနာပါတဲ့သူတွေ လည်ပတ်သင့်တဲ့နေရာတစ်ခုဖြစ်တယ်လို့ စာရေးသူ ကို ပြောပါတယ်။ 
ပြင်ဦးလွင်မြို့မှာ    အမျိုးသားကန်တော်ကြီး ဥယျာဉ်၊ ဘုရင်ခံအိမ် (ခေါ်) Governors House၊ ဓာတ်တော်ချိုင့်ရေတံခွန်၊ Fame Organic Project၊ ပိတ်ချင်းမြောင်၊ ဒီဇင်ဘာခြံ၊ ဘန့်ဘွေးကျင်းရေတံခွန်၊ ဒိုင်နိုဆောဥယျာဉ်၊ ပွဲကောက်ရေတံခွန်တို့ဟာ ခရီး သွားဧည့်သည်တွေ မဖြစ်မနေ သွားရောက်လည်ပတ် ကြတဲ့ အထင်ကရ ခရီးစဉ်နေရာတွေ ဖြစ်ပါတယ်။
အခုအခါမှာတော့ ပြင်ဦးလွင်မြို့နယ်ရဲ့ ခရီးသွား နေရာသစ်တစ်ခုလည်းဖြစ်ပြီး ဂျပန်နိုင်ငံက ဂျပန် ရိုးရာရွာလေးတစ်ရွာလို ဖန်တီးပေးထားတဲ့ Japan-ese Style Recreation Center လို့ခေါ်တဲ့ ဂျပန် ရွာကို သွားရောက်လည်ပတ်နိုင်စေဖို့ ဒီတစ်ပတ်ရဲ့ ခရီးသွားလမ်းညွှန်အနေနဲ့ ဖော်ပြလိုက်ရပါတယ်။