တိုကျို ဧပြီ ၂၅
ဂျပန်နိုင်ငံက ဇူလိုင်လမှစတင်၍ နိုင်ငံကူးလက်မှတ် လျှောက်ထားခများကို လျှော့ချပေးမည် ဖြစ်ကြောင်း သိရသည်။
၁၀ နှစ်သက်တမ်း နိုင်ငံကူးလက်မှတ်အတွက် လျှောက်ထားခသည် ယန်း ၉၀၀၀ ခန့် (အမေရိကန် ဒေါ်လာ ၅၆) သာရှိမည်ဖြစ်ပြီး လက်ရှိကုန်ကျစရိတ်ထက် ယန်း ၇၀၀၀ လျော့နည်းမည်ဖြစ်သည်။
အထက်လွှတ်တော်က နိုင်ငံကူးလက်မှတ် အက်ဥပဒေကို ပြန်လည်ပြင်ဆင်ရန် ဧပြီ ၂၄ ရက်တွင် တညီတညွတ်တည်း အတည်ပြုခဲ့သည်။
အသက် ၁၈ နှစ်အောက် ငါးနှစ်သက်တမ်း နိုင်ငံကူးလက်မှတ်အတွက် လျှောက်ထားခသည် ယန်း ၄၅၀၀ (အမေရိကန်ဒေါ်လာ ၂၈ ) ဖြစ်ပြီး အသက် ၁၈ နှစ်နှင့်အထက်ရှိသူများအတွက် ငါးနှစ် သက်တမ်း နိုင်ငံကူးလက်မှတ်ကို ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။
ဂျပန်နိုင်ငံမှ ထွက်ခွာသွားသူများအပေါ် နိုင်ငံတကာ ခရီးသွားများ အခွန်ကောက်ခံမှုကို ဇူလိုင်လ တွင် တိုးမြှင့်သတ်မှတ်ခဲ့ပြီးနောက် ယခုကဲ့သို့ နိုင်ငံကူးလက်မှတ် လျှောက်ထားခများကို လျှော့ချပေးသည့် အစီအစဉ်ထွက်ပေါ်လာခြင်းဖြစ်သည်။
နိုင်ငံကူးလက်မှတ် အခကြေးငွေ လျှော့ချခြင်းဖြင့် နိုင်ငံခြားသို့ ခရီးသွားမည့် နိုင်ငံသားများအတွက် ငွေကြေးဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် ဂျပန်အစိုးရက ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။
ဂျပန်နိုင်ငံ၌ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူဦးရေသည် အခြားဖွံ့ဖြိုးပြီးနိုင်ငံများနှင့် နှိုင်းယှဉ်ပါက နည်းပါးနေသောကြောင့် နိုင်ငံသားအများအပြား နိုင်ငံကူးလက်မှတ်ရရှိရန် ရည်ရွယ် ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်



