
တိုကျို မတ် ၂၀
ဂျပန်နိုင်ငံအနောက်ပိုင်း ယာမာဂူချီခရိုင် ကမ်းလွန်တွင် တောင်ကိုရီးယားအလံ လွှင့်ထူထားသည့် ရေနံတင်သင်္ဘောတစ်စင်း မတ် ၂၀ ရက် နံနက်ပိုင်းက တိမ်းမှောက်ခဲ့ရာ ခုနစ်ဦးသေဆုံးခဲ့သည်ဟု ပြည်တွင်း မီဒီယာများတွင် ဖော်ပြထားသည်။
သင်္ဘောပေါ်တွင် ၁၁ ဦး လိုက်ပါလာပြီး ၎င်းတို့ထဲမှ ကိုးဦး ကိုသာ ကယ်တင်နိုင်ခဲ့သည်။ နောက်ပိုင်းတွင် ခုနစ်ဦးမှာသေဆုံး သွားခဲ့ကြောင်း ဂျပန်ကမ်းခြေ စောင့်တပ်၏ ဖော်ပြချက်ကို ကိုးကား၍ အင်န်အိတ်ချ်ကေ သတင်းတွင် ဖော်ပြထားသည်။
မတ် ၂၀ ရက် နံနက် ၇ နာရီ ၅ မိနစ်ခန့်က အရေးပေါ်ခေါ်ဆိုမှု လက်ခံရရှိခဲ့ကြောင်း ဒေသခံ ကမ်းခြေစောင့်တပ်က ပြော သည်။ ရာသီဥတုဆိုးရွားမှုကြောင့် သင်္ဘော တိမ်းစောင်းနေကြောင်း ကယ်ဆယ်ရေး လုပ်ဆောင်ရန် လိုအပ်ကြောင်း အင်န်အိတ်ချ်ကေ သတင်းတွင် ဖော်ပြထားသည်။
ကမ်းခြေစောင့်တပ်နှင့် အခြား သူများသည် ပျောက်ဆုံးနေ သည့် နှစ်ဦးကို ရှာဖွေနိုင်ရေး ကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက် လုပ်ဆောင်လျက် ရှိသည်။
ရာသီဥတု ဆိုးရွားမှုကြောင့် ရေနံတင်သင်္ဘောမှာ ကျောက်ချ ရပ်နားထားရကြောင်း ကမ်းခြေ စောင့်တပ်ကပြောသည်။ သင်္ဘော ပေါ် လိုက်ပါလာသူများအနက် ရှစ်ဦးမှာ အင်ဒိုနီးရှားနိုင်ငံသား များဖြစ်ပြီး နှစ်ဦးမှာ တောင် ကိုရီးယားနိုင်ငံသားများဖြစ်သည်။ တစ်ဦးမှာ တရုတ်နိုင်ငံသားဖြစ် ကြောင်း သိရသည်။ ဆင်ဟွာ