
ရန်ကုန် ဇန်နဝါရီ ၁၆
ဂျပန်ကုမ္ပဏီ ၁၉၀ ကျော်က မြန်မာအလုပ်သမားဦးရေ ၆၀၀ နီးပါး ခေါ်ယူမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဇန်နဝါရီ ၁၅ ရက်တွင် ထုတ်ပြန်လိုက်သည်။မြန်မာသံရုံးက ဇန်နဝါရီ ၁ ရက်မှ ၁၅ ရက်အတွင်း စိစစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြား ခဲ့သည့် အလုပ်ကမ်းလှမ်းစာ ၁၉၀ နှင့်ပတ်သက်သည့် အချက်အလက် များကို ဖော်ပြထားခြင်းဖြစ်သည်။
အဆိုပါထုတ်ပြန်ချက်အရ ဂျပန်ကုမ္ပဏီ ၂၀၀ ကျော်က မြန်မာ အလုပ်သမား အမျိုးသား ၂၀၀ ကျော်၊ အမျိုးသမီး ၃၀၀ ကျော် စုစုပေါင်း ဦးရေ ၅၉၂ ဦးကို ခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။ “၂၀၂၂ ခုနှစ် မတ်လမှစ၍ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းအထိ သုံးသောင်းဝန်းကျင်ခန့် စေလွှတ်နိုင်ခဲ့တယ်လို့ ခန့်မှန်းရတယ်။ ဂျပန်ထွက်တဲ့သူတွေများနေ တော့ ၂၀၂၄ ခုနှစ်ပိုင်းမှာလည်း များမယ်လို့ ခန့်မှန်းမိပါတယ်”ဟု ငွေကြိုးကြာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုအေဂျင်စီမှ မန်နေဂျင်း ဒါရိုက်တာ ဦးစိုင်းစည်သူက ပြောကြားသည်။ လက်ရှိတွင် တရားဝင် လိုင်စင်ရ ပြည်ပအလုပ်အကိုင်အေဂျင်စီအရေအတွက် များပြား လာပြီဖြစ်၍ ပိုမိုကောင်းမွန်လာကြောင်းလည်း ၎င်းက ပြောကြား သည်။
မြန်မာသံရုံး တိုကျိုမြို့အနေဖြင့် အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပေးပို့လာသည့် အလုပ် ကမ်းလှမ်းစာများကို စိစစ်ဆောင်ရွက်ပေးလျက်ရှိကာ ထိုသို့ စိစစ်ဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေး ကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ/ ကုမ္ပဏီများသည် ဂျပန်နိုင်ငံ တွင် တရားဝင်တည်ထောင်ထားခြင်း ရှိ/ မရှိ စာရွက်စာတမ်း အထောက်အထားများစိစစ်ပြီး စိစစ်တွေ့ရှိချက်များ၊ သဘောထား မှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမား ဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိကြောင်း သိရသည်။
ဒီဇင်ဘာ ၁၆ ရက်မှ ၂၉ ရက်အတွင်းကလည်း နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ စိစစ်ပေးပို့ပြန်ကြားခဲ့သော အလုပ်ကမ်းလှမ်းစာ ၂၉၅ ခုတွင် မြန်မာအလုပ်သမား အမျိုးသား၊ အမျိုးသမီး စုစုပေါင်းဦးရေ ၁၁၀၀ ကျော်ခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။
MT