
နေပြည်တော် ဇန်နဝါရီ ၂၂
အာဆီယံ-ဂျပန်စင်တာ၏ ထောက်ပံ့မှုဖြင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် TRC Hotel and Vocational Training Institute တို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်သော အခြေခံဂျပန်အစားအစာ ချက်ပြုတ်နည်း သင်တန်းဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းတွင် Online စနစ်ဖြင့် ကျင်းပသည်။
သင်တန်းဖွင့်ပွဲ၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က ယခုဖွင့်လှစ်မည့် အခြေခံ ဂျပန်အစားအစာ ချက်ပြုတ်နည်းသင်တန်းသို့ တက်ရောက်မည့် သင်တန်းသားများအနေဖြင့် စိတ်ဝင်တစား အထူးလေ့လာသင်ယူကြရန် လိုအပ် ပါကြောင်း၊ မိမိတို့တတ်ကျွမ်းသော ပညာရပ်များကို ထိရောက်စွာအသုံးချပြီး ဂျပန်ခရီးသွားဧည့်သည် များကို ကောင်းမွန်သော ဝန်ဆောင်မှုပေးခြင်းဖြင့် ဂျပန်ခရီးသွားဈေးကွက်ကို ပိုမိုဆွဲဆောင်နိုင်မည် ဖြစ်ပါကြောင်း၊ ဂျပန်ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် ဧည့်သည် အများစုတွင် အပါအဝင်ဖြစ်သောကြောင့် ယခု သင်တန်းသည် ဂျပန်ခရီးသွားဧည့်သည်များအတွက် သာမက မြန်မာနိုင်ငံမှ ဟိုတယ်များ၊ စားသောက်ဆိုင် များနှင့် ဂျပန်အစားအစာချက်ပြုတ် ပြင်ဆင်ရောင်းချ လိုသူများအတွက် အကျိုးရှိစေမည့် သင်တန်းတစ်ခု ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အာဆီယံ-ဂျပန်စင်တာမှ အထွေထွေ အတွင်းရေးမှူးချုပ် Mr.Kunihiko Hirabayashi က နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး TRC Hotel and Vocational Training Institute မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးကျော်ကျော်ဆင့်က သင်တန်းဖွင့်လှစ် ပို့ချမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၂၀ တက်ရောက်ကြမည်ဖြစ်ပြီး သင်တန်း ကို ရက်သတ္တပတ် တစ်ပတ်လျှင် သုံးရက်ဖြင့် ရက်သတ္တပတ် လေးပတ်ကြာ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အာဆီယံ-ဂျပန်စင်တာမှ အထွေထွေအတွင်းရေးမှူးချုပ် တို့သည် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် နှစ်ဖက်ပူးပေါင်းဆောင်ရွက် ရေးတိုးမြှင့်နိုင်ရန် ဆွေးနွေးခဲ့ကြပြီး၊ အစားအစာ ထုတ်လုပ်မှု၊ ချက်ပြုတ်ပြင်ဆင်မှု အခြေခံသင်တန်း များသာမက ဝန်ဆောင်မှုနှင့် အဆင့်မြင့်သင်တန်း များ ဖွင့်လှစ်ပို့ချနိုင်ရေးအတွက် အထောက်အပံ့ ပေးနိုင်ရေး၊ မြန်မာနိုင်ငံတွင် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းနှင့် Digital Marketing လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်နိုင်ငံမှ နည်းပညာ အထောက်အပံ့များ ရယူဆောင်ရွက်နိုင်ရေး ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်