ဂန္ထဝင်ကဗျာ အကျော်အမော် ဆရာသူရဇော်

Type
99

 

နုနုယဉ် (စာပေဗိမာန်)

 

ဧပြီ ၁၂ ရက်မှအဆက်


ကလေးငယ်တို့အား အစားကောင်းကျွေး သည်။  အဝတ်ကောင်း   ဆင်မြန်းပေး သည်။    ပညာသင်ကြားပေးသည်။ ခန္ဓာကိုယ်   ကြံ့ခိုင်တောင့်တင်းအောင် ပြုစုပျိုးထောင်ပေးသည်။ ဤသို့ ပြုလုပ် ပေးလျှင် တာဝန်ကျေပြီလော။  မကျေ သေးပါ။  ကလေးများကို    ယဉ်ကျေး သိမ်မွေ့စေရန်၊ စာရိတ္တကောင်းမွန်စေရန်၊ တိုင်းပြည်နှင့် လူမျိုးကို ချစ်မြတ်နိုးစိတ် မွေးမြူတတ်စေရန်၊ ပျော်ရွှင်ကျန်းမာစေ ရန်   မြေတောင်မြှောက်ပေးရပါမည်။ ကလေးစာပေများ   ရေးသားခြင်းဖြင့် မြေတောင်မြှောက်ပေးရမည် ဖြစ်ပါသည်”  ဟု အဆိုပါ မြန်မာကလေးကဗျာစာတမ်း တွင် ထည့်သွင်းရေးသားထားရာ ကလေး များအပေါ်ထားရှိသော ဆရာသူရဇော်၏ စေတနာမေတ္တာကို   ထင်ထင်ရှားရှား တွေ့မြင်နိုင်ပါသည်။

 


ဆရာသည်  အပြောသာ   မဟုတ်။ လက်တွေ့လည်း    ပြောသည့်အတိုင်း ကျင့်သုံးခဲ့သည်။ ကလေး များကိုချစ်သော ဆရာသူရဇော်သည် ဆရာကြီးမင်းသု ဝဏ်၏  ကဗျာများအပြင်   အမျိုးသား စာပေဆုရ ကဗျာများဖြစ်သော ဗန်းမော် ညိုနွဲ့၏ အရုဏ်ဦး(၁၉၆၃)၊ မောင်မျိုး မြတ်၏ ငယ်ငယ်ရွယ်ရွယ် (၁၉၆၄) နှင့် သန်းဌေး၏ သီတာရေကြည် (၁၉၆၅) တို့ကို လေ့လာပြီး “ရောင်နီဦးကလေး ကဗျာ” ကို ရေးသားခဲ့ရာ ၁၉၆၈ ခုနှစ်မှာ အမျိုးသားစာပေ(စတုတ္ထ)ဆု ရရှိခဲ့သည်။ ၁၉၇၃ ခုနှစ်တွင်  “စံပယ်ဖြူ   ကလေး ကဗျာ” ကို ရေးသားထုတ်ဝေခဲ့ပြီး နှစ် ၄ဝ အကြာ ၂ဝ၁၃ ခုနှစ်တွင် “သမီးရွှေစင် တုံး ကလေးကဗျာ” စာအုပ်ကို ကလေး များ  ဖတ်ရှုပြီး   အသိပညာဗဟုသုတ တိုးကာ ကိုယ်အမူအရာ၊ နှုတ်အမူအရာ ယဉ်ကျေးသိမ်မွေ့နိုင်ပါစေ၊ လိမ္မာရေးခြား ရှိပါစေ၊ ပညာထူးချွန်ထက်မြက်နိုင်ပါစေ ဟူသော မုဒိတာနှလုံးသားဖြင့် ရေးသား သီကုံး ထုတ်ဝေခဲ့ပါသည်။

 


မြန်မာနိုင်ငံတွင်   ‘နိုဘယ်မြန်မာ စာပေပွဲတော်’ ကို ၂၀၁၅ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်   နှစ်နှစ်ဆက်တိုက်  ပြုလုပ်ခဲ့ရာ ဒုတိယနှစ်တွင်   ‘ကလေးစာပေ’   ကို အဓိကထား ဆောင်ရွက်ကြသည်။ ယင်း ၂၀၁၆ ခုနှစ် နိုဘယ်မြန်မာစာပေပွဲတော် အထိမ်းအမှတ်အဖြစ် ‘ရွှေမြန်မာကလေး ကဗျာများ’ စာအုပ်ကို ဆရာက ရေးသား ထုတ်ဝေခဲ့သည်။  ကလေးတို့   သိသင့် သိထိုက်သော အကြောင်းအရာစုံ ကဗျာ ၇၅ ပုဒ် ပါဝင်သည်။ ဆရာသူရဇော်က သူ၏အသက် ၇၅ နှစ်ပြည့်နှင့် တိုက်ဆိုင် သည်ဟုလည်း ဆိုထားပါသည်။ 

 


ဆရာသူရဇော်၏
စာပေအကျိုးဆောင်မှုများ


ဆရာသူရဇော်သည် ၁၉၈ဝ ပြည့်နှစ် တွင် မြန်မာနိုင်ငံ  စာပေလုပ်သားအဖွဲ့ စတင်ဖွဲ့စည်းသည်မှစ၍ ကြည့်မြင်တိုင် မြို့နယ်   စာပေလုပ်သားအဖွဲ့   အလုပ် အမှုဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ သည်။  ၁၉၈၈ ခုနှစ်အထိ   သက်တမ်း နှစ်ကြိမ်ဆက်၍    အမှုဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး    တတိယ သက်တမ်း ၁၉၈၈ ခုနှစ်တွင် ကြည့်မြင် တိုင်မြို့နယ်  စာပေလုပ်သားအဖွဲ့ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုစဉ်က ဆရာသည် မြို့နယ်စာပေလုပ်သားအဖွဲ့ များ၏ မဂ္ဂဇင်းများကို   တာဝန်ခံလုပ် ဆောင်ပေး၍ ပန်းချီ၊ စက္ကူဖိုး၊ စာစီခ၊ ရိုက်ခ၊ ချုပ်ခများအတွက် ဘောက်ချာ အတိုင်း ရှင်းစေသည်။ သူ့အတွက် ပရု ဖတ်၊ ဖောင်ကိုင်ခကိုသာ ဉာဏ်ပူဇော်ခ ယူသည်ဟု ဆိုပါသည်။

 


ဆရာသည်   အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီနှင့် စာပေ ဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့တို့ တွင်  အဖွဲ့ဝင်အဖြစ်   နှစ်ပေါင်းများစွာ စာပေအကျိုးသယ်ပိုးခဲ့သည်။ သယ်ပိုးဆဲ ဖြစ်သည်။ နောင်တွင်လည်း ဆက်လက် သယ်ပိုးဦးမည် ဖြစ်ပေသည်။

 


ထိုသို့ စာပေဆုရွေးချယ်ရေး တာဝန် များသာမကသေး။ ပြန်ကြားရေးဝန်ကြီး ဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က   နှစ်စဉ်ထုတ်ဝေလျက် ရှိသော  မြန်မာ့စွယ်စုံကျမ်း  (နှစ်ချုပ်) စာအုပ်အတွက် ဖွဲ့စည်းထားသော မြန်မာ့ ရည်ညွှန်းကျမ်းစီစဉ်ရေးအဖွဲ့တွင်လည်း အဖွဲ့ဝင်အဖြစ် ယနေ့ထိတိုင်  အားကြိုး မာန်တက်   သယ်ပိုးထမ်းဆောင်လျက် ရှိပေသည်။
ဆရာသည်   မြန်မာစာပေ   ဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်း မြန်မာစာ ချစ်မြတ်နိုးသူများအသင်း (မြန်-စာ-ချစ်)တွင် ဒုတိယဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ မြန်မာစာပေပြန့်ပွားရေးအသင်း (မြန်-စာ-ပြန့်) တွင် နာယကအဖြစ်  လည်း ကောင်း  အားမာန်အပြည့်ဖြင့်   တက်စုံ ရွက်စုံလွှင့်ကာ   ရှေ့သို့   ချီတက်ဆဲ၊ ရှေ့တန်း­က  တက်ကြွစွာ   ပါဝင်ဆောင် ရွက်ဆဲ ဖြစ်ပါသည်။

 


အစားအသောက်အတွက် 
ဝန်မပိစေလိုသော ဆရာ


မြန်မာနိုင်ငံအနှံ့    မြို့နယ်များသို့ စာပေဟောပြောပွဲသွားသည့်အခါ မြို့ခံ များက စာရေးဆရာများကို ဒေသထွက် သား၊ ငါး ဟင်းအစုံချက်ပြုတ်ပြီး အလျှံ ပယ် ဧည့်ခံကျွေးမွေးရာ ဆရာသူရဇော်က မတို့မထိဘဲ ကြက်ဥတစ်လုံးသာ ကြော် ခိုင်းပြီး ထမင်းစားကြောင်း၊ တစ်ခါတစ်ရံ လက်ဖက်သုပ်ဖြင့်     ထမင်းပြီးသွား ကြောင်း၊ တစ်ခါတလေ  ဘာလချောင် ကြော်နှင့်  ကိစ္စပြီးသွားကြောင်း   အတူ သွားဖော် ဆရာ ဆရာမများ၏ အမှတ် တရရေးသားချက်များအရ သိရပါသည်။

 


ဆရာသည်    ငယ်စဉ်ကတည်းက ခြေလေးချောင်းသား၊ ခြေနှစ်ချောင်းသား (ဝက်၊ ဆိတ်၊ ကြက်၊ ဘဲ) မစားဘဲ ပုစွန် နှင့် ငါးသာ  စားသော်လည်း   အကြေးခွံ ပါသော ငါးသာ စားသည်။ ပုစွန်စား၍ ပုစွန်တုပ်ချက်ကျွေးလျှင်လည်း ပုစွန် အကောင်ကြီး၍ မတို့ထိဟု ဆို၏။ ဆရာသည် ယစ်မူးစရာ ယမကာကိုလည်း လုံးဝ မသောက်မစား၊  မမှီဝဲ၊  မခုံမင်။ ဆေးလိပ်လည်း မသောက်။ ကွမ်းလည်း မစား။ မကောင်းမှုမှန်သမျှ ဘာမှမလုပ်ဘဲ ပဋ္ဌာန်းကျမ်းတော်ကြီးကို နေ့စဉ်မပျက် ရွတ်ဖတ်ပူဇော်သည့်  ကောင်းမှုကြောင့် ဆရာသူရဇော်  ဤမျှအထိ   ကျန်းမာ ဖျတ်လတ်နုပျိုအရွယ်တင်နေခြင်း ဖြစ် သည်ဟု ကျွန်မ ထင်ပါသည်။

 


စာပေမောင်နှံ


ကျွန်မ  ငါးတန်း၊   ခြောက်တန်း အလယ်တန်းကျောင်းသူဘဝက   အိမ် တွင် အစ်မများဖတ်သော   ၁၅   ရက် တစ်ကြိမ်ထုတ် တိုင်းရင်းမေဂျာနယ်နှင့် ဆုံစည်းခွင့်ရခဲ့ပါသည်။ လက်ပွန်းတတီး ရှိခဲ့ပါသည်။  ထိုစဉ်ကတည်းက   ခင် (တိုင်းရင်းမေ) ဟူသော ကလောင်အမည် နှင့် ရင်းနှီးကျွမ်းဝင်ခဲ့ပါသည်။

 


နောင်တွင် ကျွန်မအယ်ဒီတာတာဝန် ထမ်းဆောင်ရာ   စာပေဗိမာန်ရုံးတွင် ကျင်းပသော   စာပေဟောပြောပွဲများ၊ စာတမ်းဖတ်ပွဲများနှင့်   အခြားသော ပုဂ္ဂလိကစာပေဆုပေးပွဲများ၊ စာပေဆိုင် ရာလှုပ်ရှားမှုအခမ်းအနားများတွင် ဆရာ သူရဇော်နှင့် အမြဲအတူတကွ  လိုက်ပါ လာလေ့ရှိသော  ဆရာ့ဇနီးကို   တွေ့ရ၊ ဆုံရ၊ ကြုံရစဉ် ရှေ့သွားနောက်လိုက်ညီ သော   သာမန်ပါရမီဖြည့်ဖက်ဟုသာ ထင်ခဲ့မိပါသည်။   ငယ်စဉ်ကတည်းက စိတ်ထဲစွဲထင်လေးစားခဲ့သော အယ်ဒီတာ ခင်(တိုင်းရင်းမေ)မှန်း မသိခဲ့။

 


နောင်အကြောင်းတိုက်ဆိုင်လာတော့ မှ  ဆရာ့ဇနီးမှာ   တိုင်းရင်းမေဂျာနယ် အယ်ဒီတာ   ခင်(တိုင်းရင်းမေ)   ဖြစ် ကြောင်း သိလာရပါသည်။ သည်တော့မှ ဆရာတို့ဇနီးမောင်နှံမှာ ဆရာကြီးလူထု ဦးလှနှင့်  လူထုဒေါ်အမာ၊   ဆရာကြီး တက်တိုးနှင့် ဆရာမကြီးနုယဉ်၊ ဂျာနယ် ကျော်ဦးချစ်မောင်နှင့် ဂျာနယ်ကျော် မမလေး၊ ဆရာကြီးမင်းယုဝေနှင့် ဆရာမ ကြီးငွေတာရီတို့ကဲ့သို့သော စွယ်တော် ရွက် စာပေမောင်နှံမှန်းသိပြီး လေးစား ချစ်ခင်ခဲ့ရပါသည်။

 


ဆရာသူရဇော်နှင့်  ဆရာမ   ခင် (တိုင်းရင်းမေ) တို့သည် ၁၉၆၆ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်တွင် လက်ထပ်ခဲ့ ပါသည်။ နှစ်ကိုယ်တူ   မေတ္တာမျှကြ၍ ချစ်ခရီးစခဲ့ကြသည်မှ ဆူကြုံနိမ့်မြင့် ကြမ်းတမ်းလှသည့်   ဘဝခရီးကို  ငြူစူ မရှိ  ပြုံးအတိဖြင့်   ဖြတ်သန်းခဲ့ကြရာ သားသမီးငါးဦး ပွားစီးလာခဲ့ပါသည်။

 


ဆရာတို့ ဇနီးမောင်နှံသည် အများ ကောင်းကျိုး၊   မိတ်ဆွေများအကျိုးကို တက်ညီလက်ညီ သယ်ပိုးထမ်းဆောင်နေသူများဖြစ်ကြောင်း စာပေအသိုက် အဝန်းမှ အပေါင်းအသင်းရောင်းရင်းများ အားလုံး   သိကြပေသည်။  ဆရာ့ထံ အကြောင်းကိစ္စတစ်ခုဖြင့်     မည်သူက အကူအညီ     လာတောင်းသည်ဖြစ်စေ ကုန်ကျစရိတ်အဝဝကို ဆရာ့အိတ်ထဲက စိုက်ထုတ်ပြီး   ကူညီပေးစမြဲ   ဖြစ်သည်။ ထို့ကြောင့် သူတို့စာပေမောင်နှံကို ‘ဇော် အိတ်စိုက်အင်တာပရိုက်စ်’ ဟု ရင်းနှီးသူ များက ပြောသည်ကို သဘောကျရယ်မော နေတတ်ကြသည်။

 


ဤသို့ဖြင့် စိတ်တူကိုယ်တူ၊ ဝါသနာ တူ ဆရာတို့ဇနီးမောင်နှံမှာ အိမ်ထောင် သက် နှစ် ၅ဝ မင်္ဂလာရွှေရတုခရီးသို့တိုင် အတူလျှောက်လှမ်းရင်း  ၂ဝ၁၆  ခုနှစ် ဒီဇင်ဘာလ (၅) ရက်တွင် ဆရာမ ခင် (တိုင်းရင်းမေ) က အရင်ဦးစွာ လက်တွဲ ဖြုတ်သွားခဲ့ပါသည်။

 


ဆရာသည် ၂ဝ၁၇ ခုနှစ်တွင် ဇနီး သည် ခင် ကွယ်လွန်ခြင်း တစ်နှစ်ပြည့် အမှတ်တရအဖြစ်  “ပါရမီဖက် ခင်” စာအုပ်ကိုလည်းကောင်း၊ ၂ဝ၁၉ ခုနှစ် တွင် “ခင့်အတွက် သုံးနှစ်ပြည့်အလွမ်း” (ရွှေရတု   အိမ်ထောင်သက်မှတ်တမ်း) ကဗျာများကိုလည်းကောင်း၊ ၂ဝ၂၁ ခုနှစ် တွင်   ခင်ကွယ်လွန်ခြင်း    ငါးနှစ်ပြည့် “အိမ်ထောင်သက်တမ်း   ကဗျာပန်း” စာအုပ်ကိုလည်းကောင်း   ထုတ်ဝေပြီး ဇနီးသည်အပေါ်ထားရှိသော   ဆရာ၏ မေတ္တာ၊ စေတနာ၊ အကြင်နာတို့ကို လှစ်ဟ ပြခဲ့ပါသည်။

 


အသက်ရာကျော် ဆရာသူရဇော်


၂ဝ၂ဝ ပြည့်နှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုကိုရရှိစဉ် ကြေးမုံ သတင်းစာက တွေ့ဆုံမေးမြန်းခဲ့ရာတွင် ဆရာသူရဇော်က “အခုလို ကျွန်တော့် အနေနဲ့ အမျိုးသားစာပေတစ်သက်တာ ဆုရတဲ့အတွက် ၁၈ နှစ်သားမှစလို့ ကဗျာ ကို အစွမ်းကုန်လေ့လာရေးဖွဲ့ခဲ့ပြီး ဘဝ တစ်လျှောက် ကဗျာကိုအခြေခံတဲ့စာပေ တွေ ရေးသားခဲ့ရကျိုး၊ စာပေကိစ္စအဝဝကို ယခုအသက် ၈ဝကျော်အထိ တစိုက်မတ် မတ်ဆောင်ရွက်ခဲ့ရကျိုးနပ်ပြီလို့  ခံယူမိ တယ်။ လတ်တလောမှာလည်း  ကလောင် နှစ်မျိုးနဲ့ ကဗျာတွေ၊ စာတွေ  ရေးသား နေဆဲဖြစ်ပြီး နောင်မှာလည်း စာရေးနိုင် သေးသရွေ့ ကလောင်ကို  ခိုင်ခိုင်မြဲမြဲစွဲကိုင်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။ စာပေဆိုတာ လေ့လာလိုက်စားလို့ မကုန် ခန်းနိုင်တဲ့ ရတနာတစ်မျိုးလို့ ခံယူထားပါ တယ်။  အနာဂတ်လူငယ်တွေအနေနဲ့ ပြောရရင် စာပေသည်သာ ဘဝရဲ့ မီးရှူး တန်ဆောင်လို့  သဘောပိုက်ပြီး   ဖတ်ရှု လေ့လာခြင်း၊     ရေးသားခြင်းတွေ လုပ်ဆောင်ခြင်းဖြင့် နိုင်ငံတော်အကျိုး ကို သယ်ပိုးထမ်းရွက်နိုင်ပါစေလို့ တိုက် တွန်းလိုပါတယ်” ဟု ပြောကြားခဲ့ပါသည်။

 


“စာရေးနိုင်သေးသရွေ့ ကလောင်ကို ခိုင်ခိုင်မြဲမြဲ စွဲကိုင်သွားမယ်”ဟု ဆုံးဖြတ် ထားသော ဆရာသူရဇော်သည် ယခုအခါ ထုတ်ခဲ့ပြီးသော ကဗျာစာအုပ်များတွင် မပါသေးသည့်  ပုဒ်ရေ   ၄၅ဝ  ကျော်မျှ ရှိသော ကဗျာ၊  ရှစ်လုံးဘွဲ့၊  တေးထပ်၊ ရတုများကို ၁၉၆ဝ-၁၉၈ဝ၊ ၁၉၈၁-၂ဝဝဝ၊ ၂ဝဝ၁-၂ဝ၂ဝ ဟူ၍ ကဏ္ဍခွဲကာ စာမူပါခဲ့သော စာစောင်၊ မဂ္ဂဇင်းများမှ ကောက်သင်းကောက်  စုဆောင်းနေပြီး စာအုပ်အဖြစ်ထုတ်ဝေရန် စိုင်းပြင်းလျက် ရှိကြောင်း  သိရပါသည်။   ဆရာ့ဆန္ဒ အာသီသလည်း     အမြန်ဆုံးပြည့်ဝ အောင်မြင်ပါစေ၊ စာပေအပေါ် ဆန္ဒဖြစ် ပေါ်သမျှ စွမ်းဆောင်နိုင်ပါစေဟု လှိုက် လှိုက်လှဲလှဲ ဆုမွန်ခြွေမိပါသည်။

 


မြန်မာစာပေ၊ မြန်မာကဗျာ၊ မြန်မာ ဂန္ထဝင်စာပေကို တန်ဖိုးထားမြတ်နိုးသည့် ဆရာသူရဇော်သည်  “အသက်ရာကျော် ဆရာသူရဇော်” ဖြစ်သည်အထိ သက်ရှည် ကျန်းမာပါစေ၊   အသက်ရှည်သမျှ ကာလ ပတ်လုံး ဆရာဆုံးဖြတ်ထားသည့်အတိုင်း ကလောင်ကို ခိုင်ခိုင်မြဲမြဲ   စွဲကိုင်လျက် နိုင်ငံတော် အကျိုး၊ စာပေအကျိုးကို ယခု ကဲ့သို့ သွက်လက်ဖျတ်လတ်စွာ သယ်ပိုး ထမ်းရွက်နိုင်ပါစေကြောင်း ဆုတောင်း ပတ္ထနာ ပြုလိုက်ရပါသည်။


ရည်ညွှန်းကိုးကားသော 
စာအုပ်စာတမ်းများ


၁။    မြန်မာနိုင်ငံစာပေဆုများ 
    (ဒဂုန်ရွှေမျှား)
၂။    မြန်မာကဗျာစာတမ်းများ 
    (ဒုတိယတွဲ)
၃။    သိပ္ပံမောင်ဝ ရာပြည့်စာတမ်းများ 
    (ရွှေစာပေတိုက်)
၄။    ၁၉၉၅ ခုနှစ်၊ ပခုက္ကူဦးအုံးဖေစာပေဆု လက်ကမ်းစာအုပ်
၅။    ၂ဝ၂ဝ ပြည့်နှစ်၊ အမျိုးသားစာပေဆု 
    လက်ကမ်းစာအုပ်
၆။    ဆရာသူရဇော် စာစုစာရင်း  (၁၉၆၅-၂ဝဝ၂)   (မသင်းသွယ်သွယ်လှိုင်၊ စာကြည့်တိုက်နှင့် သုတပညာဌာန)
၇။    ဆရာသူရဇော် စာစုစာရင်း (၂ဝဝ၃-၂ဝ၁၃)   (မောင်အောင်စည်ဟိန်း၊ စာကြည့်တိုက်နှင့် သုတ ပညာဌာန)
၈။    သူရဇော် သို့မဟုတ် ဂန္ထဝင်ကဗျာ အမြုတေ (ဆရာသူရဇော်၏ အသက် (၈ဝ) ပြည့် အထိမ်းအမှတ် ဂုဏ်ပြု မော်ကွန်းစာများ)
၉။    ဆရာသူရဇော်    ရေးသားခဲ့သော စာအုပ်များ