
နုနုယဉ် (စာပေဗိမာန်)
၂ဝ၂ဝ ပြည့်နှစ်အတွက်
တစ်သက်တာ စာပေဆုရှင်
အမျိုးသားစာပေတစ်သက်တာဆုရ စာပေပညာရှင်များ၏ စာပေနှင့် ဘဝ အကြောင်းကို စာပေဗိမာန်စာတည်းများ က အလှည့်ကျရေးသားပြီး ၂ဝဝ၁ ခုနှစ်မှ ၂ဝ၁၃ ခုနှစ်အထိ အမျိုးသားစာပေ တစ်သက်တာဆုရ ဆရာကြီး၊ ဆရာမကြီး ၁၇ ဦး၏ အားကျအတုယူဖွယ်ရာ အတ္ထုပ္ပတ္တိဘဝ ဇာတ်လမ်းအဖုံဖုံကို စုပေါင်း၍ စာပေဗိမာန်က ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလတွင် ပေါင်းချုပ်စာအုပ်အဖြစ် ထုတ်ဝေခဲ့ပါသည်။
တစ်သက်တာဆုရ ဆရာကြီး၊ ဆရာမကြီး ၃၄ ဦး ရှိပြီဖြစ်ရာ ကျန်ရှိ သော စာပေပညာရှင်များအကြောင်းကို ဆက်လက်ရေးသားရန် စီစဉ်ကြရာ ကျွန်မက ၂ဝ၂ဝ ပြည့်နှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆုရ ဆရာသူရဇော်အကြောင်းကို ရေးသားရန် အလှည့်ကျလာပါသည်။
ဆရာသူရဇော်အကြောင်း ရေးရမည် ဆိုသောအခါ စာပေဗိမာန်စာကြည့်တိုက် နှင့် တက္ကသိုလ်များ ဗဟိုစာကြည့်တိုက် တို့တွင် ဆရာရေးသားခဲ့သော စာအုပ် များ၊ ဖတ်ကြားခဲ့သော စာတမ်းများနှင့် ဆရာနှင့် သက်ဆိုင်သောစာပေအကြောင်း ခြင်းရာများကို မွှေနှောက်ရှာဖွေခဲ့ပါသည်။ စာပေဗိမာန်စာကြည့်တိုက်မှ ဆရာ ရေးသားခဲ့သောစာအုပ်များ၊ ဖတ်ကြား ခဲ့သောစာတမ်းများ၊ ဆရာစာပေဆုရရှိ သဖြင့် စာပေဗိမာန်က ပုံနှိပ်ထုတ်ဝေသော ဆုရစာအုပ်များကို လေ့လာဖတ်ရှုခွင့် ရသလို ရန်ကုန်တက္ကသိုလ်စာကြည့်တိုက် နှင့် သုတပညာဌာနမှလည်း စာကြည့် တိုက်နှင့် သုတပညာဒီပလိုမာဘွဲ့အတွက် တင်သွင်းသော ဆရာသူရဇော်စာစုစာရင်း ကျမ်းငယ်နှစ်စောင်ကို ငှားရမ်းဖတ်ရှုခွင့် ရရှိခဲ့ပါသည်။
ဆရာသူရဇော် စာစုစာရင်း(၁၉၆၅-၂ဝဝ၂) ကို မသင်းသွယ်သွယ်လှိုင်က ၂ဝဝ၃ ခုနှစ်တွင် လည်းကောင်း၊ ဆရာ သူရဇော် စာစုစာရင်း (၂ဝဝ၃-၂ဝ၁၃)ကို မောင်အောင်စည်ဟိန်းက ၂ဝ၁၄ ခုနှစ်တွင် လည်းကောင်း ရေးသားပြုစု တင်သွင်း ခဲ့ကြပါသည်။ အဆိုပါ စာစုစာရင်း နှစ်စောင်ကို လေ့လာရင်း ထူးခြားချက် တစ်ရပ်ကို ကျွန်မ တွေ့ရှိခဲ့ရပါသည်။ ယင်းထူးခြားချက်မှာ စာတမ်းရှင်နှစ်ဦး သည် ဆရာသူရဇော်၏ သမီးငယ်နှင့် သားကြီးတို့ ဖြစ်နေကြခြင်းပင်။ ဖခင် ဖြစ်သူရေးသားခဲ့သောစာများကို ကျမ်း ပြုစုခွင့်ရရှိသော မောင်နှမနှစ်ဦး၏ ကုသိုလ်ကံကောင်းလေစွ။ ဖခင်နှင့်အတူ နေထိုင်ပြီး သိလိုသည်များကို အခါမလပ် မေးမြန်းခွင့်ရရှိကြခြင်းမှာ မဟာအခွင့် အရေးကြီးပင် ဖြစ်ပါသည်။
ဆရာသူရဇော် အတွက်မှာလည်း ရင်နှစ်သည်းချာ သားသမီးနှစ်ဦးက ဖခင် ဖြစ်သူရေးသားခဲ့သော ကဗျာများ၊ ဆောင်းပါးများ၊ ရတုပိုဒ်စုံများ၊ တေးထပ် များ၊ ဗုဒ္ဓစာပေများ၊ လုံးချင်းစာအုပ်များ၊ ဖတ်ကြားခဲ့သောစာတမ်းများ၊ ပါဝင် ရေးသားခဲ့သော စာနယ်ဇင်းများနှင့် စာအုပ်များ၊ အယ်ဒီတာဘဝ တွေ့ဆုံ မေးမြန်းခန်းများကို စာအုပ်ထုတ်ဝေ ခဲ့သော ရက်စွဲ၊ စာမူပါဝင်ခဲ့သော ရက်စွဲ နှင့် စာစောင်အမည်စသည်ဖြင့် အသေး စိတ်မှတ်တမ်းမှတ်ရာ ပြည့်ပြည့်စုံစုံ ကျန်ရှိသည့် ကျမ်းနှစ်စောင် ပြုစုနိုင်ခဲ့ ခြင်းမှာ အခြားစာရေးဆရာများနှင့်မတူ၊ မဟာအခွင့်ထူးကြီးကို ရရှိခဲ့ခြင်းပင် ဖြစ်ပါသည်။ ကုသိုလ်ထူး လေစွ။
ဆရာ့သမီးနှင့် သားတို့က အပိုင်း နှစ်ပိုင်းခွဲ၍ ကျမ်းနှစ်စောင်ပြုစုပြီးသည့် နောက်ပိုင်း ၂ဝ၁၃ ခုနှစ်မှ ယနေ့အထိ ဆရာသူရဇော် ဆက်လက်ဆောင်ရွက် ရေးသားလျက်ရှိသော စာပေလုပ်ငန်းများ ကို ဆရာ့အားမေးမြန်းခဲ့ရာ ဆရာက မှတ်တမ်းမှတ်ရာ ပြည့်ပြည့်စုံစုံဖြင့် ထပ်မံဖြည့်စွက်ရေးသားပေးခဲ့ပါသည်။
ဆရာသူရဇော်၏ ဘဝဖြစ်စဉ်
ဆရာသူရဇော်ကို ၁၉၄ဝ ပြည့်နှစ် မေလ ၂၈ ရက်တွင် ဟံသာဝတီခရိုင် တွံတေးမြို့နယ် ကင်းရွာကျေးရွာ၌ ဦးအောင်ခင်၊ ဒေါ်စိန်ပုတို့မှ မွေးဖွားခဲ့ ပါသည်။ ငယ်စဉ်က ဘုန်းတော်ကြီး ကျောင်းတွင် ပညာသင်ကြားခဲ့ရသည်။ လောကုတ္တရာစာပေများဖြစ်သော ပရိတ် ကြီး၊ လောကနီတိ၊ သင်္ဂြိုဟ်စသည့် ပါဠိ စာပေများ သင်ကြားရသည်။ ကဗျာရေး နည်းအခြေခံကိုလည်း သင်ကြားရသည်။ အဘိုးဖြစ်သူ ဦးဇော်ကုလားထံမှ စာပေ အမွေအနှစ်ကို ရခဲ့သည်။ အမည်ရင်းမှာ ဦးစိန်လှိုင်ဖြစ်သည်။
၁၉၅၅ ခုနှစ်တွင် ရန်ကုန်မြို့သို့ ပြောင်းရွှေ့နေထိုင်ကာ အတန်းပညာကို အလွတ်ပညာသင် ကျောင်းတက်၍ သင်ယူခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် တန်းမြင့် ကျောင်းထွက်စာမေးပွဲ အောင်မြင်သည်။ ဆရာသည် ကျောင်းစာသင်ယူရင်း တစ်ဖက်မှ ကဗျာလင်္ကာအရေးအသား ကို လေ့လာလိုက်စား၍ ၁၉၅၈ ခုနှစ်တွင် ဟံသာဝတီသတင်းစာ ကျောင်းသား ကဏ္ဍ၌ ကဗျာများ စတင်ရေးသားခဲ့သော် လည်း ကလောင်အမည် အတည်တကျ မရှိခဲ့သေးချေ။
၁၉၆၅ ခုနှစ်တွင် သူရဇော်ကလောင် အမည်ခံယူပြီး တိုင်းရင်းမေဂျာနယ်၌ ကဗျာများ ရေးသားခဲ့သည်။ ၁၉၅၉ ခုနှစ် မှ စတင်ကာ ပြည်သူ့လုပ်ငန်းကော်ပိုရေး ရှင်းရုံးချုပ်တွင် နိုင်ငံ့ဝန်ထမ်းအဖြစ် အမှု ထမ်းရင်း ၁၉၆၆ ခုနှစ်တွင် တက္ကသိုလ် ဝင်တန်းအောင်မြင်ခဲ့သည်။ တက္ကသိုလ် ပညာကို လုပ်သားများကောလိပ်တွင် သင်ယူကာ ၁၉၇၁ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ (မြန်မာစာ) ကို ရရှိခဲ့သည်။ ဘွဲ့ရပြီး လုပ်သားများ ကောလိပ်တွင်ပင် အချိန် ပိုင်းနည်းပြအဖြစ် နှစ်နှစ် ဆောင်ရွက် ခဲ့သည်။ မဟာဝိဇ္ဇာ အရည်အချင်း စစ်တန်းကို လုပ်သားများကောလိပ်မှာ ပင် နှစ်နှစ်ဆက်လက်တက်ရောက်ခဲ့ပြီး ၁၉၇၈ ခုနှစ်တွင် ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ်၌ မဟာဝိဇ္ဇာတန်းကို တက် ရောက်သင်ယူခဲ့သည်။ ၁၉၈၄ ခုနှစ်တွင် မဟာဝိဇ္ဇာဘွဲ့ကိုရရှိခဲ့ပြီး ယင်းနှစ်မှာပင် နိုင်ငံ့ဝန်ထမ်းဘဝမှ အငြိမ်းစားယူခဲ့ကာ စာပေနယ်သို့ ခြေစုံပစ်ဝင်ခဲ့သည်။
ဆရာသူရဇော်၏ စာပေနှင့် ဂီတဝါသနာ
ဆရာသူရဇော်ငယ်စဉ်က ကဗျာ လင်္ကာစာပေကို လေ့လာလိုက်စားသည့် အချိန်က များခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် “သူရဇော်” ကလောင်အမည်ခံယူသည် အထိ ရေးသားမှုထက် လေ့လာဖတ်ရှုမှု က ပိုများခဲ့သည်။ ဆရာငယ်စဉ်က ကဗျာ ရေးနည်းကျမ်းငယ်များဖြစ်သော ဆရာ ကြီး မင်းသုဝဏ်၏ “ကဗျာရေးချင် စာစပ် သင်”၊ ဆရာကြီးဦးဘိုးငွေ၏ “တန်းမြင့် ကဗျာဖွဲ့နည်း”၊ ဆရာကြီး နန်းညွန့်ဆွေ ၏ “ခေတ်မီကဗျာဖွဲ့နည်း”၊ ဆရာကြီး ဦးချစ်စရာ၏ “ကဗျာဖွဲ့နည်းကျမ်း”၊ သူရိယပဏ္ဍိတ်၏ “အမြန်ဆုံး ကဗျာ ရေးနည်း”၊ ဆရာကြီး ဦးသော်ဇင်၏ “ကဗျာလမ်းညွှန်” တို့ကိုလည်းကောင်း၊ ကျမ်းကြီးများဖြစ်သော ဆရာလွန်း (သခင်ကိုယ်တော်မှိုင်း)၏ “ကဗျာသာရတ္တ သင်္ဂြိုဟ်”၊ ပုဂံဝန်ထောက် ဦးတင်၏ “ကဗျာဗန္ဓသာရကျမ်း”၊ ပုပ္ပားဦးကျော်ရင် ၏ “ကဝိဘာရတီကျမ်း”၊ ဦးတင့်ဆွေ၏ “ကဗျာဖွဲ့နည်း နိသျှည်း”၊ ဦးထွန်းရွှေ ၏ “ကဗျာ့စွယ်စုံကျမ်းကြီး”၊ ဦးလွင်၏ “ကဗျာ သင်္ဂဟမေဒနီ” တို့ကိုလည်း ကောင်း လေ့လာဖတ်ရှုဆည်းပူးခဲ့သည်။ ထို့ကြောင့်လည်း ဆရာသူရဇော်သည် ကဗျာအောက်သက်ကျေသူတစ်ဦးဟု ဆိုက မှားမည်မထင်ပါ။
ဆရာသည် ဂီတကိုလည်း ဝါသနာထုံ သဖြင့် အသက် ၂ဝ နှင့် ၂၅ နှစ်ကြား လူငယ်ဘဝတွင် မဟာဂီတ အဆိုအတီး ကိုလည်း လေ့လာသင်ယူလိုက်စားခဲ့ သည်။ ၁၉၆၅ ခုနှစ်မှစ၍ ယနေ့တိုင် အောင် နှစ်ပေါင်း ၅၀ ကျော်မျှ ကဗျာကို စိုက်လိုက်မတ်တတ်ရေးသားခဲ့ရာ စာပေ လောက သားတို့က ကဗျာဆရာဟုပင် အသိအမှတ်ပြုကြပါသည်။ ကဗျာများ ကို အသံသာအောင်၊ အချိုးကဗျာများကို အသံကျအောင်၊ တေးထပ်ကဗျာ၊ ရတု ကဗျာတို့ကို ဆို၍ရအောင် ရေးနိုင်သည် မှာလည်း မဟာဂီတကို လိုက်စားခဲ့သဖြင့် စည်းဝါးနားလည်၍ဖြစ်ကြောင်း သိရှိရပါ သည်။
ဆရာသူရဇော်သည် တေးထပ်ပိုဒ်စုံ၊ ရတုကဗျာတို့ကို ကျွမ်းကျင်စွာ ရေးသား နိုင်ခဲ့ရုံမျှမက အတီးနှင့်တွဲဖက်၍လည်း ကိုယ်တိုင်သီဆိုနိုင်ကြောင်း တွေ့ရပါသည်။ ယခင်က “တေးကြေးမုံ”၊ “ပုဂံဂီတ”၊ “ဆောက်လုပ်ရေးအနုပညာအဖွဲ့” များ တွင် သီချင်းများသီဆို အသံလွှင့်ခဲ့သည်။ နယ်လှည့်ဖျော်ဖြေရေးများတွင် ပါဝင် သီဆိုခဲ့ပြီး ၁၉၆၅ ခုနှစ်တွင် ပထမဆုံး ဖွဲ့စည်းခဲ့သော မြန်မာနိုင်ငံ ဂီတကောင်စီ တွင်လည်း အမှတ်-၅၉၄ ဖြင့် အဖွဲ့ဝင် ဖြစ်ခဲ့ကြောင်း သိရပါသည်။
ဂန္ထဝင်ကဗျာ အကျော်အမော်
ဆရာသူရဇော်သည် မြန်မာရှေးရိုး ကဗျာ၊ ဂန္ထဝင်ကဗျာသမားအဖြစ်၊ မြန်မာ စာပေချစ်သူအဖြစ် စာပေနယ်တွင် ကျင်လည်နေသူတစ်ဦး ဖြစ်ပါသည်။ တစ်ချိန်က အမျိုးသားစာပေဆုရွေးချယ် ရေးအဖွဲ့တွင် ကဗျာဆုနှင့် ပတ်သက်၍ အယူအဆကွဲပြားမှု ဖြစ်ပေါ်ခဲ့ဖူးပါသည်။ ကဗျာဆု တစ်ဆုပဲ ပေးမည်ဆိုသော အုပ်စုနှင့် ကဗျာဆုနှစ်ဆုပေးလိုသော အုပ်စုဟူ၍ အုပ်စုနှစ်စု ရှိလာပါသည်။
တချို့က မော်ဒန်ကဗျာကို တစ်ဆု၊ ရှေးရိုးမြန်မာကဗျာ (ကာရန်ကဗျာ) ကို တစ်ဆု၊ ဆုနှစ်ဆု ပေးစေလိုသည်။ နောက်တစ်ဖွဲ့က ကဗျာဆုတစ်ဆုသာ ပေးသင့်သည်။ မော်ဒန်က ကောင်းလျှင် မော်ဒန်ကို ပေးမည်။ ရှေးရိုးစဉ်လာကဗျာ ကကောင်းလျှင် ကာရန်ပါကဗျာ (သမား ရိုးကျကဗျာ) ကို ပေးမည်ဟု အငြင်းပွား ကြခြင်း ဖြစ်ပါသည်။
မြန်မာစာပေနယ်ပယ်တွင် မြန်မာစာ ကို ထဲထဲဝင်ဝင် သိနားလည်သူ၊ ခေတ်ပေါ် စာ၊ ရှေးရိုးစာများကိုလည်း နားလည် ကျွမ်းကျင်သူ ဆရာသူရဇော်သည် သူ ယုံကြည်ရာ ဂန္ထဝင်ကဗျာဘက်မှ ခိုင်ခိုင် မာမာရပ်တည်ကာ ရဲရဲဝံ့ဝံ့ ဆွေးနွေး တင်ပြခဲ့ပါသည်။ ယုံကြည်သည့်အတိုင်း လည်း ဂန္ထဝင်ကဗျာ အကျော်အမော်ပီသ စွာ ဆုံးဖြတ်ချက်ချပြီး စာပေဆုရွေးချယ် ရေးအဖွဲ့များမှ နုတ်ထွက်ခဲ့ဖူးပါ သည်။
စွယ်စုံရ စာစုံရေးနိုင်သူ
ဆရာသည် သူရဇော်နှင့် ဦးစိန်လှိုင် (မဟာဝိဇ္ဇာ) ဟူသော ကလောင်အမည် များအပြင် ဆရာ၏ အဆိုအရ ကလောင် ပုန်းများဖြစ်သော မောင်ဇော်ထွေး၊ ငွေစန်းယုန်၊ လှိုင်၊ ရွှေကင်းစိန်၊ အင်္ဂရာဇာ တို့ဖြင့်လည်း စာစုံရေးခဲ့သည်။
ဆရာရေးသားခဲ့သည့် စာများကို အမျိုးအစားခွဲခြားရလျှင် ကဗျာ၊ ရုပ်ပြ၊ ဝတ္ထု၊ ခရီးသွား၊ ထေရုပ္ပတ္တိ၊ ဘာသာရေး၊ အတ္ထုပ္ပတ္တိ၊ တွေ့ဆုံမေးမြန်းခန်း၊ စာတမ်း၊ ကလေးကဗျာ၊ ဘာသာပြန်၊ ဂမ္ဘီရ စသည် ဖြင့် စာစုံသလို အစိုးရဝန်ထမ်းဘဝတွင် လည်း တံတားဖွင့်ပွဲများအတွက် သီချင်း များ၊ ပြဇာတ်များလည်း ရေးသားခဲ့သေး သည်။
ဆရာသည် မြသားနီလာကဗျာများ၊ ညောင်ညိုတန်းနှင့် ရေချမ်းစင်ကဗျာ များ၊ ကဗျာစိန်ပွင့်၊ မုဒိတာဝန္ဒနာကဗျာ အလင်္ကာကြိုး ကဗျာစာအုပ်များ ရေးသား ထုတ်ဝေခဲ့ပါသည်။ မုဒိတာဝန္ဒနာတွင် ရှစ်လုံးဖွဲ့ ရှစ်ပုဒ်၊ ရတု ၂၃ ပုဒ်နှင့် တေးထပ် ပုဒ် ၁၈၀ ပါဝင်ပါသည်။
ဆရာသူရဇော်သည် ၁၉၆၈ ခုနှစ် အသက် ၂၈ နှစ်အရွယ်မှာပင် “ရောင်နီဦး ကဗျာများ” စာမူဖြင့် အမျိုးသားစာပေ (ကလေးစာပေ) စတုတ္ထဆုကို ရရှိခဲ့သည်။ ၁၉၇၇ ခုနှစ်တွင် “ကျေးလက်မြင်ကွင်း စာပျိုးခင်း” စာမူဖြင့် စာပေဗိမာန် (လူငယ်စာပေ) တတိယဆုကို လည်း ကောင်း၊ ၁၉၇၈ ခုနှစ်တွင် “မြသားနီလာ ကဗျာများ” စာအုပ်ဖြင့် အမျိုးသားစာပေ (ကဗျာ) ဆုကိုလည်းကောင်း၊ ၁၉၉၅ ခုနှစ်တွင် “အချိုးကဗျာလေ့လာချက်” စာမူဖြင့် ပခုက္ကူဦးအုံးဖေစာပေဆု (ကျမ်း စာပေ) ပထမဆုကို လည်းကောင်း၊ ၂ဝ၁၉ ခုနှစ်အတွက် “စာမရီ” စာမူဖြင့် ပခုက္ကူဦးအုံးဖေစာပေဆု (ကျမ်းစာပေ) ပထမဆုကို လည်းကောင်း ဆွတ်ခူးရရှိ ခဲ့သည်။
ဆရာသည် လုံးချင်းဝတ္ထုအနေဖြင့် “သစ္စာဤမြေ၊ ငြိုးမာန်တင်းမိသူမို့၊ သံသရာခရီးသည်မလေး၊ ငွေလှေပေါ်က နှလုံးသား၊ အပြာတစ်ခြမ်း မရမ်းတစ်ဝက် စသည်တို့ကိုလည်းကောင်း၊ ဘာသာရေး စာပေအနေဖြင့် ဗုဒ္ဓလက်ထက်က ဇနီး မောင်နှံများ၊ မန်လည်ဆရာတော်၊ ထွဋ် ခေါင်ဆရာတော်၊ ဗန်းမော်ဆရာတော်၊ သင်္ဂဇာဆရာတော်နှင့် တောင်ဖီလာဆရာ တော် စသည့်ရဟန်းစာဆို ငါးပါးတို့၏ ထေရုပ္ပတ္တိများ၊ ဗုဒ္ဓလက်ထက်က အမိတ ဘောဂသူဌေးကြီးငါးဦးစာအုပ်နှင့် ဗုဒ္ဓ နှင့်ရဟန္တာများ” စာအုပ်တို့ကို လည်း ကောင်း ရေးသားထုတ်ဝေခဲ့သည်။
ဆရာသည် စာတမ်းပေါင်းများစွာ ကိုလည်း ပြုစုရေးသား ဖတ်ကြားခဲ့ ပါသည်။ သိပ္ပံမောင်ဝ ရာပြည့်စာတမ်း ဖတ်ပွဲတွင် “သိပ္ပံမောင်ဝနှင့် ကဗျာ” စာတမ်း၊ ကြည့်မြင်တိုင်မြို့နယ် စာဆို တော်နေ့အထိမ်းအမှတ် “စာပေကြည့်မြင် တိုင်” စာတမ်း၊ သုတဘဏ်စာတမ်းဖတ်ပွဲ တွင် “အချိုးကဗျာ” စာတမ်း၊ မြန်မာနိုင်ငံ လုံးဆိုင်ရာ အဘိဓမ္မာပြန့်ပွားရေးအသင်း တွင် “အဘိဓမ္မာ၏ အခြေခံသဘော တရား” စာတမ်း၊ ဆရာဇော်ဂျီမွေးနေ့ ရာပြည့်အထိမ်းအမှတ်အဖြစ် “ဆရာ ဇော်ဂျီနှင့် ကဗျာဂီတ” စာတမ်း၊ ကလေး စာပေ နှစ် ၅ဝ ရွှေရတုအထိမ်းအမှတ် အဖြစ် “ကလေးစာပေ ရွှေရတုလမ်း ကြောင်း” စာတမ်း၊ စာပေနိုဘယ်ပွဲတော် တွင် “ကလေးရေးတဲ့ ကလေးကဗျာ” စာတမ်း၊ အနုပညာဦးစီးဌာန၏ အနု သုခုမ ဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲ၌ “တေးဂီတနှင့် ဇာတ်သဘင်မှ အချိုး ကဗျာ” စာတမ်း၊ မြန်မာစာပေချစ်မြတ် နိုးသူများအသင်း စာတမ်းဖတ်ပွဲတွင် “ရတုကဗျာထွေတလာ” စာတမ်း စသည် ဖြင့် စာတမ်းပေါင်းများစွာကို အခါအခွင့် သင့်တိုင်း မညည်းမညူ အပင်ပန်းခံကာ အချက်အလက်များ လေ့လာစုဆောင်း သုတေသနပြုပြီး ရေးသားဖတ်ကြားခဲ့ သည်။
ထိုသို့ ဘဝတစ်သက်တာတစ်လျှောက် လုံး ပြည်သူ့အကျိုးပြု စာပေအမျိုးအစား ပေါင်းမြောက်မြားစွာ အားထုတ်ရေးသား ခဲ့သဖြင့် ဆရာသူရဇော်ကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက ၂ဝ၂ဝ ပြည့်နှစ် အတွက် ‘အမျိုးသားစာပေတစ်သက်တာ ဆု’ ကို ချီးမြှင့်ခဲ့သည့်အပြင် ၂ဝ၂၂ ခုနှစ် မတ်လ ၂၇ ရက်ကလည်း ‘အလင်္ကာ ကျော်စွာဘွဲ့’ ကို ထပ်မံချီးမြှင့်အပ်နှင်းခဲ့ပါသည်။
ကဗျာသမားပီပီ
၁၉၉၉ ခုနှစ် ဇွန်လ ၇ ရက်နှင့် ၈ ရက် နေ့များတွင် ယဉ်ကျေးမှုဝန်ကြီးဌာနက ကျင်းပခဲ့သော စာရေးဆရာကြီး သိပ္ပံ မောင်ဝ နှစ်တစ်ရာပြည့် အထိမ်းအမှတ် စာတမ်းဖတ်ပွဲ၌ စာတမ်း ရှစ်စောင် တင်သွင်းဖတ်ကြားခဲ့ရာ ဆရာသူရဇော် ၏ “သိပ္ပံမောင်ဝနှင့် ကဗျာစာပေ” စာတမ်း လည်း တစ်ခုအပါအဝင် ဖြစ်ပေသည်။
ဆရာသူရဇော်သည် စာတမ်းတစ်စောင်ရေးသားပြုစုဖတ်ကြားရန် အခွင့် ကြုံလာစဉ် “ဘာရေးမလဲ” ဟု စဉ်းစား သောအခါ ကဗျာရေးသူ၊ ကဗျာသမား တစ်ယောက်ပီပီ ကဗျာနှင့် ပတ်သက်ရာ ကိုသာရေးမည်ဟု စိတ်ကူးရခဲ့ပါသည်။ စိတ်ကူးရခဲ့သည့်အတိုင်း စကားပြေ ဆရာကြီး သိပ္ပံမောင်ဝဟု ထင်ရှားသည့် ပုဂ္ဂိုလ်ကြီး၏ အတော်လျှို့လျှို့ဝှက်ဝှက် ရေးခဲ့ဟန်တူသော ကဗျာများကို ဆရာ သူရဇော်က ကောက်ရိုးပုံထဲတွင် အပ်ကို ရှာရသည့်ပမာ စာအုပ်ပေါင်းများစွာအားခဲခဲယဉ်းယဉ်း နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေ ဖတ်ရှုခဲ့ရပါသည်။
ဆရာသူရဇော်၏ ကြိုးပမ်းအားထုတ် မှုကြောင့် ကဗျာဆရာ သိပ္ပံမောင်ဝဟု ကင်ပွန်းတပ်လိုက တပ်နိုင်အောင် သိပ္ပံ မောင်ဝ၏ ကဗျာများကို စာတမ်းဖတ်ပွဲ တွင် ဖော်ထုတ်တင်ပြနိုင်ခဲ့ပါသည်။
ဆရာသူရဇော်၏ အယ်ဒီတာဘဝ
ဆရာသည် မူလက ကဗျာဆရာ ဖြစ်ရန်သာ ရည်ရွယ်၍ ကဗျာများ ရေးသားရာမှ နောက်ပိုင်း စာအစုံရေးသူ ဖြစ်လာပြီး လုံးဝမရည်ရွယ်ခဲ့သော အယ်ဒီတာဘဝသို့ ရောက်ခဲ့ရသည်။ ဆရာသည် ၁၉၈၄ ခုနှစ်တွင် စာပေ လုပ်သားမဂ္ဂဇင်း၏ ပထမဦးဆုံး အယ်ဒီတာဖြစ်ခဲ့သည်။ စာပေလုပ်သား မဂ္ဂဇင်း အယ်ဒီတာအဖြစ် တစ်နှစ်တာဝန် ထမ်းဆောင်ပြီး သပြေတေးမဂ္ဂဇင်း၊ စစ်ပြန်မဂ္ဂဇင်း၊ စံပယ်ဖြူ မဂ္ဂဇင်းများတွင် အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် ခတ္တိယ အသုံးချသိပ္ပံ နှင့် နည်းပညာဂျာနယ်တွင် တာဝန်ခံ စာတည်းအဖြစ် ဆောင်ရွက်ခဲ့ပြီး ၂ဝဝဝ ပြည့်နှစ်တွင် အနားယူခဲ့သည်။ ၂ဝဝ၂ ခုနှစ် တွင် ဂန္ထဝင်မဂ္ဂဇင်းတွင် အယ်ဒီတာအဖြစ် ထမ်းဆောင်ခဲ့ပြန်သည်။ ထို့နောက် ပိတောက်နွယ်မဂ္ဂဇင်း၊ ဓမ္မဒူတဘာသာ ရေးမဂ္ဂဇင်းတို့တွင် တာဝန်ထမ်းဆောင် ရင်း အယ်ဒီတာဘဝကို ၃၃ နှစ်တိုင်တိုင် ဖြတ်သန်းခဲ့သည်။
ကလေးများကိုချစ်သော ဆရာသူရဇော်
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန် က မြန်မာစာပေလောကနှင့် စာပေ ပညာရှင်များ၏အကျိုးကို သယ်ပိုးလို သောစေတနာနှင့် စာပေနှီးနှောဖလှယ်ပွဲ များ၊ စာတမ်းဖတ်ပွဲများကို ၁၉၆၅ ခုနှစ်မှ စပြီး အစဉ်တစိုက် ကျင်းပပေးလျက်ရှိရာ ၁၉၈၁ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်မှ ၂၇ ရက်အထိ သုံးရက်တိုင်တိုင် ကျင်းပ ပြုလုပ်ခဲ့သော “မြန်မာကဗျာ စာတမ်းဖတ် ပွဲ” လည်း တစ်ခုအပါအဝင် ဖြစ်ပါသည်။
အဆိုပါ စာတမ်းဖတ်ပွဲတွင် သဘာ ပတိ ဆရာကြီးဦးသိန်းဟန် (ဇော်ဂျီ) က မြန်မာကဗျာ စာတမ်းဖတ်ပွဲ မိတ်ဆက် နိဒါန်းတွင် “အခုအခါမှာ မြန်မာကလေး ကဗျာများဟာ တစ်ဟုန်ထိုး တိုးတက် လာတော့ ဒီကဗျာများရဲ့ အကြောင်းအရာ နဲ့ အရည်အသွေးတို့ကို သုံးသပ်ဖို့ လိုအပ် လာပြီလို့ ယူဆပါတယ်။ ဒါကြောင့် မြန်မာကလေးကဗျာစာတမ်းကို တင်ပြ ခြင်းဖြစ်ပါတယ်” ဟု ထည့်သွင်းပြော ကြားခဲ့ပါသည်။
အထက်ပါ လိုအပ်ချက်ကို ဖြည့် ဆည်းခဲ့သူမှာ ဆရာသူရဇော်ပင် ဖြစ် သည်။ ဆရာက “မျက်မှောက်ကာလတွင် ကလေးကဗျာရေးဖွဲ့သူ များပြားလာခြင်း မှာ ကလေးများအတွက် ကောင်းသော လက္ခဏာဖြစ်ပါသည်။ ကလေးကဗျာ စာအုပ်များ ထိုက်သင့်သလောက် ထွက် လာခြင်းမှာ ဝမ်းသာဖွယ် ဖြစ်ပါသည်။ စာနယ်ဇင်းများအနေဖြင့် ကလေးကဗျာ ကို အထိုက်အလျောက် နေရာပေးကြ သည်။ လုံးဝကျေနပ်ဖွယ်မဟုတ်သည့် တိုင် ကလေးကဗျာများကို လစဉ်မြင်တွေ့ ကြရ၍ ပီတိဖြစ်ရပါသည်” ဟု နိဒါန်းပျိုး လျက် “ကလေးကဗျာများ ဖွဲ့ဆိုကြရာ တွင် ကဗျာဆရာတို့၏ ရည်ရွယ်ချက် အမြောက်အမြား ရှိကြပါသည်။ ထားရှိ သောရည်ရွယ်ချက်များမှာလည်း ကလေး များအတွက် အကောင်းချည်းဖြစ်မည် မှာ သေချာပါသည်။ ရည်ရွယ်ချက်ကို ဖော်ကျူးသော အကြောင်းအရာသည် ကလေးကို ဖျော်ဖြေမှုပေးခြင်း၊ အသိ ဉာဏ်ဗဟုသုတပေးခြင်းနှင့် ဆုံးမခြင်း စသည့်အချက်ကြီးသုံးခုတွင် စုဝေးတည် ရှိပါသည်။ ထို အချက်ကို ကလေးလက်ခံ အောင်ပေးတတ်ဖို့ အရေးကြီးပါသည်။ ယင်းကိစ္စသည် ကလေးကဗျာ၏ အသက် သွေးကြောဖြစ်ပါသည်။ ပညာပေးလို စိတ်၊ ဆုံးမလိုစိတ် အလောတကြီးဖြစ်လာ လျှင် စေတနာမှန်သော်လည်း အပေး မတော်သဖြင့် ဝေဒနာဖြစ်တတ်သည် ကို သတိမူကြရပါမည်။ ကလေး၏ အရွယ်၊ ဗီဇစိတ်၊ ဉာဏ်ရည် စသည်တို့ကို မတွက်ဆ၊ မချင့်ချိန်ဘဲ စေတနာ အလောတကြီးဖြင့် ပေးအပ်မိပါက အကျိုးထက် အပြစ်ဖြစ်ဖို့ များပါသည်။ ပညာကို အတုံးလိုက်၊ အတစ်လိုက်ပေး ရန် မဟုတ်ပါ။ ပညာလည်း ရစေ၊ ဖတ်၍ လည်း စိတ်ပျော်ရွှင်စေဟု ဆိုချင်ပါသည်” ဟု ကလေးများကို ချစ်တတ်သော ဆရာ သူရဇော်က စေတနာအမှာစကား လက် ဆောင်ပါးခဲ့ပါသည်။
ထို့ပြင် “ကလေးကို ပညာပေးမယ်၊ ဆုံးမမယ်ဆိုရင် သကြားအုပ်ထားတဲ့ ဆေးကိုကျွေးတဲ့ နမူနာကို ယူရမယ်။ သူတို့ကို ပညာပေးမှန်း၊ ဆုံးမမှန်း မသိစေ ရဘူး၊ ဒါမှ ကလေးတွေ နှစ်သက်တဲ့ ကဗျာဖြစ်မယ်”ဟု ဆရာကြီးမင်းသုဝဏ် မိန့်ကြားခဲ့သည့်အတိုင်း ကလေးကဗျာ ရေးသားသူများသည် ပညာပေးဆုံးမ ခြင်းဖြင့် ကလေးများကို ဆေးခါးကြီး မတိုက်စေလိုကြောင်း၊ သကြားအုပ်ထား သော ဆေးမျိုးနှင့် သကြားလုံးချိုချို ကလေးများကို ကျွေးစေ လိုကြောင်းလည်း ဆရာသူရဇော်က စေတနာကောင်းဖြင့် ထပ်လောင်း တိုက်တွန်းနှိုးဆော်ထားပါ သည်။
“ကလေးများမှာ အပြစ်ကင်းလွန်း လှသည်။ အပြစ်ကင်းသောကြောင့်လည်း ကလေးများကို ချစ်ကြသည်။ ထိုသို့ ချစ်ကြသဖြင့် (ဆက်လက်ဖော်ပြပါမည်)
- Log in to post comments