
ဂွ ဇွန် ၉
ရခိုင်ပြည်နယ် ဂွမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများ ဓာတ်မြေသြဇာစျေးကြီးမြင့်မှုပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် အီးအမ်ဘိုကာရှီ မြေဆွေးပုံများ စံနမူနာလက်တွေ့ သရုပ်ပြ ပြုလုပ်ဆောင်ရွက်မှုကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါသရုပ်ပြမှုကို ဂွမြို့နယ်အတွင်းရှိ တောင်သူ များ စွန့်ပစ်အမှိုက်၊ စွန့်ပစ်တိရစ္ဆာန် အညစ်အကြေးများကို အကျိုးရှိရှိအသုံးပြုပြီး သီးနှံအထွက်နှုန်းတိုးတက်ရေး အတွက် ကုန်ကျစရိတ်သက်သာစွာ ရရှိနိုင်စေရန်ရည်ရွယ်၍ ပြုလုပ်ပြသရခြင်းဖြစ်ကြောင်းနှင့် မြေဆွေးပုံတစ်ပုံလျှင် အလွှာ ခြောက်လွှာပြုလုပ်ကာ တစ်လွှာတွင် စွန့်ပစ်အမှိုက် (ကောက်ရိုး၊ မြေပဲရိုး၊ မြေပဲခွံ၊မြက်ခြောက်/အစို၊ နှမ်းရိုး၊ စပါးခွံ) ၆ လက်မထည့်ပြီး တင်လဲရည် လီတာဝက်နှင့် အီးအမ် လီတာဝက်ကို ရေဖျော်ဖျန်းပြီးလျှင် ဖွဲနု လေးဘူး ဖြူးရ ကြောင်း၊ နွားချေး/ကဿ်ချေး ရှစ်ပြည်ထည့်လျှင် တစ်လွှာရရှိပြီး အဆိုပါအတိုင်း ခြောက်လွှာပြုလုပ်လျှင် အီးအမ်ဘိုကာရှီမြေဆွေး တစ်ပုံရရှိမည်ဖြစ်ကြောင်း၊ အီးအမ်ဘိုကာရှီမြေဆွေးများကို အပေါ်မှ ပလတ်စတစ် အမည်းစနှင့် လေလုံအောင် ဖုံးအုပ်ပေးရမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်ထွန်းလင်းက တောင်သူ များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်(ပြန်/ဆက်)