
နေပြည်တော် အောက်တိုဘာ ၁၄
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းသည် ယမန်နေ့ ညပိုင်းက Global Summit on Sputnik V and Sputnik Light Russian Direct Investment Fund Gamaleya National Center မော်စကိုမြို့၌ Virtual စနစ်ဖြင့် ပြုလုပ်သည့် Sputnik-V နှင့် Sputnik Light ၏ ကိုဗစ်-၁၉ ရောဂါ အပေါ် ထိရောက်စွာ ကာကွယ်ပေးနိုင်မှုနှင့်ပတ်သက် သည့် ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားသို့ တက်ရောက် သည်။
ရှင်းလင်းပြောကြား
အစည်းအဝေးတွင် Russian Direct Investment Fund, CEO Mr. Kirill Dmifriev က ရုရှားဖက်ဒရေးရှင်း နိုင်ငံမှ ထုတ်လုပ်သော Sputnik V and Sputnik Light ကာကွယ်ဆေးများ၏ အာနိသင်ထက်မြက်မှုနှင့် ဘေးအန္တရာယ် ကင်းရှင်းမှုဆိုင်ရာတွေ့ရှိချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် နိုင်ငံအသီးသီး မှ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက်ပိုင်း တွင် စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည့် ကိုဗစ်ကာလနှင့် ကိုဗစ်အလွန်ကာလများတွင် MSMEs လုပ်ငန်းများ ရှင်သန်ရေးနှင့် ဖွံ့ဖြိုးရေးအတွက် မဟာဗျူဟာချမှတ်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်အမှာစကားပြောကြားသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဆက်စပ်ဝန်ကြီး ဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌနှင့် ညီနောင်အသင်းများမှ တာဝန် ရှိသူများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာချာလီသန်းက နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူတို့၏ လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အရေးပါ သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် တာဝန်ခံဝန်ကြီးဌာနအဖြစ် ဆောင်ရွက် လျက်ရှိကြောင်း၊ ယှဉ်ပြိုင်နိုင်စွမ်းနှင့် တီထွင်ဆန်းသစ် မှုရှိသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ရှင်သန်တိုးတက်စေရန် အတွက် လူ့စွမ်းအားအရင်းအမြစ်၊ နည်းပညာဖွံ့ဖြိုး မှုနှင့် တီထွင်ဖန်တီးတတ်မှု၊ ငွေကြေးအရင်းအမြစ်၊ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေး၊ ဈေးကွက်ရရှိရေး၊ သင့်လျော်သော အခွန်အကောက် နှင့် လုပ်ထုံးလုပ်နည်းများ၊ လုပ်သာကိုင်သာရှိသော စီးပွားရေးဝန်းကျင်ကောင်းများ ရရှိရေးတို့ကို ကူညီ ထောက်ပံ့ပေးရမည်ဖြစ်ကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်းဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများသည် လက်တွေ့ လုပ်ငန်းနယ်ပယ်၌ တွေ့ကြုံနေရသည့် အခက်အခဲ များကို အစိုးရ၏မူဝါဒပိုင်းဆိုင်ရာများနှင့်ချိတ်ဆက် ပြီး ဖြေရှင်းဆောင်ရွက်နိုင်ရန်နှင့် လက်တွေ့ဆန်ပြီး အောင်မြင်သော အစပျိုးဆောင်ရွက်မှုများ ချမှတ်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆွေးနွေးပြောကြား
ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းတို့က MSME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဟာဗျူဟာ များချမှတ်ရေး၊ မဟာဗျူဟာများချမှတ်ရာတွင် ရေးဆွဲထားရှိသည့် CERP ၊ MERP တို့နှင့် ချိတ်ဆက် ဆောင်ရွက်ရေးနှင့် MSME များ ဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်း ဆောင်ရွက်သွားမည့်အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားကြသည်။
ထို့နောက် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌက MSME များ ကြုံတွေ့နေရသည့်အခက်အခဲများကို လည်းကောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များက လုပ်ငန်း ဆောင်ရွက်မှုများနှင့် လက်ရှိကြုံတွေ့နေရသော အခက်အခဲများကို လည်းကောင်း၊ SME စီးပွားရေး လုပ်ငန်းကျွမ်းကျင်သူပညာရှင်များက လုပ်ငန်းရှင် များ တွေ့ကြုံနေရသည့် လက်ရှိအခြေအနေများ နှင့် ပြုပြင်ဆောင်ရွက်သင့်သည့်အချက်များကို လည်းကောင်း၊ “စုပေါင်းဆောင်ရွက်ခြင်းဖြင့် အများ ပူးပေါင်းပါဝင်မှုများနှင့် အကျုံးဝင်သော စီးပွားရေးပုံစံ မှသည် အောင်မြင်သောလုပ်ငန်းများအဖြစ် အကောင် အထည်ဖော်နိုင်မှုများ” နှင့် ပတ်သက်၍လည်းကောင်း၊ “မြန်မာ့ရေလုပ်ငန်းများ နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင် ရန်အတွက် တွေ့ကြုံနေရသည့် လက်ရှိအခြေအနေ များနှင့် ပြုပြင်ဆောင်ရွက်သင့်သည့် အချက်များ” ကို လည်းကောင်း၊ “MSME လုပ်ငန်းရှင်များနှင့် အကြီးစား လုပ်ငန်းများ ချိတ်ဆက် ဆောင်ရွက်နိုင်သည့် နည်းလမ်း များ” ကိုလည်းကောင်း ဆွေးနွေးကြပြီး တက်ရောက် လာသူများ၏ မေးမြန်းချက်များကို တာဝန်ရှိသူများ က ပြန်လည်ရှင်းလင်းဖြေကြားကြသည်။
ယင်းနောက် The Center for Economic and Social Development Director ဒေါက်တာဇော်ဦး နှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် အထွေထွေအတွင်းရေး မှူးချုပ် ဦးအေးဝင်းတို့က MSME လုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာ ပညာရှင်များ၏ ဆွေးနွေးတင်ပြမှုများ အပေါ် သုံးသပ်အကြံပြုဆွေးနွေးကြသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာ ၁၅ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရ သည်။
သတင်းစဉ်