ဂါဇာပြည်သူများအတွက် စားနပ်ရိက္ခာထောက်ပံ့ရေးပစ္စည်းများသယ်ဆောင်လာသော သင်္ဘောတစ်စင်း ဆိုက်ပရက်စ်ဆိပ်ကမ်းမှ ထွက်ခွာလာပြီဖြစ်

လာနာကာ မတ် ၁၂ 


ဂါဇာပြည်သူများအတွက် စားနပ်ရိက္ခာအထောက်အပံ့ ပစ္စည်းများ သယ်ဆောင်လာသော  သင်္ဘောတစ်စင်း သည်   မြေထဲပင်လယ်ရှိ   ဆိုက်ပရက်စ်ဆိပ်ကမ်းမှ ထွက်ခွာလာပြီဖြစ်သည်။ 


ဂါဇာသို့  လူသားချင်းဆိုင်ရာ  အကူအညီများ ပို့ဆောင်ရန်အတွက်   ဆိုက်ပရက်စ်  ရေကြောင်း စင်္ကြံမှ ပထမဆုံး သင်္ဘောတစ်စင်း  စတင်ထွက်ခွာ လာပြီဖြစ်ကြောင်းနှင့် ယခုလို  အကူအညီများပေးပို့ ခြင်းသည် ဂါဇာအရပ်သားများအတွက် အသက်ကယ် လမ်းကြောင်း တစ်ခုပင်ဖြစ်ကြောင်း   ဆိုက်ပရက်စ် သမ္မတ နီကိုးစ်ခရစ်စတိုဒိုလီဒက်စ်သည်  မတ်  ၁၂ ရက်က လူမှုမီဒီယာပေါ်တွင် ပြောကြားခဲ့သည်။

 
ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလီယန် က လွန်ခဲ့သော  သီတင်းပတ်တွင်   အာရပ်စော်ဘွားများ ပြည်ထောင်စုနှင့်တခြားသော စေတနာရှင်နိုင်ငံများပူးပေါင်းပြီး အစားအသောက်နှင့် ထောက်ပံ့ရေး ပစ္စည်းများ   ဂါဇာသို့   သင်္ဘောဖြင့်  ပို့ဆောင်ရန် အစီအစဉ်တစ်ခုကို ကြေညာခဲ့သည်။ 


သင်္ဘောသည် ဂါဇာသို့ ရောက်ရှိရန် နာရီပေါင်း ၆၀ ခန့်   ကြာမြင့်မည်ဖြစ်ကြောင်း   ဆိုက်ပရက်စ် နိုင်ငံခြားရေးဝန်ကြီးဌာန   ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။   အဆိုပါ      သင်္ဘောပေါ်တွင် အစားအစာနှင့် ဆေးဝါးများအပါအဝင် ထောက်ပံ့ရေး ပစ္စည်း တန်ချိန် ၁၅၀ ပါရှိသည်။ 


အစ္စရေးတပ်ဖွဲ့များ   ဆက်လက်ထိုးစစ်ဆင်နွှဲ နေချိန်တွင်   ဂါဇာ၌     အစားအစာပြတ်လပ်ခြင်း သည် စိုးရိမ်ဖွယ် ပြဿနာတစ်ရပ်ဖြစ်သည်။ ဂါဇာ မြောက်ပိုင်း၌   အာဟာရချို့တဲ့ခြင်းနှင့်  ရေဓာတ် ခန်းခြောက်ခြင်းကြောင့်   သေဆုံးသူများရှိကြောင်း ဖော်ပြထားသည်။                

    
အင်န်အိတ်ချ်ကေ