
ဂါဇာ မတ် ၉
အမေရိကန်၊ ဥရောပသမဂ္ဂနှင့် အခြားသောနိုင်ငံများ သည် ပင်လယ်စင်္ကြံလမ်းကြောင်းမှတစ်ဆင့် ဂါဇာ ကမ်းမြောင်သို့ စားနပ်ရိက္ခာအကူအညီနှင့် အခြားကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းများ ပံ့ပိုးပေးနိုင်ရေး လုပ်ဆောင်လျက်ရှိကြောင်း နိုင်ငံတကာသတင်း တစ်ရပ်တွင် ဖော်ပြထားသည်။
ဂါဇာဒေသခံများမှာ ငတ်မွတ်ခေါင်းပါးမှုဘေး ကျရောက်လုနီးနှင့် ရင်ဆိုင်နေရကြောင်း ကူညီ ကယ်ဆယ်ရေးလုပ်သားများက သတိပေးပြီးနောက် ဂါဇာသို့ ပံ့ပိုးပေးနိုင်ရေး အဆိုပါလှုပ်ရှားဆောင်ရွက်မှု ထွက်ပေါ်လာခြင်း ဖြစ်သည်။ အစ္စရေးသည် ဂါဇာသို့ ဝင်ရောက်နိုင်သည့် ကုန်းလမ်းအားလုံးနီးပါးကို ဖြတ်တောက်ထားသည်။
ဂါဇာကမ်းမြောင်သို့ ဝေဟင်မှတစ်ဆင့် ထောက်ပံ့ ကူညီမှုများ ချထားပေးသော်လည်း စားနပ်ရိက္ခာနှင့် ဆေးဝါးပြတ်တောက်မှုအတွက် လုံလောက်မှုမရှိ ကြောင်း သိရသည်။ ယာယီရေပေါ်ဆိပ်ခံတံတား အသုံးပြုနိုင်သော ရေကြောင်းစင်္ကြံလမ်းကြောင်း တစ်ခု ထူထောင်မည်ဟု အမေရိကန်တာဝန်ရှိသူ များက ထုတ်ပြန်ကြေညာခဲ့သည်။ ဥရောပသမဂ္ဂ သည် အဆိုပါအစီအစဉ်သို့ ပူးပေါင်းပါဝင်သည့် မိတ်ဖက်များထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။
ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗန်ဒါ လေရန်းသည် ပြင်ဆင်ဆောင်ရွက်မှုအချို့ကို ကြည့်ရှု ရန် ဆိုက်ပရက်စ်ရှိ ဆိပ်ကမ်းတစ်ခုသို့ သွားရောက် ခဲ့သည်။ သောကြာနေ့မတိုင်မီ ပထမဆုံး ရှေ့ပြေး ဆောင်ရွက်လှုပ်ရှားမှု ပေါ်ပေါက်လာဖွယ်ရှိကြောင်း နှင့် အခက်အခဲများစွာရှိသော်လည်း လက်ရှိမှာ စင်္ကြံ ဖွင့်လှစ်နိုင်ရေး အလွန်နီးကပ်လာပြီဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
အင်န်အိတ်ချ်ကေ