ဂါဇာစီးတီး ဧပြီ ၂၆
ဂါဇာကမ်းမြှောင်ဒေသ၌ ဆယ်စုနှစ် နှစ်ခုကျော်အတွင်း ပထမဆုံးအကြိမ် ရွေးကောက်ပွဲကျင်းပရာ ပါလက်စတိုင်းပြည်သူများက ဆန္ဒမဲများပေးခဲ့ကြောင်း သိရသည်။
အစ္စရေးတို့ သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းနှင့် ဂါဇာအလယ်ပိုင်းရှိ ဒဲရ်အယ်လ်ဘာလား မြို့တို့တွင် ရွေးကောက်ပွဲများကို ဧပြီ ၂၄ ရက်က ကျင်းပခဲ့သည်။
အစ္စရေးနှင့် ဟားမတ်စ်တို့ကြား နှစ်နှစ်ကြာ ပဋိပက္ခအတွင်း ပျက်စီးဆုံးရှုံးမှုများကြောင့် အခြားသောနေရာများတွင် မကျင်းပဘဲ ဒဲရ် အယ်လ် ဘာလားမြို့၌ ရွေးကောက်ပွဲကျင်းပရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
အမေရိကန် ကျောထောက်နောက်ခံပြုထားသည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ပြီးခဲ့သည့် အောက်တိုဘာလက အသက်ဝင်လာပြီး နောက်ပိုင်း အစ္စရေးက ဂါဇာကမ်းမြှောင်၌ မကြာခဏ တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်လျက်ရှိသည်။ ပြီးခဲ့တဲ့ ခြောက်လအတွင်း ၈၀၀ ကျော် သေဆုံးခဲ့ကြောင်း ဂါဇာအာဏာပိုင်များက ပြောကြားခဲ့သည်။
အဆိုပါရွေးကောက်ပွဲသည် ဂါဇာပြည်သူများအတွက် သိသာထင်ရှားသော အပြောင်းအလဲတစ်ခု ဖြစ်လာနိုင်ကြောင်း မဲဆန္ဒရှင်တစ်ဦးက ပြောကြားခဲ့သည်။
ဟားမတ်စ်က ရွေးကောက်ပွဲတွင် တရားဝင် မပါဝင်သော်လည်း ကိုယ်စားလှယ်လောင်းတချို့သည် ဟားမတ်စ်အဖွဲ့နှင့် ဆက်နွှယ်လျက်ရှိကြောင်း မီဒီယာအချို့က ပြောကြားခဲ့သည်။
ရွေးကောက်ပွဲရလဒ်များသည် ဟားမတ်စ်အဖွဲ့အပေါ် ပြည်သူလူထု၏သဘောထားကို ပြသနိုင်သည့်အတွက် ရွေးကောက်ပွဲရလဒ်များကို အာရုံစိုက်လျက်ရှိကြောင်း သိရသည်။
နောက်ဆုံးရလဒ်များကို ဧပြီ ၂၆ ရက် အစောပိုင်းတွင် ထုတ်ပြန်နိုင်ဖွယ်ရှိကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်



