
ကိုင်ရို အောက်တိုဘာ ၂၄
စစ်ဒဏ်ခံဂါဇာကမ်းမြောင်ဒေသအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာပစ္စည်းများ တင်ဆောင် ထားသော လေယာဉ်များသည် အောက်တိုဘာ ၂၃ ရက်က အီဂျစ်နိုင်ငံ အယ်လ်အာရစ်လေဆိပ်သို့ ရောက်ရှိခဲ့သည်။
ဂါဇာကမ်းမြောင်ဒေသအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ပစ္စည်းများတင်ဆောင်လာသော အယ်လ်ဂျီးရီးယား၊ ကူဝိတ်၊ အီရတ်၊ တူကီယဲနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) တို့မှ လေယာဉ်များ သည် ရာဖာနယ်စပ်ဖြတ်ကျော်နေရာမှ ကီလိုမီတာ ၄၀ ကျော် ကွာဝေးသော အဆိုပါလေဆိပ်သို့ရောက်ရှိ ခဲ့ကြောင်း အီဂျစ်ကြက်ခြေနီအသင်းက ၎င်း၏ တရားဝင် ဖေ့ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြခဲ့သည်။
ထို့ပြင် ဂါဇာကမ်းမြောင်ဒေသအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပစ္စည်း များ တင်ဆောင်လာသော ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ လေယာဉ်နှစ်စင်းလည်း အယ်လ်အာရစ်လေဆိပ် သို့ ရောက်ရှိနေပြီဖြစ်ကြောင်း နိုင်ငံပိုင် အာရမ်ဂိတ် သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။ တူကီယဲ ကျန်းမာရေးဝန်ကြီး ဖာရက်တင်ကိုကာကလည်း တူကီယဲသည် ကုန်တင်လေယာဉ် နှစ်စင်းကို အီဂျစ်သို့ ပို့ဆောင်ခဲ့ကြောင်း အောက်တိုဘာ ၂၃ ရက်က ပြောကြားခဲ့သည်။ ထို့အတူ နောက်ထပ် ကူညီထောက်ပံ့ရေးပစ္စည်းများ ထပ်မံတင်ဆောင် ထားသည့် လေယာဉ်နှစ်စင်းကိုလည်း ထပ်မံ စေလွှတ်သွားမည်ဖြစ်ကြောင်း ပြောခဲ့သည်။
အဆိုပါလေယာဉ်တွင် ဆရာဝန် ၂၀ ပါဝင်သည့် ဆေးဘက်ဆိုင်ရာအသင်းတစ်သင်းလည်း လိုက်ပါ လာမည်ဖြစ်ကြောင်း ၎င်းက လူမှုမီဒီယာပလက် ဖောင်းတစ်ခုဖြစ်သော အိတ်စ်တွင် ဖော်ပြခဲ့သည်။ ယင်းနေ့ အစောပိုင်းကလည်း အီဂျစ်ကြက်ခြေနီ အသင်းက နောက်ထပ် အကူအညီပေးရေးယာဉ်တန်း ကို ပါလက်စတိုင်းကြက်ခြေနီအသင်းသို့ စေလွှတ် ခဲ့ကြောင်း ပြောခဲ့သည်။
ပါလက်စတိုင်း ကြက်ခြေနီအသင်းကလည်း ၎င်းတို့သည် လူသားချင်းဆိုင်ရာကူညီထောက်ပံ့ ရေးပစ္စည်းများတင်ဆောင်လာသော ကုန်တင်ကား ၂၀ ပါ တတိယယာဉ်တန်းကို လက်ခံခဲ့ကြောင်း ကြေညာခဲ့သည်။ ယင်းနေ့ အစောပိုင်းကလည်း မြောက်ပိုင်း ဆိုင်နိုင်းအစိုးရအဖွဲ့က အကူအညီ ပေးရေး လေယာဉ် ၂၇ စင်း မြောက်ပိုင်းဆိုင်နိုင်း အယ်လ်အာရစ်လေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း ကြေညာခဲ့သည်။ ဂျော်ဒန်၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ရုရှား၊ တူကီယဲ၊ ဘရာဇီးနှင့် ကုလသမဂ္ဂအေဂျင်စီအဖွဲ့များမှ လူသားချင်းဆိုင်ရာ အကူအညီပေးရေးပစ္စည်းများ တင်ဆောင်ထားသော လေယာဉ်များသည် အောက်တိုဘာ ၁၂ ရက် ကတည်းက အကူအညီပစ္စည်းများ ပေးပို့နေခဲ့ ကြောင်း သိရသည်။
အောက်တိုဘာ ၇ ရက်တွင် ဟားမားစ်နှင့် အစ္စရေးတို့ တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန် တိုက်ခိုက်ချိန်မှစကာ ယခုအချိန်အထိ နှစ်ဖက် စလုံး သေဆုံးသူ ၆၀၀၀ ကျော်ရှိလာပြီဖြစ်သည်။
ဆင်ဟွာ