ဂီတစွမ်းအား ပြည်ထွန်းကား

Type
1

 

 

စန်းနီလာဝင်း

စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်အနုပညာသည် စည်းရုံးရေး ဩဇာရော ပညာပေးဩဇာပါ အစွမ်းထက်မြက်လှသော လူထုဆက်သွယ်ရေး ကိရိယာဖြစ်သည်။ သရုပ်မှန်အနုပညာသည် တိုင်းကျိုးပြည်ပြု၊ ပြည်သူ့အနုပညာပင် ဖြစ်သည်။ သရုပ်မှန် အနုပညာသည် ပြည်ထောင်စု မျိုးချစ်စိတ်ဓာတ်ထက်သန်ရေးနှင့် ဇာတိသွေးဇာတိမာန်ရှင်သန်မှုကို ရှေးရှုပါသည်။ အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ မြင့်မားရေးကို များစွာအထောက်အကူ ပြုပါသည်။ သရုပ်မှန်အနုပညာတွင် ရသ မြောက်သော ဖြေဖျော်မှုများပါဝင်ပြီး အမျိုးသားရေးကို သွေဖည်ဆန့်ကျင်ခြင်း လုံးဝမရှိပါ။
ထို့ကြောင့် ယဉ်ကျေးမှု မနုဿဗေဒပညာရှင် တို့က “ယဉ်ကျေးမှုအနုပညာသည် လူနှင့် ပတ်ဝန်း ကျင်ကို လွှမ်းမိုးထိန်းချုပ်နိုင်ရန်အတွက်   လူတို့ ဖန်တီးထုတ်လုပ်သော        အရာများဖြစ်သည်။ ထိုယဉ်ကျေးမှုတွင် စာပေ၊ ဂီတ၊ သဘင်၊ ရုပ်ရှင်၊ ပန်းချီ၊ ပန်းပုအနုပညာတို့ဖြင့်    မိမိတို့လူမျိုး၏ ယဉ်ကျေးမှုအဆင့်အတန်းကို  တိုင်းတာပြသနိုင် သည်” ဟု ဖွင့်ဆိုထားသည်ကို    တွေ့ရသည်။
သုတမျိုးစုံကို ပေးစွမ်းနိုင်
တေးဂီတဟူသည်   သာယာငြိမ့်ညောင်းခြင်း၊ ချိုလွင်သံသာခြင်းတို့ဖြင့် နားဆင်သူ၏ သောတ အာရုံကို ဖမ်းစားနိုင်စွမ်းရှိသော  ပင်ကိုစွမ်းရည် ရှိသည်။ ရေမြေတောတောင်  သဘာဝအလှအပများ ကိုလည်း ဖွဲ့နွဲ့သီကျူးပုံဖော်ပြသနိုင်ပါသည်။ ရိုးရာ အစဉ်အလာ ဓလေ့ထုံးစံများကိုလည်း ဖွဲ့နွဲ့သီကျူး ဖော်ပြနိုင်သည်။   ချစ်ခင်ဖွယ်၊   လွမ်းဆွတ်ဖွယ်၊ ဝမ်းနည်းဖွယ်၊  ကြေကွဲဖွယ်၊ ပျော်ရွှင်ဖွယ်၊ ရယ်ရွှင် ဖွယ်၊ ရဲရင့်ဖွယ်၊ ကြောက်ရွံ့ဖွယ်၊ တည်ငြိမ်ရင့်ကျက် ဖွယ် စသည့် သုတမျိုးစုံကို ပေးစွမ်းနိုင်စွမ်းရှိပါသည်။ ဤတွင်မက   မိမိတို့၏    အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်၊ ပြည်ထောင်စုမျိုးချစ် စိတ်ဓာတ်များ ရှင်သန်ပေါက်ဖွား   ခိုင်မြဲစေသည့် ဝိသေသဂုဏ်အင်သတ္တိများရှိနေပါသည်။ ထို့ကြောင့် ဂီတအနုသုခမပညာနယ်ပယ်တွင်   “ဂီတသာလျှင် လူမျိုးသာ၍ ဂီတချာလျှင် လူမျိုးချာမည်” ဟု ဆိုရိုး စကားရှိနေခြင်းပင် ဖြစ်ပါသည်။
အလားတူ      အကသဘင်ပညာတွင်လည်း “ဇာတ်သမားလာလျှင်    မှတ်သားစရာပါရမည်၊ ဇာတ်သမားပြန်လျှင်     မှတ်သားစရာကျန်ရမည်” ဟူသော ဆိုရိုးစကားသည်  သဘင် အနုသုခမပညာ ၏ စွမ်းအားကိုဖော်ကျူးထားခြင်းပင် ဖြစ်ပါသည်။
လူ့ဘဝနှင့် အနုသုခုမပညာ
သရေခေတ္တရာ    ဧကရာဇ်နိုင်ငံတော်ခေတ် ဖြစ်သော ပျူခေတ်ကတည်းကပင်    သုခုမသဘင် ပညာ ထွန်းကားခဲ့သည်။ မဇ္ဇျိမတိုင်း   (အိန္ဒိယပြည်)မှ တူရိယာပစ္စည်းများ၊   စိန့်တိုင်း (တရုတ်ပြည်)မှ တူရိယာပစ္စည်းများကို ပျူတို့သည် မိမိတို့၏ မူပိုင် တူရိယာများဖြစ်သော နှဲ၊ ပတ်သာ၊ စည်း စသည်တို့ နှင့် ပေါင်းစပ်တီးမှုတ်ခဲ့ကြသည်။
ပုဂံခေတ်သို့ရောက်လာသောအခါ သုခုမသဘင် ပညာဆိုင်ရာ တူရိယာပစ္စည်းများမှာ   ယခင်ကထက် များစွာပြည့်စုံလာခဲ့သည်။ ပုဂံဘုရားများ နံရံများ၌ ရေးဆွဲထားခဲ့သော   နန်းတွင်းကခြေသည်များ၏ ပုံများ၊ အမျိုးသမီးတူရိယာပညာရှင်များ၏ ပုံများ ကိုပင် နေ့တိုင်းမြင်တွေ့နေရသေးသည်။  ပုဂံခေတ် ကျောက်စာများတွင်လည်း ပုဂံခေတ်သုခုမပညာတို့ ၏ လုပ်ငန်းများနှင့်  စပ်လျဉ်း၍   ရေးထိုးဖော်ပြ ထားသည်ကိုလည်း မြင်တွေ့ရပါသည်။ 
ညောင်ရမ်းခေတ်တွင်    ဂီတအနုသုခုမစာဆို ပညာရှင် “ဝန်ကြီးပဒေသရာဇာ”သည်  “မဏိကက်” ပြဇာတ်ကို    ရေးသားခဲ့ရာ   ထိုပြဇာတ်သည် ဇာတ်သဘင်အနုပညာ၏   အရုဏ်ဦးဟု   ဆိုနိုင်ပါ သည်။ ထိုပြဇာတ်တွင် ဇာတ်ကောင်များ၏ အချီ အချ ဆိုဟန် ပြောဟန်၊   တေးဂီတတီးမှုတ်ဟန်တို့ သည် ကုန်းဘောင်ခေတ်သို့ ကူးပြောင်းအမွေပေးရန် ဖြစ်လာပြီး ကုန်းဘောင်နန်းတွင်း၌ ဇာတ်သဘင်များ အစီအရီ ပေါ်ပေါက်လာတော့သည်။
ဇာတ်သမားလာလျှင် မှတ်သားစရာပါရမည်၊ ဇာတ်သမားပြန်လျှင် မှတ်သားစရာကျန်ရမည်
မြန်မာ့ဇာတ်သဘင်၏  သမိုင်းစဉ်တွင် (၁) အနိမ့်သဘင်၊ (၂) အမြင့်သဘင်၊ (၃) အတီးသဘင်၊ (၄) အဆိုသဘင်ဟူ၍ လေးမျိုးရှိခဲ့ကြောင်း သိရ သည်။ ရွှေနန်းသုံးဝေါဟာရ   အဘိဓာန်ကြီးတွင် “သားတော်၊   သမီးတော်များကို    ရှင်တော်ပြု၊ နားတော်ထွင်း မင်္ဂလာအခမ်းအနား၌ဖြစ်စေ၊ အလှူ တော် မင်္ဂလာအခမ်းအနား၌ဖြစ်စေ၊ တောင်စမုတ် ဇာတ်ရုံကြီး၌ဖြစ်စေ ကပြရသည်။ ထိုကပြသည့်ပွဲမှာ ရုပ်သေးပွဲကြီးပင် ဖြစ်သည်။ ရုပ်သေးစင်တော်ကြီး တွင် (၁) ဘုရင်မင်းမြတ်တော်ကောက်တော်မူသော စင်တော်ကြီး၊ (၂) မိဖုရားခေါင်ကြီးနှင့်   အိမ်ရှေ့ ဥပရာဇာတို့ တော်ကောက်တော်မူသော စင်တော် လတ်၊   (၃) အခြားမိဖုရားငယ်များနှင့်    သားတော် သမီးတော်တို့ တော်ကောက်သော       စင်တော်သေး ဟူ၍ သတ်မှတ်ထားသည်ကို  တွေ့ရသည်။
ဂီတအနုသုခုမပညာကို  အားပေးချီးမြှောက် သော ဘုရင်တို့က သဘင်ပညာဆိုင်ရာ အမိန့်တော် မှတ်တမ်းများ ချမှတ်ခဲ့သည်။ သဘင်ပညာဆိုင်ရာ အမိန့်မှတ်တမ်းများ၌ -
“သဘင်ပညာသည်    တိုင်းကျိုးပြည်ကျိုးကို တိုက်ရိုက်အားဖြင့်သော်လည်းကောင်း၊ သွယ်ဝိုက် သောအားဖြင့်သော်လည်းကောင်း ပြုပြင်နိုင်ခြင်း၊ သာသနာရေး၊ ဘာသာရေး၌ အားပေးကူညီနိုင်ခြင်း များကြောင့် သဘင်ပညာရှင်များ စည်းကမ်းလိုက်နာ ရန် သဘင်ဆရာများ  ထားရသည်။ သာသနာကို ထိခိုက်သော၊ ဂိုဏ်းမလွတ်သော   ကဗျာသီချင်းများ ကို သီဆိုခွင့်မပြု၊  ကျူးလွန်သည့်  တေးသီချင်း ရေးစပ်သူကို လက်ဖြတ်စေ၊ တေးသီချင်း သီဆိုသူကို လျှာဖြတ်စေ အပြစ်ပေးရမည်။ သဘင်သည်များကို “သဘင်ဝန်”က ပြစ်ဒဏ်စီရင်ရမည်” ဟု အမိန့်တော် ချမှတ်ထားခဲ့သည်ကို တွေ့ရှိရသည်။
သာယာဝတီမင်းလက်ထက်သို့    ရောက်သော အခါ   နန်းတော်   အဝန်းအဝိုင်းတွင်း၌သာမက နိုင်ငံတစ်ဝန်းလုံး   လှည့်လည်ကပြစေခဲ့ရာ    ဂီတ အနုသုခမပညာသည် ပြည်သူတို့အားလုံး ပိုင်ဆိုင် သော မြန်မာအနုပညာပုံသဏ္ဌာန်နှင့် အနှစ်သာရဆီ သို့ ကူးပြောင်းရောက်ရှိလာခဲ့သည်။ အနိမ့်သဘင်ဟု ခေါ်သော မြေဝိုင်းအကသည်  ကုန်းဘောင်ခေတ်၏ ထင်ရှားကျော်ကြားသည့် အနုပညာတစ်ရပ်ဖြစ်ခဲ့ပြီး မြေဝိုင်းအကသဘင်များကို ကျေးလက်တောရွာ အနှံ့တွင် ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့ကြသည်။ မြေဝိုင်း အကသဘင်သည်    ဘိုးတော်ဘုရားမင်းလက်ထက် မတိုင်မီက“ဗုံရှည်အက”ဟု ခေါ်တွင် ကပြခဲ့ကြသည့် အစဉ်အလာရှိပြီးဖြစ်သည်။
မြေဝိုင်းအကသဘင်ကို   လာရောက်ကြည့်ရှု သည့်ပရိသတ်သည်    မြေပေါ်တွင်       ဝိုင်းထိုင်၍ ကြည့်ရှုရသောကြောင့်         မြေဝိုင်းဇာတ်ဟူ၍ လည်းကောင်း၊ ပရိသတ်ပြည်သူတို့၏ အလယ် ဗဟိုတွင် ပန်းပင်စိုက်၍  ဝိုင်းဝန်းကပြကြရသဖြင့် ပန်းပင်ဝိုင်းဇာတ်ဟူ၍လည်းကောင်း ခေါ်ဝေါ်သုံးစွဲ ခဲ့ကြသည်။ ဇာတ်သဘင်များ၏ အစနိဒါန်းဖြစ်သော မြေဝိုင်းအကသည်   မြို့ပြသာမက  ကျေးလက် တောရွာအနှံ့ရှိ   ပြည်သူများ   ကြည့်ရှုအားပေး ကြသောကြောင့်   ပရိသတ်နှင့်    ပထမဦးဆုံး တိုက်ရိုက်ထိတွေ့     ဖြေဖျော်တင်ဆက်ရသော ပြည်သူ့အနုပညာတစ်ရပ်    ဖြစ်လာခဲ့ပါသည်။ မြေဝိုင်းအကသဘင်ကို ကျေးလက်တောရွာများ တွင် နွေရာသီကာလ တပေါင်း၊ တန်ခူးကောက်ရိတ် သိမ်းပြီးအချိန်များ၌    ဗုဒ္ဓပူဇနိယပွဲတော်များ၊ ဘုန်းကြီးပျံကျင်းပသည့်    အခမ်းအနားများတွင် ကြီးကျယ်ခမ်းနားစွာ ကပြလေ့ရှိကြသည်။
ကုန်းဘောင်ခေတ်တွင် စင်တော်ကောက်သဘင် ပညာရှင်တို့   ရရှိခဲ့ကြသောလစာများမှာ   ပထမ တန်းစားမင်းသား၊ မင်းသမီးတို့က ကျပ် ၈၀၀ မှ ၁၀၀၀ အထိလည်းကောင်း၊ ပထမတန်းစား လူရွှင် တော်များမှာ ကျပ် ၅၀၀ မှ ၆၀၀၊ ကချေသည်မှာ ကျပ် ၆၀၊ ဆိုင်းပညာရှင်မှာ ကျပ် ၄၀ ရရှိကြသည်ဟု သိရသည်။
နန်းတွင်းရှိ မှူးမတ်အချို့   အဂတိလိုက်စား ခဲ့သဖြင့် ပြည်သူတို့ နစ်နာခဲ့ရပုံတို့ကို  မင်းတုန်းမင်း လက်ထက်တွင်   ဇာတ်စင်ပေါ်မှနေ၍    “ဆန်ဝယ် ခိုင်းသော   ဇာတ်ဝင်ခန်းတွင်   ဈေးဝယ်သူအဖြစ် လူရွှင်တော်က ဆန်တစ်ပြည်ငွေတစ်မတ်(၂၅)ပြား ပေးရမည်ကို သုံးပဲဖိုးသာ ဝယ်ခဲ့သဖြင့်   ဆန်သည် အဖြစ်    သရုပ်ဆောင်သူ    လူရွှင်တော်က ဆန် ခြင်တွယ်သော ပြည်တောင်းကို  စောင်းချပေးလိုက် သည်။ ထိုအခါ ဆန်ဝယ်သူလူရွှင်တော်က မှူးမတ် မဟုတ်သောကြောင့်        ပြည်စောင်းရသည်ဟု    ပြက်လုံးထွက်ခဲ့ရာ မင်းတုန်းမင်းကြီးက  မှူးမတ် များအား    ဆုံးမပဲ့ပြင်ပြုပြင်စေခဲ့သည်။     ထိုကဲ့သို့ ရတနာပုံခေတ်တွင်     ဂီတအနုသုခမပညာသည်   တိုင်းကျိုးပြည်ပြုဖြစ်ခဲ့သည်ကို သာဓကတစ်ခုအဖြစ် တင်ပြခြင်း  ဖြစ်ပါသည်။
ဂီတအနုခုသုမပညာနှင့်အမျိုးသားရေး
ယခုဆိုလျှင် ၂၀၂၃ ခုနှစ်   (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု  အဆို၊ အက၊   အရေး၊ အတီးပြိုင်ပွဲ ကျင်းပချိန်သို့ ရောက်ရှိလာပါပြီ။ အဆို၊ အက၊ အရေး၊ အတီး အနုပညာသည်    ပြည်သူ့ အသည်းနှလုံးကို ယူကျုံးရစ်ပတ်ဆွဲဆောင်စည်းရုံး အသိပညာပေးနိုင်သည့်   အထက်မြက်ဆုံးသော လူထုဆက်သွယ်ရေးကိရိယာတစ်ခုဖြစ်သည်။
ပဒေသရာဇ်ခေတ်ကာလကတည်းကပင် အဆို၊ အက၊ အရေး၊ အတီး  အနုသုခုမပညာရှင်တို့သည် ထီးသုဉ်း၊ နန်းသုဉ်း၊ ကြငှန်းသုဉ်းအဖွဲ့အနွဲ့ သီကုံး ဖော်ကျူးတင်ဆက်ခြင်းမှ ခွဲထွက်ကာ   အခြေခံ လူတန်းစားများ ဖြစ်ကြသည့် တောင်သူလယ်သမား တို့က စိုက်ပျိုးကုန်ထုတ်အလုပ်လုပ်ကြပြီး မြန်မာ့ ပဒေသာမြေယာကို အလှဝေဆာစေခဲ့ပုံတို့ကို ဗုံကြီး သံတေးသီချင်းများဖြင့် ပြည်သူတို့အား    အလုပ် အကျွေးပြုခဲ့ပုံများမှာ မြန်မာ့အနုပညာသမိုင်းတွင် မော်ကွန်းစိုက်ထူနိုင်ခဲ့ပါသည်။
ကိုလိုနီနယ်ချဲ့ အင်္ဂလိပ်အစိုးရလက်ထက်တွင် အမျိုးသားလွတ်မြောက်ရေးအတွက် လွတ်လပ်ရေး ကြိုးပမ်းမှုကာလမှာပင် သဘင်အနုပညာရှင်တို့သည် နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုများ၌  ရှေ့တန်းက ပါဝင်ဦးဆောင်ဆင်နွှဲခဲ့ကြသည်ကို ဂုဏ်ယူလေးစား အတုယူဖွယ် တွေ့ရှိရပါသည်။   ကိုလိုနီခေတ်တွင် ဇာတ်သဘင်ပညာရှင် မင်္ဂလာဦးအောင်မောင်း သည် သုံးရောင်ခြယ်ဗမာ့အလံတော်နှင့်    ဂီတစာဆို ဆရာကြီး ရွှေတိုင်ညွန့်၏ သုံးရောင်ခြယ် အမျိုးသား ရေးသီချင်းကို သီဆို၍ ဇာတ်ခုံပေါ်၌ သရုပ်ဖော် တင်ဆက်ကာ နယ်ချဲ့ဆန့်ကျင်ရေးကို   လှုံ့ဆော် တိုက်ပွဲဝင်ခဲ့ပါသည်။
၁၉၃၀ ပြည့်နှစ်တွင် ရေနံမြေသပိတ်တပ်ဖွဲ့များ ချောက်ရေနံမြေမှ ရန်ကုန်မြို့သို့ ချီတက်လာခဲ့စဉ် ကလည်း   ဇာတ်သဘင်ပညာရှင်        မင်္ဂလာ ဦးအောင်မောင်းကပင်         စည်တော်ကြီးအကဖြင့် ကြီးကျယ်ခမ်းနားစွာ
ကြိုဆို၍    ရေနံမြေသပိတ်တပ်ကြီးကို    ဂုဏ်ပြု ကြိုဆို ထောက်ပံ့လှူဒါန်းခဲ့သည်။   ကိုလိုနီခေတ်တွင် အင်္ဂလိပ်နယ်ချဲ့ဘုရင်ကို   နယ်ချဲ့အလိုတော်ရိများက ဂုဏ်ပြုနေချိန်တွင် ဇာတ်သဘင်အချို့က   အင်္ဂလိပ် နယ်ချဲ့၏ ယူနီယံဂျက်အလံယိမ်း ကပြနေချိန်တွင် ဇာတ်သဘင်ပညာရှင်   မင်္ဂလာ  ဦးအောင်မောင်းက ဇာတ်ခုံပေါ်၌ သုံးရောင်ခြယ်အလံကို လွှင့်ထူလျက် ဗန္ဓုလယိမ်း၊ ဓားယိမ်းအကများကို    သရုပ်ဖော် ကပြပြီး  နယ်ချဲ့ဆန့်ကျင်ရေးကို    လှုံ့ဆော်ကာ သမိုင်းပေးတာဝန်  ကျေပွန်ခဲ့ပါသည်။
မြန်မာနိုင်ငံ    လွတ်လပ်ရေးရရှိခဲ့ပြီးနောက် ၁၉၄၈- ၄၉ ခုနှစ်များ၌ တိုင်းပြည်က နုနု၊ မုန်တိုင်း က ထန်ထန်    ဖြစ်နေချိန်တွင်    မြန်မာ့ရုပ်ရှင်နှင့် ပြဇာတ်အနုပညာရှင်တို့သည် ပြည်ထောင်စုမျိုးချစ် စိတ်ဓာတ်၊      တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်တို့ကို အရင်းခံပြီး နိုင်ငံတော်၏ အမျိုးသားကာကွယ်ရေး အတွက် သက်စွန့်ကြိုးပမ်း    ပါဝင်ဆင်နွှဲခဲ့ကြသည်ကို ဂုဏ်ယူစံပြုဖွယ်  တွေ့ရှိရပါသည်။
၁၉၄၉ ခုနှစ်တွင် ‘ရန်ကုန်အစိုးရ’ ဟု သတ်မှတ် ခံရလောက်အောင်ပင်   ထိုစဉ်က   ကေအင်န်ဒီအို လက်နက်ကိုင်များက ရန်ကုန်မြို့ အင်းစိန်ထိအောင် ထိုးဖောက် သိမ်းပိုက်တိုက်ခိုက်ခဲ့ကြရာ   မြန်မာ့ တပ်မတော်က ခုခံကာကွယ်တွန်းလှန်ပြီး အောင်ပွဲ ဆင်ခဲ့သည်မှာ သမိုင်းသက်သေတည်ခဲ့ပြီး  ဖြစ်ပါ သည်။ ထိုစဉ်က အင်းစိန်တိုက်ပွဲကြီးတွင် ရှေ့တန်း ရောက် တပ်မတော်သားများအတွက် စားနပ်ရိက္ခာ ပို့ရေး၊ သူနာပြုစုရေး၊ ဂီတဖြင့်ဖျော်ဖြေရေး လုပ်ငန်း များကို ရုပ်ရှင်ဂီတပြဇာတ်    အစည်းအရုံးကြီးက ကြီးမှူး၍ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းကာ ရှေ့တန်းစစ်မျက်နှာအထိ    သက်စွန့်ကြိုးပမ်း သွားရောက် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ သက်စွန့်ကြိုးပမ်းဆောင်ရွက်ချက်များကို ကြည့်ခြင်းအားဖြင့် ရုပ်ရှင်ပြဇာတ် အနုပညာ ရှင်တို့သည်   အမျိုးသားရေးနှင့် ယှဉ်လာလျှင် ပြည်ထောင်စု မျိုးချစ်စိတ်ဓာတ် အရင်းခံဖြင့် ရုပ်ရှင် နှင့်ပြဇာတ်များကို      ထုတ်လုပ်ကပြရုံသာမက အမျိုးသားရေးလိုအပ်ချက်အရ    လိုအပ်လာလျှင် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကိုပါ         ပါဝင် ထမ်းဆောင်ခဲ့ကြသည်ကို   မော်ကွန်းမှတ်တိုင် စိုက်ထူထားခဲ့ရပါသည်။
ထိုစဉ်က အင်းစိန်တိုက်ပွဲကြီး၌    ရုပ်ရှင်နှင့် ပြဇာတ် အနုပညာရှင်များ ကိုယ်တိုင်ကိုယ်ကျ ပါဝင် ဆင်နွှဲခဲ့ပုံကို ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီလ  ၁၂ ရက် နေ့ထုတ် ဟံသာဝတီသတင်းစာနှင့်   ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ထုတ်    မြန်မာ့အလင်း သတင်းစာတွင်-
“လူထုကြီးအား မှီခို၍ စီးပွားရှာလာခဲ့ကြသော ရုပ်ရှင်နှင့်  ပြဇာတ်သမားများသည်      လူထုကို ပြန်လည်ကျေးဇူးဆပ်သောသဘောဖြင့်     လူထု အပေါ်၌ ကျရောက်လာမည့် အန္တရာယ်အပေါင်းတို့ကို ကာကွယ်ပေးရန် အရေးကြုံနေပြီဖြစ်၍ ရုပ်ရှင်နှင့် ပြဇာတ်အစည်းအရုံးဝင်များဖြစ်သော ပညာသည် များနှင့် ရုပ်ရှင်မင်းသား၊ မင်းသမီးများ၊ ဒါရိုက်တာ များ၊ လူကြမ်းများ  အစရှိသည့် ပုဂ္ဂိုလ်တို့သည် စစ်ရေးလေ့ကျင့်မှုများနှင့် သူနာပြုပညာရပ်များကို လေ့လာနေပြီဖြစ်ကြောင်း၊     အစည်းအရုံးကြီးမှ ပြည်သူ့ကာကွယ်ရေးအဖွဲ့ကြီးကို   ဖေဖော်ဝါရီလ ၆ ရက်နေ့က ဖွဲ့စည်းပြီးဖြစ်လေရာ ဓာတ်ပုံဆရာများ ကလည်း အင်းစိန်တိုက်ပွဲသို့   သွားရောက်ရုပ်ရှင် ရိုက်ကူးနေပြီဖြစ်ကြောင်း။ 
မြန်မာနိုင်ငံရုပ်ရှင်နှင့်    ပြဇာတ်အစည်းအရုံး၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ  ရှေ့တန်းစစ်မျက်နှာ၊ အင်းစိန်၊ ဒညင်းကုန်း၊   စော်ဘွားကြီးကုန်း၊    မရမ်း ကုန်း၊ သမိုင်း၊ မင်္ဂလာဒုံရှိ တောင်ပိုင်းစစ်ဌာနချုပ်မှ အစိုးရတပ်များသို့   ထမင်းထုပ်၊   ဆေးလိပ်၊ မီးခြစ်၊ ချိုချဉ်၊ စာနယ်ဇင်းများ ထောက်ပံ့ရာ  ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် စစ်သေနတ်ဖြင့် သောင်းကျန်းသူတို့ က ပစ်ခတ်ခဲ့ကြောင်း၊ ၉ ရက်နေ့တွင် သမိုင်းလမ်းဆုံ အနီး၌ စစ်သေနတ်များဖြင့် ထပ်မံပစ်ခတ်ခဲ့ကြောင်း။
ရှေ့တန်း၊ နောက်တန်းနှစ်ခုစလုံးကို ဖျော်ဖြေ ရေးအဖွဲ့များ    စေလွှတ်ရန်   စီစဉ်ပြီးဖြစ်ကြောင်း၊ ရုပ်ရှင်ပြဇာတ်ပညာရှင်အပေါင်းတို့သည် ရုပ်ရှင်နှင့် ပြဇာတ်အစည်းအရုံးကြီးမှ ကြီးမှူးသော ပြည်သူ့ ကာကွယ်ရေးအဖွဲ့တွင် နေ့စဉ်နံနက် ၈ နာရီမှ ၁၁ နာရီအထိတစ်ဖွဲ့၊ နံနက် ၁၁ နာရီမှ ညနေ ၃ နာရီ အထိ  တစ်ဖွဲ့ အဖွဲ့နှစ်ဖွဲ့ခွဲ၍ စစ်ရေးလေ့ကျင့်နေကြ သည်ကိုလည်း တွေ့ရကြောင်း။ 
ထို့ပြင် ရုပ်ရှင်ပညာသည်များနှင့် ရုပ်ရှင်ကုမ္ပဏီ များ အလှည့်ကျတာဝန်ယူပြီးလျှင် စစ်မြေပြင်တွင် ကေအင်န်ဒီအိုသောင်းကျန်းသူများကို တိုက်ခိုက် နေကြသော       ဗမာ့တပ်မတော်သားများထံသို့ ထမင်းထုပ်၊   ဆေးလိပ်၊ သတင်းစာများ    နေ့စဉ် အရောက် ပို့ပေးနေကြောင်း၊   ရုပ်ရှင်နှင့်ပြဇာတ် အစည်းအရုံးကြီးမှ ကြီးမှူးတည်ထောင်လိုက်သော ရုပ်ရှင်နှင့် ပြဇာတ်အသင်းသားများ    ပါဝင်သည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏    စစ်ဝန်ထမ်းများ တံဆိပ်မှာ ပခုံးဒေါက်အနီတွင်   ယူအက်စ်အက်စ် အမည်ရိုက်နှိပ်ထားပြီး ရိုင်ဖယ်သေနတ်နှစ်လက် ကို ကြက်ခြေခတ်ပုံသဏ္ဌာန်  ရိုက်နှိပ်ထားသည်ကို တွေ့ရကြောင်း” စသည်ဖြင့်  ဖော်ပြပါရှိခဲ့သည်။
အလားတူ ထိုစဉ်က ရုပ်ရှင်နှင့်ပြဇာတ်ကာကွယ် ရေးအဖွဲ့ကြီးမှ ထုတ်ပြန်ခဲ့သော   ပြန်ကြားချက်ကို ၁၉၄၉ ခုနှစ်  ဖေဖော်ဝါရီလ   ၁၂ ရက်နေ့ထုတ် ဟံသာဝတီသတင်းစာ၌-
တိုင်းပြည်လူထုသို့
ကျွန်မတို့    ရုပ်ရှင်ပြဇာတ်အစည်းအရုံးဝင် အမျိုးသား အမျိုးသမီးအပေါင်းတို့သည်    ပြည်သူ လူထုအား    မှီခိုအားထားရသူများ   ဖြစ်သည့် အလျောက်၊    ပြည်သူလူထု   ဒုက္ခရောက်သည့် အလျောက်၊  ပြည်သူလူထုဒုက္ခနှင့်   ရင်ဆိုင်တိုးနေ ရသည့်အချိန်တွင် ကျွန်မတို့ ရုပ်ရှင်ပြဇာတ်လောက အတွင်း ပါဝင်သူတို့သည်     ပြည်ထောင်စုရန်သူ မှန်သမျှကို ဖြိုခွင်းရန်အတွက်   ပစ္စည်းအင်အား၊ လူအင်အားနှင့်ဆိုင်ရာမှ ဆောင်ရွက်နေကြ၍ ကျွန်မ တို့ ခေါင်းဆောင်ကြီးများကိုယ်တိုင် ပြည်ထောင်စု ရန်သူကို ချေမှုန်းလျက်ရှိသော    စစ်သည်တော် ရဲဘော်များအား ထောက်ပံ့ရန်အတွက် ထမင်းထုတ် များ ကောက်ခံသိမ်းယူလျက်ရှိပါသည်။ သို့အတွက် မြို့မိမြို့မများက တတ်အားသမျှကူညီကြဖို့ မေတ္တာ ရပ်ခံပါကြောင်း၊
    (ပုံ) မေရှင်
    ပြန်ကြားရေးမှူး
         ရုပ်ရှင်ပြဇာတ်ကာကွယ်ရေးအဖွဲ့    ဟူ၍ ဖော်ပြထားသည်ကိုတွေ့ရပါသည်။
အရိုးပေါ် အရွက်မဖုံးစေရန် မြန်မာ့ဟန်၊ မြန်မာ့အသံ၊ မြန်မာ့စံ
ကိုလိုနီခေတ်က     ဇာတ်သဘင်ပညာရှင် မင်းသားကြီး ဦးစိန်ကတုံးနှင့် ဆိုင်းပညာရှင်   နေမျိုး ဗလကျော်ထင် ရွာစားကြီး စိန်ဗေဒါနှင့်     တွဲဖက်၍ တစ်ညတည်းတွင် နိပါတ်တော် ဇာတ်ထုပ်နှစ်ထုပ်ကို တီထွင်ကပြခဲ့ရာ ဇာတ်ထုပ်တစ်ထုပ်ကို  အခြေခံပြီး နှစ်ပါးသွားမြိုင်ထ သီဆိုကပြရင်း   ဇာတ်ထုပ်ကို သရုပ်ဖော်ကပြခဲ့ရာ   ပွဲကြည့်ပရိသတ်မှာ နိပါတ် တော်    ဇာတ်ထုပ်နှစ်ထုပ်စလုံးကို   မျက်စိထဲက မထွက်နိုင်အောင် စွဲမြဲနှစ်သက်ခဲ့ကြသည်။   ထိုသို့ တီထွင်ကပြနည်းမှာ  အရိုးကို အရွက်မဖုံးစေဘဲ မြန်မာ့ဟန်မပျက်    တင်ဆက်နိုင်ခဲ့သောကြောင့် မြန်မာပွဲကြည့်ပရိသတ်သာမက ထိုစဉ်က အိန္ဒိယ ဘုရင်ခံချုပ်ကပါ       နှစ်ခြိုက်စွဲလမ်းခဲ့သဖြင့် မင်းသားကြီး ဦးစိန်ကတုံးအား ရွှေနာရီတစ်လုံးဖြင့် ဂုဏ်ပြုချီးမြှင့်ခဲ့သည်ဟု သိရသည်။
မြန်မာ့သဘင်ကို တစ်ခေတ်ဆန်းသစ် တီထွင် ခဲ့သည့် သဘင်ပညာရှင်ကြီး ဂရိတ် ဦးဖိုးစိန်သည် ရုပ်ရူပကာချောမော၊ အသံလည်း ကောင်း၊ အပြော ကလည်း ပိုင်၊  အကကိုလည်း   နိုင်သည့်အပြင် ဇာတ်ခုံအခင်းအကျင်းနှင့်   ဇာတ်ခုံကြီးကိုလည်း ထည်ဝါခံ့ညားအောင်  တီထွင်ဆန်းသစ်ခဲ့သည့် သဘင့်ဥသျှောင်ပုဂ္ဂိုလ်ကြီးတစ်ဦး     ဖြစ်သည်။ ထို့ပြင် အနောက်တိုင်း ခြေထိုးအကကို    အရယူကာ မြန်မာသံ၊   မြန်မာဟန်မပျက်   စည်းဝါးအတွင်း နိုင်နင်းစွာ   ကပြနိုင်သည့်  သဘင်ပညာစွမ်းရည်မှာ အံ့ဩမကုန် ဖြစ်ခဲ့ကြရသည်။
ယခု (၂၄) ကြိမ်မြောက်   မြန်မာ့ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးတွင် ယှဉ်ပြိုင် သီဆိုရမည့်    တေးသီချင်းအချို့တွင်   သီဆိုသူရော တီးမှုတ်သူတို့အတွက်ပါ     ဂီတသံစဉ်(key)များ သတ်မှတ်ပေးထားသည်ကို   ထူးခြားစွာ    တွေ့ရှိရ သည်။ ဤသို့    ဂီတသံစဉ်  (key)ကို   သတ်မှတ် ယှဉ်ပြိုင်စေခြင်းကြောင့်    မြန်မာ့ဂီတအနုသုခုမ ပညာရှင်များကို   အထူးကျေးဇူးတင်မိပါသည်။ အကြောင်းမှာ သတ်မှတ်ထားသည့်    ဂီတသံစဉ် အတိုင်း    ယှဉ်ပြိုင်သီဆို   တီးမှုတ်စေခြင်းကြောင့် (၁) တေးပြုစာဆိုရေးစပ်သည့် တေးသီချင်း စာသား ၏ ကောင်းမွန်ခြင်း၊ (၂) တီးမှုတ်ရသည့် ဂီတသံစဉ်၏ ကောင်းမွန်ခြင်း၊ (၃) တေးဆိုသူတို့၏ အသံဂုဏ် ကောင်းမွန်ခြင်းဟူသော    ဂီတအနုပညာ၏ ဂုဏ်အင်္ဂါကောင်းများနှင့် ညီညွတ်နေမည် ဖြစ်ပါ သည်။
“ဂီတမှာ အသံ၊ အလင်္ကာ ကာရန်၊ မြန်မာဆန်တဲ့ တေးရေးဟန်” ဟူသော ဆိုစကားနှင့်အညီ ကဗျာ၏ “ကာရန်” တွင် “အသံ” (Rhythm) သာမှုပေါ်တွင် မူတည်၍ ဂီတသံစဉ်ထည့်သွင်း ရေးစပ်သီဆိုသော တေးသီချင်းအချို့မှာ ဂန္ထဝင်စံတင် တေးသီချင်းများ ဖြစ်ပေါ်လာသည်ကို တွေ့ရှိနိုင်ပါသည်။   သာဓက အားဖြင့် ဆရာဇော်ဂျီ (ဦးသိန်းဟန်)၏ “ညိုပြာပြာ လတာပြင်ခြေရင်း   လှိုင်းသက်ရာဆင်း”    အစချီ “ဗေဒါလမ်း” ကဗျာသည် ဒါရိုက်တာချစ်ခင် ရိုက်ကူး သည့် ‘ပန်းပန်လျက်ပါ’ အမည်ရှိ ရုပ်ရှင်ဇာတ်ကား ဇာတ်ဝင်ခန်းတွင် ဂီတစာဆို တေးသံရှင် စန္ဒရား(ဦး)ချစ်ဆွေက ဂီတသံစဉ်သွင်းပြီး ရုပ်ရှင်သရုပ်ဆောင် တေးသံရှင် အကယ်ဒမီများရှင်(ဒေါ်)ကြည်ကြည်ဌေး က သီဆိုသရုပ်ဆောင်လိုက်သောအခါ    ဂန္ထဝင် တေးသီချင်းတစ်ပုဒ် ဖြစ်သွားခဲ့ပါသည်။
ထို့အတူ ဆရာမင်းသုဝဏ်(ဦးဝန်) ရေးစပ်ခဲ့ သော “လယ်တောကအပြန်၊ ပန်ချင်တယ် ခရေဖူး ဆိုလို့၊ မောင်ခူးကာပေး၊ မနက်တုန်းဆီက၊ ကြော့ဆုံး ကို မောင်မြင်တော့၊ သူ့ဆံပင်    နှင်းဆီပွင့်တွေနဲ့၊ ဂုဏ်တင့်တယ်လေး” ဟူသော ကဗျာကို ဒါရိုက်တာ အကယ်ဒမီများရှင် မောင်ဝဏ္ဏ   ရိုက်ကူးတင်ဆက် ခဲ့သော ‘နှောင်းတမြေ့မြေ့’အမည်ရှိ ရုပ်ရှင်ဇာတ်ကား ၏      ဇာတ်ဝင်ခန်းတွင်       ဂန္ထဝင်ဂီတပညာရှင် အကယ်ဒမီ   ဂီတလုလင်(ဦး)ကိုကိုက  ဂီတသံစဉ် ထည့်သွင်းပြီး ရုပ်ရှင်သရုပ်ဆောင်    စာရေးဆရာ တေးသံရှင် ထပ်ဆင့်အကယ်ဒမီ(ဦး)သုမောင်က သီဆို သရုပ်ဆောင်လိုက်သောအခါ ဂန္ထဝင်စံတင် တေးသီချင်းတစ်ပုဒ်ဖြစ်သွားခဲ့ပါသည်။
အလားတူ    ဂန္ထဝင်ဂီတစာဆို   ကဗျာဆရာ တေးသံရှင် အလင်္ကာကျော်စွာဆရာ   ‘နောင်’ (ဦးမောင်မောင်လတ်) ရေးစပ်ဖွဲ့နွဲ့သည့် တေးသီချင်း များစွာတို့သည် ကာရန်ရော ဂီတသံစဉ်ပါ    လှပ ယဉ်ကျေး သိမ်မွေ့နူးညံ့လှပါသည်။ “ကဗျာ ဟူသည် အကောင်းဆုံးသော စကားလုံးများကို အကောင်းဆုံး သော အစီအစဉ်ဖြင့် ရေးစပ်ဖွဲ့နွဲ့    သီကုံးထားခြင်း ဖြစ်သည်”   သာဓကအားဖြင့် အလင်္ကာကျော်စွာ ကဗျာဂီတစာဆို “ဆရာနောင်” (ဦးမောင်မောင် လတ်) ရေးစပ်ပြီး တေးသံရှင် ကိုတင်ထွဋ် သီဆို ထားသည့် ‘ပြစ်မျိုးမှဲ့မထင်’ အမည်ရှိ တေးသီချင်း ကို နားသောတဆင်ရသောအခါ  ‘ဥမ္မာဒန္တီပျို့’ ကို ဖတ်ရှုနေရဘိသကဲ့သို့ အမျိုးသမီးတစ်ဦး၏ “တုနှိုင်း မဲ့အလှအပ” ကို စပ်ဆိုဖွဲ့နွဲ့ထားသည်မှာ လက်ဖျား ခါရပါသည်။ ဆရာ ဦးမောင်မောင်လတ်သည် ဂီတ စာဆို၊ ကဗျာစာဆိုကဝိနှင့်    တေးသံရှင်တစ်ဦး ပီသစွာ    တစ်နှစ်ကြာအောင်   တေးစာသားနှင့် ဂီတသံစဉ်ကို အချိန်ယူစပ်ဆိုခဲ့သည့် “တိမ်တမန်” တေးသီချင်းကို  အကယ်ဒမီ ဂီတစာဆို တေးသံရှင် စန္ဒရားဆရာ (ဦး)လှထွဋ် သီဆိုအသံသွင်း ထုတ်လွှင့် သောအခါ    အချစ်သမုဒယ    လုံးဝမပါရှိဘဲ   အမိ မြန်မာပြည်၏ ဥတုရာသီသာယာကောင်းမွန်စေရန် ရည်သန်စပ်ဆိုထားသည့် တစ်သက်လုံး မရိုးနိုင် တော့သည့်   ဂန္ထဝင်သီချင်းကောင်းတစ်ပုဒ်အဖြစ် တည်ရှိနေမည်ဖြစ်ပါသည်။
အချုပ်ဆိုပါလျှင် “ဂီတသာလျှင် လူမျိုးသာမည်၊ ဂီတချာလျှင် လူမျိုးချာမည်” ဖြစ်၍ “ဂီတစွမ်းအား ပြည့်ထွန်းကား”ရေးကို မှန်ကန်သောအသိ၊ မှန်ကန် သောခံယူချက်၊ မှန်ကန်သောရပ်တည်ချက်တို့ဖြင့် အမျိုးသားရေးတာဝန် ကျေပွန်ကြဖို့ အထူးလိုအပ်လှ ပါသည်။ ပြည်သူချစ်သော  အနုပညာရှင်တို့သည် သရုပ်မှန်၊ စေတနာမှန်သော အနုပညာဖြင့် ရိုးသား၊ နိုးကြားစွာဖြင့် ကြိုးစားကာ အသက်မွေးဝမ်းကျောင်း ပြုကြရင်း မိဘပြည်သူတို့မှာ  မိမိတို့၏ ထမင်းရှင်၊ ကျေးဇူးရှင်များဖြစ်ကြသည့်အလျောက်   တိုင်းပြည် အကျိုးနှင့်   ပြည်သူ့အကျိုးကို သွေဖည်ကျောခိုင်း ထင်ရာစိုင်းသည့် အစွန်းရောက်အမှားများကို အထူး ရှောင်ကြဉ်ကြရပါမည်။ မိဘပြည်သူတို့၏ ဦးနှောက် အတွေးအခေါ် စိတ်နေစိတ်ထားကို အမှောင်လမ်းသို့ တွန်းပို့သည့် အစွန်းရောက် လှုံ့ဆော်မှု၊ အများအကျိုး မကျူးလွန်မိအောင်ရှောင်ကြဉ်ကာ တိုင်းပြည်နှင့် လူမျိုးဘဝလှပနေအောင်       ထာဝရဖော်ကျူး အလှဆင်ကြပါစေကြောင်း အရေးထားလေးစားစွာ ဖြင့် ရေးသားဆန္ဒပြုအပ်ပါသတည်း။        ။