ဂျော်ဒန်နှင့် အစ္စရေးတို့၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၁၆၄ ဦးအား ပြန်လည်ခေါ်ဆောင်

ဂျော်ဒန်နှင့် အစ္စရေးတို့၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၁၆၄ ဦးအား ပြန်လည်ခေါ်ဆောင်

==============================================================

နေပြည်တော် စက်တင်ဘာ ၁၃

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်း ကြောင့် အခက်အခဲကြုံတွေ့နေရသည့် ဂျော်ဒန်နိုင်ငံမှ မြန်မာနိုင်ငံသား ၁၀၄ ဦး နှင့် အစ္စရေးနိုင်ငံမှ မြန်မာနိုင်ငံသား ၆၀ စုစုပေါင်း မြန်မာနိုင်ငံသား ၁၆၄ ဦးတို့ အား တဲလ်အဗီးမြို့ မြန်မာသံရုံးမှ စီစဉ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်း(MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ည ၁၁ နာရီ မိနစ် ၅၀ တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။

 

၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှု ကြီးကြပ်ရေး၊ ကျန်းမာရေးစစ်ဆေးရေး၊ သီးသန့်စီစဉ်ပေးသည့်နေရာ/သတ်မှတ် ဟိုတယ်များ၌ အသွားအလာကန့်သတ်မှု ၁၄ ရက်နှင့် နေအိမ်တွင် အသွားအလာ ကန့်သတ်မှု ခုနစ်ရက် နေထိုင်စေရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့က သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ပေးခဲ့သည်။

 

ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်ရန် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီ၏လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံး များနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အထိ ဂျော်ဒန်နိုင်ငံမှ ကယ်ဆယ်ရေးလေယာဉ် ငါးကြိမ် ပျံသန်းပြေးဆွဲခဲ့ပြီးဖြစ်ပြီး ယနေ့တွင် အစ္စရေးနိုင်ငံမှ မြန်မာနိုင်ငံသားများကိုပါ ခေါ်ဆောင်လာနိုင်ခဲ့ကြောင်း သိရ သည်။

 

သတင်းစဉ်