
ဂျာမနီနိုင်ငံ Federal Statistical Office (Destatis)၏ စာရင်း ထုတ်ပြန်ချက်အရ အောက်တိုဘာလက စက်မှုကဏ္ဍရှိ ထုတ်လုပ်မှုများသည် ယခင်လကထက် ၀ ဒသမ ၁ ရာခိုင်နှုန်း၊ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု များသည် ၁ ဒသမ ၉ ရာခိုင်နှုန်းနှင့် စွမ်းအင်ထုတ်လုပ်မှုများသည် ၇ ဒသမ ၆ ရာခိုင်နှုန်း လျော့နည်းကျဆင်းလာခဲ့ကြောင်း၊ စွမ်းအင်ဈေးနှုန်းများ မြင့်တက်နေသော်လည်း ကျောက်မီးသွေးစက်ရုံများနှင့် သဘာဝဓာတ်ငွေ့ များမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုများ တိုးတက်လာနေကြောင်း သိရသည်။
ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုကဏ္ဍ
ထုတ်လုပ်မှုကဏ္ဍတွင် အမှာစာများ လက်ခံရရှိမှုသည် အောက်တိုဘာလ တွင် စက်တင်ဘာလထက် ၀ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး ၂၀၂၁ ခုနှစ်ကာလတူထက် ၃ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ ဝန်ဆောင်မှုကဏ္ဍတွင် ဝင်ငွေရရှိမှုများသည် စက်တင်ဘာလတွင် ယခင်လကထက် ၀ ဒသမ ၇ ရာခိုင်နှုန်းနှင့် ၂၀၂၁ ခုနှစ် ကာလတူထက် ၁၂ ရာခိုင်နှုန်း တိုးတက်လာကြောင်း တွေ့ရသည်။
စိုက်ပျိုးရေးနှင့် ခရီးသွားကဏ္ဍ
စိုက်ပျိုးရေးကဏ္ဍ ထုတ်လုပ်သူဈေးနှုန်းများမှာ အောက်တိုဘာလတွင် ယခင်လကထက် ၁ ဒသမ ၁ ရာခိုင်နှုန်း၊ ၂၀၂၁ ခုနှစ် ကာလတူထက် ၃၇ ဒသမ ၉ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း၊ စိုက်ပျိုးရေး အပင်ဈေးနှုန်း များနှင့် တိရစ္ဆာန်ထွက်ကုန်ပစ္စည်း ဈေးနှုန်းများမှာလည်း ၂၀၂၁ ခုနှစ် ကာလတူထက် ၂၆ ရာခိုင်နှုန်းနှင့် ၄၆ ဒသမ ၈ ရာခိုင်နှုန်း အသီးသီး တိုးတက်လာခဲ့ကြောင်း သိရသည်။ ခရီးသွားကဏ္ဍတွင် ၂၀၂၂ ခုနှစ် အောက်တိုဘာလက ခရီးသွားညအိပ်တည်းခိုသူ အရေအတွက်သည် ၄၄ ဒသမ ၃ သန်းရှိခဲ့ပြီး ယခင်နှစ် ကာလတူထက် ၂ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရသည်။
ပို့ကုန်သွင်းကုန်ကဏ္ဍ
ပို့ကုန်ပိုင်းတွင် အောက်တိုဘာလအတွင်း ယူရို ၁၃၅ ဒသမ ၃ ဘီလီယံ တင်ပို့ခဲ့ပြီး ယမန်နှစ် ကာလတူထက် ၁၁ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်လာခဲ့ကာ အမေရိကန်နိုင်ငံသို့ ယူရို ၁၃ ဒသမ ၈ဘီလီယံတန်ဖိုးရှိ မော်တော်ကား၊ နောက်တွဲယာဉ်များနှင့် စက်ပစ္စည်းများ တင်ပို့ခဲ့ပြီး ပြင်သစ်နိုင်ငံသို့ ယူရို ၁၀ ဒသမ ၁ ဘီလီယံ၊ နယ်သာလန်နိုင်ငံသို့ ယူရို ၉ ဒသမ ၆ ဘီလီယံနှင့် ရုရှားနိုင်ငံသို့ ယူရို တစ်ဘီလီယံဖိုး တင်ပို့မှု ရှိခဲ့သည်။
သွင်းကုန်တန်ဖိုးမှာ ယူရို ၁၃၀ ဒသမ ၁ ဘီလီယံရှိခဲ့ပြီး တရုတ်နိုင်ငံမှ ယူရို ၁၇ ဒသမ ၃ ဘီလီယံဖိုးဖြင့် အများဆုံး တင်သွင်းခဲ့ကာ ရုရှားနိုင်ငံမှ ယူရို ၁ ဒသမ ၈ ဘီလီယံတန်ဖိုး တင်သွင်းခဲ့ကြောင်း သိရသည်။ ဂျာမနီနိုင်ငံအနေဖြင့် အောက်တိုဘာလတွင် ပို့ကုန်ပိုငွေ ယူရို ၅ ဒသမ ၂ ဘီလီယံ ရရှိခဲ့ပြီး အမေရိကန်နိုင်ငံနှင့် ကုန်သွယ်မှုပိုငွေမှာ စက်တင် ဘာလတွင် ယူရို ၄ ဒသမ ၈ ဘီလီယံမှ အောက်တိုဘာလတွင် ယူရို ၅ ဒသမ ၇ ဘီလီယံသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ ဂျာမနီနိုင်ငံမှ အီးယူပြင်ပနိုင်ငံများသို့ ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း ပို့ကုန်များတင်ပို့ရာတွင် ၅၅ ဒသမ ၆ ရာခိုင်နှုန်းမှာ ယူရိုငွေကြေးကို အသုံးပြု၍ ကုန်သွယ်မှုပြုခဲ့ကြောင်း၊ အခြားငွေကြေးများဖြင့် ပို့ကုန် ဆောင်ရွက်မှုများမှာ အမေရိကန်ဒေါ်လာဖြင့် ၂၅ ဒသမ ၆ ရာခိုင်နှုန်း၊ တရုတ်ယွမ်ဖြင့် ငါးရာခိုင်နှုန်းနှင့် ဗြိတိသျှ ပေါင်စတာလင်ဖြင့် လေး ရာခိုင်နှုန်းတို့ဖြစ်ကြောင်း စီးပွားရေးသံမှူးထံမှ သိရသည်။
ဂျာမနီ-မြန်မာနိုင်ငံ ကုန်သွယ်မှု
ဂျာမနီနှင့် မြန်မာနိုင်ငံကြား ကုန်သွယ်မှုတွင် အောက်တိုဘာလက ဂျာမနီနိုင်ငံမှ မြန်မာနိုင်ငံသို့ ပို့ကုန် ယူရို ၄ ဒသမ ၄၅၄ သန်းဖိုး တင်ပို့ခဲ့ပြီး ဂျာမနီနိုင်ငံက မြန်မာနိုင်ငံမှ သွင်းကုန် ယူရို ၁၈၈ ဒသမ ၁၂၇ သန်းဖိုး တင်သွင်းမှုရှိခဲ့သည်။ စက်တင်ဘာလတွင် ဂျာမနီနိုင်ငံက မြန်မာနိုင်ငံမှသွင်းကုန် ယူရို ၂၁၄ ဒသမ ၄၅၈ သန်းဖိုး ရှိခဲ့ရာမှ အောက်တိုဘာလတွင် ယူရို ၂၆ ဒသမ ၃၃၁ သန်း လျော့နည်းတင်သွင်း ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် အောက်တိုဘာလအတွင်း ဂျာမနီနိုင်ငံသို့ CMP အထည်ချုပ်၊ ဖိနပ်နှင့် အခြားစက်ပစ္စည်းကိရိယာများ အပါအဝင် ပို့ကုန်ယူရို ၁၈၈ ဒသမ ၁၂၇ သန်းဖိုး တင်ပို့မှုရှိခဲ့ပြီး ပို့ကုန်ပိုငွေ ယူရို ၁၈၃ ဒသမ ၆၇၃ သန်း ရရှိခဲ့ကြောင်း သိရသည်။