
မော်လမြိုင်ကျွန်း ဇွန် ၁၀
ဧရာဝတီ - ကျောက်ဖရား - မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ(ACMECS)အစီအစဉ်အရ ၂၀၂၃ ခုနှစ် မေလမှ ၂၀၂၄ ခုနှစ် ဧပြီလအထိ “ဧရာဝတီတိုင်းဒေသကြီးတွင် အလားအလာရှိသော ထုတ်ကုန် (အုန်းသီး) တန်ဖိုးကွင်းဆက်တစ်လျှောက် အဆင့်မြှင့်တင် ထုတ်လုပ်ခြင်းစီမံကိန်း” ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ စီမံကိန်းအစီအစဉ်အရ တိုင်းဒေသကြီးအတွင်းရှိ အုန်းစိုက်ပျိုးထုတ်လုပ်သူများအတွက် စီးပွားဖြစ် အုန်းပင်စိုက်ပျိုးထုတ်လုပ်ခြင်းနှင့် ကွင်းဆင်းသရုပ်ပြ လေ့ကျင့်ခြင်းသင်တန်းဖွင့်ပွဲကို ဇွန် ၈ ရက်က မော်လမြိုင်ကျွန်း မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသီဟဇော်က အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူး ဦးထွန်းထွန်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် စီမံကိန်းအစီအစဉ်များ ရှင်းလင်း ပြောကြားသည်။
သင်တန်းကို ဇွန် ၈ ရက်မှ ၁၀ ရက်အထိ သုံးရက်ကြာ ပို့ချပြီး သင်တန်းသား ၃၀ တက်ရောက်ကြောင်း သိရသည်။
သွန်း