
ပန်းခင်းစီမံချက်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၃ ဒသမ ၄ သန်းကျော်ကို ၁၈ လတာကာလအတွင်း ထုတ်ပေးနိုင်ရေး လျာထားဆောင်ရွက်
နေပြည်တော် ဖေဖော်ဝါရီ ၆
ဧရာဝတီတိုင်းဒေသကြီး ပန်းခင်းစီမံချက် တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့်ပြီးမြောက် အောင်မြင်ပွဲကို ယနေ့ နံနက် ၈ နာရီတွင် ပုသိမ်မြို့ ဧရာရွှေဝါခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက နိုင်ငံတော်စီမံချက်တစ်ခုဖြစ်သည့် ပန်းခင်းစီမံချက် ကို နိုင်ငံတော်၏အနာဂတ်အတွက် မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ်ပြီး ယင်းစီမံချက်ကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၃ ဒသမ ၄ သန်းကျော်ကို ၂၀၂၁ ခုနှစ် မေ ၃ ရက်မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၃ ရက်အထိ ၁၈ လတာကာလ အတွင်း ထုတ်ပေးနိုင်ရေး လျာထားဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ အခြေအနေနှင့် အချို့ဒေသများတွင် လုံခြုံရေး အခြေအနေ၊ ရာသီဥတုအခြေအနေ အထူးသဖြင့် ဧရာဝတီတိုင်းဒေသကြီးသည် နေရာဒေသတော်တော် များများ၌ ရေလမ်းခရီးကိုသာ အသုံးပြုသွားလာရ သည့်အတွက် ကွင်းဆင်းဆောင်ရွက်မှုများတွင် သွားလာရေးအခက်အခဲများစွာ ကြုံတွေ့ကြရပြီး ယင်းအဟန့်အတား အခက်အခဲများကြားမှ ဆောင်ရွက်ကြရခြင်းဖြစ်ပါကြောင်း။
ရာနှုန်းပြည့် ပြီးမြောက်ကျော်လွန်
ဧရာဝတီတိုင်းဒေသကြီးအတွင်း ပန်းခင်းစီမံချက် ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၂၀၉၇၃၄ ကတ် ထုတ်ပေးရန် လျာထားဆောင်ရွက်ခဲ့ရာ ယခုအထိ ၂၃၁၂၉၉ ကတ် ပြီးစီးနေပြီဖြစ်၍ ရာခိုင်နှုန်းအားဖြင့် ၁၁၀ ဒသမ ၂၈ ရာခိုင်နှုန်းပြီးစီးပြီဖြစ်သဖြင့် တိုင်း ဒေသကြီး/ပြည်နယ်များအနက် လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်ကျော်လွန်အောင် ဆောင်ရွက် နိုင်သည့် ဒုတိယမြောက်တိုင်းဒေသကြီး ဖြစ်ပါ ကြောင်း၊ စီမံချက်အရ လျာထားချက် ပြည့်မီအောင် ဆောင်ရွက်နိုင်သော်လည်း နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းစဉ်သည် ပြီးဆုံး သည့် လုပ်ငန်းမဟုတ်ဘဲ စဉ်ဆက်မပြတ် ဆောင်ရွက် နေရမည့် လုပ်ငန်းတစ်ခုဖြစ်သည့်အတွက် အားလုံး က ဆက်လက်ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း ရှင်းလင်းပြောကြားသည်။
ရှင်းလင်းပြောကြား
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ဧရာဝတီတိုင်းဒေသကြီးအတွင်း ပန်းခင်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက် မှုနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဌာန ဆိုင်ရာများမှ တာဝန်ရှိသူများကို ဂုဏ်ပြုမှတ်တမ်းလွှာ များပေးအပ်ပြီး ပန်းခင်းစီမံချက်တွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီးမှ ဝန်ထမ်းများကို တစ်ဆင့်မြင့် ရာထူးတိုးမြှင့်ပေးကာ ရာထူးအဆင့်များကို တပ်ဆင်ပေးသည်။
ထောက်ပံ့ပေးအပ်
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးရုံးများအတွက် Computer ၊ Printer ၊ မိတ္တူကူးစက်နှင့် ကွန်ပျူတာခုံ များကို ထောက်ပံ့ပေးအပ်ရာ တိုင်းဒေသကြီး ဦးစီးမှူးက လက်ခံရယူသည်။
ယင်းနောက် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများက ပန်းခင်းစီမံချက် အောင်မြင်ရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေး ကြသည့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ် များမှ အုပ်ချုပ်ရေးမှူးများနှင့် ဦးစီးမှူးများကို ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက e-ID စနစ် လုပ်ငန်းနှင့်ပတ်သက်သည်များကို ရှင်းလင်း ပြောကြားပြီး အမျိုးသားမှတ်ပုံတင်ရေးနှင့် နိုင်ငံသား ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦး က e-ID စနစ်အကြောင်း သိကောင်းစရာများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ် များကို ရှင်းလင်းတင်ပြသည်။
ကြည့်ရှုအားပေး
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးသို့ သွားရောက်၍ ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးပြီးသူများ၏ ကိုယ်ရေးအချက်အလက် များကို ကွန်ပျူတာဖြင့် ဖြည့်သွင်းနေမှု၊ နေပြည်တော် (ရုံးချုပ်)မှ ပေးပို့သည့် အချက်အလက်များနှင့် တိုက်ဆိုင်၍ e-ID စနစ် အကောင်အထည်ဖော်ရာတွင် ချိတ်ဆက် အသုံးပြုနိုင်ရေး ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးကာ ပြည်ထောင်စုဝန်ကြီး က လုပ်ငန်းလိုအပ်ချက်များ မှာကြားညှိနှိုင်း ဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပုသိမ်မြို့ ဧရာရွှေဝါခန်းမ၌ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးရုံး များမှ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ နိုင်ငံတော်အစိုးရက ရှေ့လုပ်ငန်းစဉ်(၅)ရပ် ချမှတ်ဆောင်ရွက်နေမှုနှင့် စပ်လျဉ်း၍ အကျယ်တဝင့် ရှင်းလင်းမှာကြားပြီး ဝန်ထမ်းများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်