
နေပြည်တော် မေ ၂၁
ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ် အိမ်ယာကြီးကျေးရွာ၌ မဟာဓာတ်အားလိုင်း ပြင်ပ အမျိုးသားလျှပ်စစ် ဓာတ်အားရရှိရေးစီမံကိန်းဖြင့် ဆောင်ရွက်ခဲ့သည့် ဆိုလာအသေးစား ဓာတ်အားပေး စနစ် မီးလင်းရေးလုပ်ငန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပရာ သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးလှမိုး၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အကျိုးခံစားခွင့်ရရှိ
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုး က ကျေးလက်ဒေသမီးရရှိရေးအနေဖြင့် လက်ရှိတွင် မဟာဓာတ်အားလိုင်းပြင်ပဧရိယာ၏ ၃၅ ဒသမ ၂ ရာခိုင်နှုန်း လွှမ်းခြုံပေးနိုင်ခဲ့ပါကြောင်း၊ အိမ်ယာကြီး ကျေးရွာတွင် ဆောင်ရွက်သည့် ဆိုလာ ၁၁၅ ကီလိုဝပ် နှင့် ၁၁၀ ကီလိုဝပ် အရန်ဒီဇယ် အင်ဂျင်စနစ်ပါဝင်သော ဆိုလာ-ဒီဇယ် ပေါင်းစပ်စနစ် အမျိုးအစားကို ZLT Super Electrical ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက် ခဲ့ပြီး နိုင်ငံတော်ဘတ်ဂျက်မှ ၆၀ ရာခိုင်နှုန်း ကျေးရွာနေ ပြည်သူများမှ ၂၀ ရာခိုင်နှုန်းနှင့် လုပ်ငန်းဆောင်ရွက် သည့်ကုမ္ပဏီမှ ၂၀ ရာခိုင်နှုန်း ထည့်ဝင်ဆောင်ရွက်ခဲ့ ပါကြောင်း၊ စီမံကိန်းမှ ကျေးရွာရှိ အိမ်ထောင်စုပေါင်း ၂၉၀ ကျော် အကျိုးခံစားခွင့် ရရှိကြောင်း၊ မိမိတို့ ဝန်ကြီးဌာန အနေဖြင့်လည်း ကျေးလက်နေပြည်သူ များ၏ လူနေမှုအဆင့်အတန်း မြင့်မားရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးလက် မီးလင်းရေးလုပ်ငန်းများအပါအဝင် သမဝါယမကဏ္ဍ ဖွံ့ဖြိုးရေး၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဖွံ့ဖြိုး ရေး၊ ကျေးလက်ဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို သက်ဆိုင်သူအားလုံးနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ဧရာဝတီတိုင်းဒေသကြီး အတွင်း မဟာဓာတ်အားလိုင်းမရောက်နိုင်သော ကျေးရွာများ၏ Solar Mini Grid မီးလင်း ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့ အထိ စီမံကိန်း ၂၈ ခုအနက် အိမ်ယာကြီး ကျေးရွာ အပါအဝင် စီမံကိန်းလုပ်ငန်း ၁၉ ခု ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း၊ ယခုလက်ရှိ Solar Mini Grid မီးလင်းရေးနှင့် ဆောင်ရွက်ဆဲလုပ်ငန်း ကိုးခုရှိပြီး အဆိုပါစီမံကိန်းများမှ ကျေးရွာပေါင်း ၁၇ ရွာ အိမ်ခြေ ၂၄၀၀ ကျော်ရှိ ပြည်သူများအနေဖြင့် မကြာမီကာလ အတွင်း လျှပ်စစ်မီးရရှိသုံးစွဲနိုင် တော့မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်နေမှုကို ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ ဆိုလာအသေးစားဓာတ်အားပေး စနစ် မီးလင်းရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး တင်ဇော် ထွန်း၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ZLT Super Electrical ကုမ္ပဏီမှ တာဝန်ရှိသူတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် မီးလင်းရေးစက်ရုံ ကမ္ပည်းမော်ကွန်း ကို ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့က စက်ခလုတ်နှိပ် ဖွင့်လှစ်ကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးပြီး ဆိုလာ အသေးစားဓာတ်အားပေးစက်ရုံနှင့် ကျေးရွာ တွင်း လျှပ်စစ်ဓာတ်အားသွယ်တန်းထားမှုကို ကြည့်ရှု စစ်ဆေးသည်။
ယင်းနောက် မအူပင်မြို့ မြို့နယ်သမဝါယမဦးစီး ဌာနရုံး၌ သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနသုံးခုရှိ ခရိုင်နှင့် မြို့နယ် ဝန်ထမ်းများနှင့် တွေ့ဆုံကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပုသိမ်မြို့ရှိ သမဝါယမသင်တန်းကျောင်းသို့ ရောက်ရှိ ပြီး သင်တန်းကျောင်းကို လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကန်ကြီးထောင့်မြို့နယ် ပြည်စုံစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းလီမိတက်သို့ Daedong လယ်ယာသုံးစက်ကိရိယာနှင့် စိုက်ပျိုးရေး သွင်းအားစု အရင်းမပျောက် မတည်ငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာ စကားပြောကြား ပြီး ငွေကျပ် ၁၇၀ ဒသမ ၉၇၃ သိန်း တန်ဖိုးရှိ Daedong DS-4510 ထွန်စက်တစ်စီး၊ စိုက်ပျိုးရေး သွင်းအားစု အရင်းမပျောက်မတည်ငွေကျပ် ၃၆ သိန်း တို့ကို ကန်ကြီးထောင့်မြို့နယ် ပြည်စုံစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းလီမိတက် ဥက္ကဋ္ဌထံသို့လည်းကောင်း ပေးအပ်သည်။
ယင်းနောက် ကန်ကြီးထောင့်မြို့နယ် အနောက်စု ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲ၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တစ်နေ့လျှင် ဂါလန် ၂၀၀ သန့်စင်ပေးနိုင်သော ရေသန့်စက် တပ်ဆင်ပြီးစီးမှုကို လည်းကောင်း၊ အနောင်စုကျေးရွာ Daedong ထွန်စက်ဖြင့် ထွန်ယက်နေမှု သရုပ်ပြပွဲကို လည်းကောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး ဖွင့်လှစ်လျက်ရှိသည့် လူသုံးကုန်လက်မှုထည်များ ဖြစ်သည့် ပလတ်စတစ်ခြင်းအမျိုးမျိုးနှင့် လက်ကိုင် အိတ်အမျိုးမျိုး ပြုလုပ်နည်းသင်တန်းမှ သင်တန်းသား သင်တန်းသူများ၏ ထုတ်ကုန်များကို လည်းကောင်း ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဖြည့်စွက် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်