ဧရာဝတီ၊ စဉ့်ကူး၊ ရတနာသိင်္ခတံတားနှင့် ခူလယ်အင်း

Type
1

 

ကိုရွှေမန်း(မန္တလေး)

 

မြစ်မင်းဧရာဝတီ
မြန်မာနိုင်ငံသားများက      မြန်မာနိုင်ငံတော်ကြီးကို အမိမြန်မာနိုင်ငံဟု    မိခင်နှင့်ပမာနှိုင်း၍    အထွတ် တမြတ်ပြုကာ     တန်ဖိုးထားခေါ်ဆိုသမှု    ပြုကြ သကဲ့သို့    ဧရာဝတီမြစ်ကြီး၏    ကျေးဇူးတရားများ သည် မြန်မာနိုင်ငံသားများ၏ အပေါ်တွင် စာဖွဲ့မကုန် သည့်အတွက် စာပေများတွင် မြစ်မင်းဧရာဝတီဟု လည်း   အထွတ်အမြတ်ပြု၍    ရေးသားခေါ်ဆိုကြ သည်ကိုလည်း  တွေ့ရသည်။ ဧရာဝတီမြစ်နှင့်အတူ မြစ်ကြီးမြစ်ငယ်အသွယ်သွယ်တို့သည်        မြန်မာ နိုင်ငံ၏ ကုန်သွယ်ရေကြောင်း ကူးသန်းသွားလာရေး အတွက်သာမက ရေသတ္တဝါများ ရှင်သန်ပေါက်ပွား ရန်အတွက်    သဘာဝပတ်ဝန်းကျင်    အခြေအနေ ကောင်းများနှင့် ကောက်ပဲသီးနှံ စားနပ်ရိက္ခာ စိုက်ပျိုး ရေးအတွက်   မြေသြဇာကောင်းမွန်သည့်   မြေနု လွင်ပြင်များကို ဖန်တီးပေးလျက်ရှိနေပါသည်။  သို့ ဖြစ်သည့်အတွက်  မြစ်ကြီးမြစ်ငယ်အသွယ်သွယ် တို့ကို  မြန်မာနိုင်ငံ၏ အသက်သွေးကြောများအဖြစ် လည်း သတ်မှတ်ထားကြခြင်းဖြစ်ပါသည်။
မြစ်ကြီးမြစ်ငယ်  အသွယ်သွယ်တို့၏   ပြုပြင် ဖန်တီးမှုများ၊         ဆက်စပ်ပတ်သက်မှုများနှင့်  နိုင်ငံသားတို့၏ ကြိုးပမ်းတည်ဆောက်မှုများကြောင့် ကုန်းတွင်းရေချို   အင်းအိုင်များ၊  သဘာဝရေကန် ကြီးများ၊       ဆည်ကြီးတာတမံကြီးများအပါအဝင် ကုန်းတွင်းရေချိုဖုံးလွှမ်းမှုမှာ  ဟက်တာ  ၈   ဒသမ ၁ သန်း ရှိသည်။ ဧရာဝတီမြစ်သည် အလျား  ကီလို မီတာ ၂၁၅၀ ကျော်ရှည်လျားပြီး ရေချိုငါးထုတ်လုပ် မှုအတွက် အရေးပါသည်။   တစ်နိုင်ငံလုံးရေချိုငါးထုတ်လုပ်မှု၏  ၇၀ ရာခိုင်နှုန်းခန့်ကို  ဧရာဝတီမြစ် နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော   ရေပြင်များမှ ထုတ်လုပ်ပေးလျက်ရှိသည်။ ဧရာဝတီမြစ်သည် ငါးနေငါးထိုင်တောများပေါများပြီး ငါးအဆင်းအတက် လမ်းများကောင်းမွန်ကာ ငါးများသွားလာ ကျက်စား မျိုးပွားကြီးပြင်းရန်     သဘာဝအစားအစာကြွယ်ဝ သော    ငါးစာပြင်ကြီးများ၊   ငါးစားကျက်ကြီးများ၊ ငါးနေငါးထိုင်တောများကိုလည်း ဖန်တီးပေးလျက်ရှိ သည်။    ဧရာဝတီမြစ်နှင့်   ယင်း၏မြစ်လက်တက် များစွာတို့သည် တောတောင် လျှိုမြောင်အသီးသီးမှ အရှိန်အဟုန်ဖြင့် စီးဆင်းခဲ့ကြပြီး  မြေပြန့်လွင်ပြင် များသို့     ရောက်သောအခါ   ရေလမ်းကြောင်းများ ပြောင်းလဲ၍       မြေနုကျွန်းများ၊     သဲသောင်များ ပြောင်းလဲဖြစ်ပေါ်လာခြင်းနှင့်အတူ မြစ်ကျိုးအင်း များ၊ မြစ်စွပ်အင်းများ၊ ကုန်းတွင်းအင်းများ၊    အိုင် များ၊ ထုံးများ၊ ဂရက်များ၊ နွေအင်းများ၊ မြစ်ကြောင်း အင်းများကို ဖြစ်ပေါ်စေခဲ့ပါသည်။ ဤသို့အားဖြင့် ရေချိုငါးနှင့် ဆန်စပါး ကောက်ပဲသီးနှံ စားရိက္ခာများ ဘက်စုံထုတ်လုပ်ပေးနိုင်သော ခူလယ်အင်းကြီးကို လည်း မြစ်မင်းဧရာဝတီက  မန္တလေးတိုင်းဒေသကြီး   သပိတ်ကျင်းခရိုင် စဉ့်ကူးမြို့နယ်အတွင်း  ဖြစ်ထွန်း စေခဲ့သည်။ တစ်နည်းအားဖြင့် မွေးဖွားပေးခဲ့သည်။
စဉ့်ကူးမြို့
စဉ့်ကူးမြို့သည်         မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းခရိုင်၌တည်ရှိပြီး          မန္တလေးမြို့မှ ကားလမ်းအားဖြင့်  မြောက်ဘက်   မိုင် ၄၀ အကွာ ဧရာဝတီမြစ် အရှေ့ဘက်ကမ်းတွင်ရှိသော ဆိပ်ကမ်း မြို့တစ်မြို့ဖြစ်သည်။ ရွှေတိဂုံစေတီတော်ကြီးရှိစဉ် စဉ့်ကူးမင်းခေါင်းလောင်းတော်နှင့်      အလှူရှင်ဖြစ်သူ စဉ့်ကူးမင်းဟူသော  အမည်များနှင့်တွဲ၍    စဉ့်ကူး ဟူသော အမည်နာမကို ရင်းနှီးကျွမ်းဝင်ကြပြီး ဖြစ်ပါ မည်။  စဉ့်ကူးမင်း၏ငယ်မည်မှာ     ရဲမင်းလှဖြစ်ပြီး မင်းသားဘဝငယ်စဉ်က     အပိုင်စားရခဲ့သော    မြို့ ဖြစ်၍ ရှင်ဘုရင်ဖြစ်သောအခါတွင် စဉ့်ကူးမင်း အမည်ဖြင့် သမိုင်းတင်ခဲ့ခြင်းဖြစ်သည်။ ကုန်းဘောင် မင်းဆက်၏   လေးဆက်မြောက်မင်းဖြစ်ပြီး     ဖခင် ဆင်ဖြူရှင်မင်း၏ မပြီးပြတ်ခဲ့သော ခေါင်းလောင်းကို ဆက်လက်သွန်းလုပ်၍      မဟာဂဏ္ဍဘွဲ့တော်ရှိ (အလေးချိန် ၁၅၅၅၅ ပိဿာ) ခေါင်းလောင်းတော် ကြီးကို   ရွှေတိဂုံစေတီတော်၌   ၁၁၄၀  ပြည့်နှစ်တွင် လှူဒါန်းခဲ့သည်။ တန်ချိန်အားဖြင့် ၂၄  တန်လေးပြီး စဉ့်ကူးမင်းခေါင်းလောင်းဟူ၍    ကျော်ကြားသည်။ အင်္ဂလိပ် - မြန်မာ   ပထမစစ်ပွဲ     ၁၈၂၄   ခုနှစ်တွင် မြန်မာတို့စစ်ရှုံးခဲ့ရာ    ရန်ကုန်မြို့သည်    အင်္ဂလိပ် လက်အောက်သို့ ကျရောက်ခဲ့ပြီး ခေါင်းလောင်းကြီး အား အင်္ဂလန်သို့         သယ်ယူရန်   ဆောင်ရွက်စဉ် ရန်ကုန်မြစ်အတွင်း       ပြုတ်ကျနစ်မြုပ်ခဲ့သည်။ အင်္ဂလိပ်တို့က  ဆယ်ယူရန်   ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ဘဲ လက်လျှော့ခဲ့ကြသဖြင့် ရန်ကုန်မြို့ ရှိမြန်မာလူကြီးများက   ပြန်လည်ဆယ်ယူခွင့်နှင့် ရွှေတိဂုံစေတီသို့ ပြန်လည်လှူဒါန်းခွင့် တောင်းခံရရှိ ခဲ့ကြသဖြင့် မြန်မာ့နည်း၊ မြန်မာ့ဟန်ဖြင့် ပြန်လည် ဆယ်ယူ၍ မူလနေရာတွင် ပြန်လည်ထားရှိလှူဒါန်း နိုင်ခဲ့ခြင်းဖြစ်သည်။        အင်္ဂလိပ်တို့      ဖြုတ်ယူ သယ်ဆောင်ခြင်းနှင့် မြန်မာတို့ ပြန်လည်ဆယ်ယူ ခြင်းများတွင် ခေါင်းလောင်းတော်နှုတ်ခမ်း၌ ထိခိုက် ပွန်းပဲ့မှုများကို တွေ့ရှိနိုင်သည်။
စဉ့်ကူးမြို့သည်   အနော်ရထာမင်းလက်ထက် (သက္ကရာဇ်  ၃၉၅  ခု   တပေါင်းလဆန်း   ၁၂   ရက်  သောကြာနေ့) က      ပြည်ပရန်ကို     ကာကွယ်ရန် အတွက်     ကင်းတပ်စခန်းမြို့ပေါင်း   ၄၃     မြို့ကို တည်ဆောက်ခဲ့ရာတွင် အပါအဝင်မြို့ဖြစ်ပြီး မှန်နန်း ရာဇဝင်တော်ကြီးတွင် အမှတ်စဉ်  (၁၅) ငစဉ့်ကူးဟူ ၍ ဖော်ပြထားသည်။ ပုဂံခေတ် နရသီဟပတေ့မင်း လက်ထက် ၆၃၆ ခုနှစ်တွင် တာပေါင်းတစ်သောင်း အကျယ်ရှိသော  တံခါးလေးရပ်ပါရှိသောမြို့အဖြစ် တည်ထောင်ခဲ့သည်။ ကုန်းဘောင်ခေတ် စဉ့်ကူးမင်း လက်ထက်တွင်လည်း  မြို့ရိုး၊  ပြအိုး၊  ကျုံး၊ စံနန်း တို့ဖြင့်      စနစ်တကျတည်ဆောက်ခဲ့သည့်    မြို့ ဖြစ်သည်။ ယခုအခါတွင် နန်းမြို့အဝင်တံခါး အမှတ် အသား    တိုင်လုံးကြီးများဖြင့်   ရှေးဟောင်းနန်းမြို့ အဖြစ် ဂုဏ်ယူဝင့်ကြွားနေဆဲဖြစ်သည်။ 
ရွှေမုဌောဘုရား
သီရိဓမ္မာသောကမင်းကြီး    ကောင်းမှုစေတီ ပေါင်း ၈၄၀၀၀ အပါအဝင်ဖြစ်သော ရွှေမုဌောစေတီ ကိုစဉ့်ကူးမြို့ ဧရာဝတီမြစ်ကမ်းဦးတွင်   ကြည်ညို ဖွယ်ဖူးတွေ့နိုင်ပါသည်။ လကို ရာဟု ဖမ်းစဉ် တစ်ည အတွင်း အပြီးတည်ခဲ့ခြင်းဖြစ်ပြီး မူလဉာဏ်တော် အမြင့်      ငါးတောင်ရှိသည်ဟု     မှတ်သားရသည်။ လကို ရာဟုမှ လွတ်ခြင်းသည် အမှောင်မှ ကင်းလွတ် ခြင်း၊   ကိလေသာ     အမှောင်မှကင်းလွတ်၍  နိဗ္ဗာန် မဂ်ဖိုလ်ကိုရစေရန်        ရည်မှန်းတည်ထားခြင်း ဖြစ်သဖြင့်   အန္တရာယ်မှ ကင်းလွတ်ခြင်း၊ ထင်ပေါ် ကျော်ကြားမှုရှိခြင်း၊ ဆုတောင်းပြည့်ခြင်းစသည့် ဂုဏ်ထူးဝိသေသများနှင့် ပြည့်စုံသော ဘုရားတစ်ဆူ ဖြစ်ပါသည်။   ရွှေရပ်တော်စေတီ၊ ရွှေဂူကြီးစေတီ၊ ရွှေတောင်မည်း စေတီများသည်လည်း စဉ့်ကူးမြို့၏ ထင်ရှားသော      ဘုရားပုထိုးစေတီများဖြစ်သည်။ ရွှေမုဌောစေတီ       ရင်ပြင်တော်ပေါ်မှကြည့်လျှင် စေတီတော်အား ဦးခိုက်ပူဇော်နေသည့်    မြစ်မင်း ဧရာဝတီနှင့် ရတနာသိင်္ခ မြစ်ကူးတံတားရှုခင်းကို ကြည်နူးဖွယ်ရှုမြင်ရမည်ဖြစ်သည်။ 
ရတနာသိင်္ခတံတား
၁၆-၄-၂၀၁၀    ပြည့်နှစ်တွင်    ဧရာဝတီမြစ်ကူး ရတနာသိင်္ခတံတားကြီးကို စတင်တည်ဆောက်ခဲ့ သည်။   စဉ့်ကူးမြို့မှ  တံတားအထိ   ဆက်သွယ် ဖောက်လုပ်ထားသည့် ကားလမ်းမကြီးက ဧရာဝတီ မြစ်နှင့် ခူလယ်အင်းတို့ကို ခြားနားသွားစေခဲ့သည်။ ရေဝင်ပေါက် သုံးခုမှသာ မြစ်ရေဝင် ရောက်နိုင်သည့် အတွက်  ရေဝင်ရောက်နိုင်မှု   အားနည်းသွားကြောင်း တွေ့ရသော်လည်း       
ရတနာသိင်္ခတံတားသို့ သွားရောက်သည့် ကားလမ်း ပေါ်မှ ခူလယ်အင်းရေပြင်ကျယ်ကို    ရာသီမရွေး သာယာကြည်နူးဖွယ်     ရှုမြင်ခံစားနိုင်ပါသည်။      ခူလယ်ကျေးရွာသို့လည်း      ကုန်းလမ်းခရီးဖြင့်      သွားရောက်နိုင်ပြီဖြစ်သည်။  တံတားအရှည် ပေ  ၂၄၈၀ ရှိပြီး ၂၄-၇-၂၀၁၃  ရက် တွင် ဖွင့်လှစ်ခဲ့ပါသည်။
ခူလယ်အင်း
စဉ့်ကူးမြို့နယ်သည် ဆန်စပါး၊ ကောက်ပဲသီးနှံ တို့ကို အဓိကစိုက်ပျိုးထုတ်လုပ်သော မြို့နယ်ဖြစ်ပြီး စဉ့်ကူးမြို့နယ်အတွင်း ငါးလုပ်ငန်းဦးစီးဌာနမှ  စီမံ ခန့်ခွဲသည့် အင်းပေါင်း ၃၈ အင်းရှိ၍ ခူလယ်အင်းမှာ ရေချိုငါးထုတ်လုပ်ရေးတွင် ထင်ရှားသည့်  အင်းကြီး ဖြစ်ပါသည်။   ခူလယ်အင်းသည်   စဉ့်ကူးမြို့နယ်၏ မြောက်ဘက်၊ ကျောက်မြောင်းမြို့နှင့်  ဆက်သွယ် ထားသော ရတနာသိင်္ခမြစ်ကူး တံတားသို့သွားသော လမ်းဘေး၊ စဉ့်ကူးမြို့မှ တစ်မိုင်ခန့်အကွာ ခူလယ် ကျေးရွာအနီးတွင်   တည်ရှိပါသည်။   မန္တလေးမြို့မှ ၅၆   မိုင်   အကွာအဝေးတွင်တည်ရှိပြီး   စုစုပေါင်း ခန့်မှန်းဧရိယာ ၃၁၇၈ ဧက ရှိသည်။ 
ဧရာဝတီမြစ်မှ           ရေဝင်ပေါက်     သုံးပေါက်၊ ရေထွက်ပေါက်တစ်ပေါက်သာရှိသော     တစ်ဖက် ပိတ်အင်းဖြစ်သည်။   ၁၉၀၉-၁၉၁၀   ပြည့်နှစ်တွင် အင်းမြေပုံ၊ အင်းနယ်နိမိတ်များ ရေးဆွဲသတ်မှတ်၍ အင်းအဖြစ် လေလံရောင်းချနိုင်ခဲ့သည်ကို   တွေ့ရ သည်။ အင်းဧရိယာမှာ ၃၁၇၈ ဧက ခန့်ရှိပြီး  ကွင်း အလိုက် မှတ်တမ်းများမှာ အကျယ်အဝန်းအားဖြင့် ကွင်းအမှတ် (၆) ရေရှင်မြောက်တွင် ၂၂၅ ဧက၊ ကွင်း အမှတ် (၇) ငပြင်းတွင် ၁၂၄၇ ဧက၊ ကွင်းအမှတ် (၈)  ငပြင်းအင်းတောင်တွင်    ၆၆၁ ဧက၊  ကွင်းအမှတ် (၈-က) ငပြင်းအင်းအရှေ့တွင်  ၅၆၆ ဧက၊   ကွင်း အမှတ် (၁၈)   ခူလယ်တွင်   ၄၇၉ ဧက၊   စုစုပေါင်း ခန့်မှန်းဧရိယာ ၃၁၇၈ ဧက ခန့်ရှိသည်။
ခူလယ်အင်းသည် ကုန်းတွင်းပိတ်အင်းဖြစ်ပြီး ယခင်က   ဧရာဝတီမြစ်ရေကြီးချိန်တွင်   ခူလယ် အင်းကြီးနှင့် ဧရာဝတီမြစ်ကြီးသည်   ရေပြင်ရေရိုး တစ်ဆက်တစ်စပ်တည်း ဖြစ်သွားသဖြင့်  စဉ့်ကူးမြို့ မှ ပဲ့ထောင်လှေဖြင့် ခူလယ်အင်းရှိ ကျေးရွာများသို့ ခရီးဆက်ကြရပါသည်။ ခူလယ်ကျေးရွာရှိ အိမ်များ မှာ    မြစ်ရေတိုးချိန်တွင်    ရေလွတ်နိုင်ရန်အတွက် ခြေတံရှည်အိမ်များကို   တည်ဆောက်ကြရသည်။ မိုးရာသီ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာလများတွင် အင်းဧရိယာတစ်ခုလုံး          ရေပြည့်လျက်ရှိပြီး ဧရာဝတီမြစ်ရေကျချိန် အောက်တိုဘာ၊ နိုဝင်ဘာလ များတွင်    ခူလယ်အင်းအမြင့်ပိုင်းများ၌     မြေပဲ၊ ပြောင်း၊  နှမ်း၊ ပဲတီစိမ်း၊ ပဲစင်းငုံစသည့်  သီးနှံများ စိုက်ပျိုးထုတ်လုပ်ကြသည်။ အင်းအတွင်း ရေလျော့ ချိန် ဖေဖော်ဝါရီလတွင် မုရင်းစပါးများ စတင်စိုက်ပျိုး လေ့ရှိသည်။ ခူလယ်အင်းတွင်  ငါးနေငါးထိုင်   ငါး ဖမ်းကွက်နှစ်ကွက်ရှိပြီး  ဧပြီလတွင်   ခူလယ်အင်း ငါးဖမ်းကွက် ရေပြင်ဧရိယာခန့်မှန်း ဧက ၁၅၀၊  ရေ အနက်ဆုံးနေရာ ခုနစ်ပေမှ ရှစ်ပေနှင့် အင်းကဲအင်း ငါးဖမ်းကွက်ရေပြင်ဧရိယာ  ခန့်မှန်း ဧက ၂၀၀၊ ရေ အနက်ဆုံးနေရာ ငါးပေခန့်ရှိပြီး တစ်နှစ်ပတ်လုံးရေရှိ နေသော  အင်းဖြစ်ပါသည်။    ခူလယ်အင်းအတွင်း ရေလုပ်ငန်းလုပ်ကိုင်သော ကျေးရွာများမှာ ခူလယ်ရွာ၊  ညောင်ပင်ကုန်း၊   သာယာကုန်း၊    လက်ဆည်ဦး၊ ရေရှင်၊ ဝက်တိုး၊ မကျီးပင်ပု၊ ဥသျှစ်ကုန်း ကျေးရွာတို့ ဖြစ်သည်။ ခူလယ်နှင့် သာယာကုန်းကျေးရွာများမှ ရေလုပ်သားအများဆုံးဖြစ်ကြောင်း တွေ့ရသည်။ ခူလယ်အင်းသည် ငါးထုတ်လုပ်မှုသာမက စပါးနှင့် ကောက်ပဲသီးနှံမျိုးစုံ စိုက်ပျိုးထုတ်လုပ်ရာ အင်းကြီး ဖြစ်ပြီး လူ/ အပင်/ တိရစ္ဆာန်နှင့်  ရေမြေသဘာဝ အပြန်အလှန်အမှီသဟဲပြုရာ ဂေဟဗေဒစနစ်ကောင်း တစ်ခုဖြစ်သည့်အပြင်  ရေချိုအရင်းအမြစ် တစ်ခု လည်း ဖြစ်ပါသည်။
ရွှေကိုလို၍ အင်းရေလိုသည်
အင်းရေပြင်မှလှမ်းမျှော်ကြည့်လျှင်  ခူလယ်အင်း မြောက်ဘက်တွင် ရွှေတူးဖော်ရေး လုပ်ငန်းများရှိရာ မင်းပန်းတောင်နှင့်ထီးကျင်တောင်တို့ကို လှမ်းမြင် ရသည်။ ရွှေတူးဖော်ရေး ဆောင်ရွက်ခဲ့သည့်အတွက် တောင်များကို မုန့်လှီးသကဲ့သို့ တိတိပပလှီးဖြတ်ထားသည့်မြင်ကွင်းများကို တွေ့မြင်နေရသည်။
ရွှေလုပ်ငန်းရှင်များက ရွှေတူးဖော်ရေးလုပ်ငန်း အတွက် အင်းအတွင်းမှရေကို  ရယူသုံးစွဲလိုသည့် အတွက်   အင်းလေလံကို   စျေးပြိုင်ဝယ်ယူခဲ့ကြ သဖြင့် မူလအင်းစျေးနှုန်းထက် များစွာမိုပိုသွားသည် ကိုလည်း     တွေ့ရသည်။    အင်းစျေးနှုန်းများမှာ ၂၀၁၁-၂၀၁၂ ခုနှစ်မှ  ၂၀၁၄-၂၀၁၅ အထိ ကျပ် ၂၄ ဒသမ ၂ သိန်းမှ ၄၃ ဒသမ ၉၂၃ သိန်းသာ  ဖြစ်ပြီး အင်းအနီးရှိ    ရွှေတူးဖော်ရေးလုပ်ငန်းမှ    ရေရယူ သုံးစွဲရန် စျေးပြိုင်ပေး၍ လေလံဆွဲဝယ်ကြသဖြင့်  ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ၃၁၇ သိန်း၊ ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ၄၀၈ ဒသမ ၁ သိန်း၊ ၂၀၁၇-၂၀၁၈ ခုနှစ် တွင် သိန်း  ၄၇၀၊ ၂၀၁၈-၂၀၁၉ ခုနှစ်တွင်  ၅၁၇ သိန်း၊ ၂၀၁၉-၂၀၂၀ ပြည့်နှစ်တွင်  ၅၆၈  ဒသမ ၇  သိန်းသို့ ထိုးတက်သွားခဲ့သည်ကို တွေ့ရသည်။  အင်းလုပ်ငန်း လုပ်ကိုင်ခွင့်ရရန်အတွက်        လေလံရရှိသူထံမှ ဝယ်ယူကာ       အင်းလုပ်ငန်းဆောင်ရွက်ရသဖြင့် ရေလုပ်သားများအနေဖြင့်  ငါးလုပ်ငန်းတွင် အရှုံး ပေါ်ခဲ့ကြရသည်။      ရွှေတူးဖော်ရေးလုပ်ငန်းများ ရပ်ဆိုင်းသွားပြီးနောက် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ကျပ် ၇၅ ဒသမ ၇ သိန်းနှင့် ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ကျပ် ၂၅ ဒသမ ၅ သိန်းသို့ အင်းလေလံစျေး  ထိုးဆင်းသွား ကြောင်း    ငါးလုပ်ငန်းဦးစီးဌာန၏   မှတ်တမ်းများ အရ သိရသည်။
ခူလယ်အင်းအတွင်း  ဖမ်းဆီးရမိသော ငါးများမှာ
ငါးဖယ်အောင်း၊ ငါးနက်ပြာ၊ ရင်ဘောင်စာ၊ ငါးမြင်း၊ ငါးအုံတုံ၊ ငါးလူး၊ ငါးလဲ၊ ငါးမြစ်ချင်း၊ ငါးသိုင်းခေါင်းပွ၊ ငါးကြင်းဖြူ၊  ငါးပတ်၊ ငါးခူ၊ ငါးငိုက်၊ ငါးနုသန်း၊ ငါးခုံးမ၊ ငါးကျောင်း၊ ငါးဖမ်းမ၊ ငါးဘဲဖြူ၊ ငါးစင်စပ်၊ ငါးပြက်၊    ငါးရံ့၊   ငါးမွေနီ၊      ပုစွန်ဆိတ်တို့ဖြစ်ပြီး တိုင်းရင်းငါးမျိုးစိတ်များ      စုံစုံလင်လင်တွေ့ရှိနိုင်  သော အင်းကောင်းတစ်ခုဖြစ်ပါသည်။ ခူလယ်နှင့်သာယာကုန်းကျေးရွာများမှ ရေလုပ်သား  အများဆုံး ဖြစ်ကြောင်းတွေ့ရပြီး  မြင်းဝန်းဆည်ဖြင့်  ဖမ်းဆီး ရသောအင်းဖြစ်သည်။
ငါးဖမ်းကိရိယာများ
တစ်နှစ်ပတ်လုံးရေတည်ရှိသော အင်းဖြစ်သဖြင့် အဓိကမြင်းဝန်းဆည်တစ်လုံး၊        အကယ်ဆည် တစ်လုံး၊   ယင်းတန်းသုံးခု၊   ဆင်ခြေတိုင်မြှုံး  ၁၊ ကပ်ပါးမြှုံး ၂၊ တုတ် ၄၊ ပုစွန်မြှုံး ၁၅၀၀၊ တန်းပိုက် ၂၀၀၀၊ ကွန် ၁၀၊ မြားတန်း ၁၀၊ မှော်ချယင်းကာ ၆ တို့ဖြစ်သည်။     အင်းသူကြီးမှာ   မှော်ချယင်းကာ ခြောက်ခုနှင့် မြင်းဝန်းဆည်၊ အကယ်ဆည်ကို ဦးစား ပေးလုပ်ကိုင်သည်ကိုတွေ့ရပြီး ရေလုပ်သားများကို သင့်တင့်သော အခကြေးငွေဖြင့် ငါးဖမ်းကိရိယာများ ကို လုပ်ကိုင်ခွင့်ပြုထားသည်။ ရေလုပ်သား ၈၉ ဦး ဝန်းကျင်လုပ်ငန်း               ဆောင်ရွက်လျက်ရှိကြောင်း ငါးလုပ်ငန်းဦးစီးဌာန            မှတ်တမ်းများအရ သိရသည်။
အင်းလုပ်ငန်းဆိုင်ရာ ယုံကြည်ကိုးကွယ်မှု
ခူလယ်အင်းကျေးရွာများသည် ဗုဒ္ဓဘာသာဝင် များဖြစ်ကြပြီး မင်းပန်းတောင်စေတီ ဗုဒ္ဓရုပ်ပွားတော် ကို  ဘိုးစဉ်ဘောင်ဆက်  ကိုးကွယ်ကြသည်။  မြန်မာ နိုင်ငံအင်းလုပ်ငန်းများတွင်  တွေ့လေ့ရှိသည့်  ရိုးရာ နတ်ယုံကြည်ပသမှုများရှိသည်ကိုလည်း   ခူလယ် အင်းတွင် တွေ့ရသည်။ ခူလယ်အင်းတွင် အစွန်း ကိုးစွန်းနှင့်  ချောင်ကိုးချောင်ရှိပြီး ချောင်ကိုးချောင် တွင်  အင်းလုပ်ငန်းအတွက် ပသရသောနတ်ကိုးပါး ရှိကြောင်း    သိရသည်။     အစွန်းကိုးစွန်းမှာ- သံလျက်စွန်း၊    ထိန်ပင်စွန်း၊   ကျွန်းလယ်ကြီးစွန်း၊ ငရဲအိုးချောင်စွန်း၊     ကုလားမဲစွန်း၊   မင်းလဲတစ် ကန်စွန်း၊ ဥသျှစ်ကုန်းစွန်း၊ သမုံဒရာစွန်း၊ မကျည်းပင် စွန်းတို့     ဖြစ်သည်။   နတ်ကိုးပါးမှာ  -  ဥသျှစ်ပင် မောင်နှမနတ်၊ ပိုးမဲသာအရှင်မ၊ သမုံဒရာအရှင်ကြီး၊ မင်းတလဲကန် အရှင်ကြီး၊ မြွေကြီးချောင်အရှင်ကြီး၊   ရွာတော်ရှင် မြင်းဖြူရှင်ဘိုးတော်၊    နတ်တောင်လေး အရှင်ကြီး၊ ကုလားရေထွက်အရှင်ကြီးနှင့် ဘိုးတုန်း တာနတ်တို့ ဖြစ်ကြသည်။
ရေသယံဇာတများ လျော့နည်းကျဆင်းခြင်း
၁၉၇၉-၁၉၈၀  ပြည့်နှစ်တွင် ငါးလုပ်ငန်းဦးစီး ဌာနသည်   နော်ဝေနိုင်ငံ    ပူးပေါင်းဆောင်ရွက်ရေး   အေဂျင်စီမှ ရန်ပုံငွေထောက်ပံ့သည့်   EAF-Nansen     Program အစီအစဉ်အရ သုတေသနရေယာဉ် RV Dr Fridtjof Nansen    ဖြင့်    မြန်မာ့ငါးသယံဇာတ အခြေအနေတိုင်းတာမှုကို ဆောင်ရွက်ခဲ့ရာ ရေပေါ်လွှာ နေ ငါးထုထည် ပမာဏခန့်မှန်းတွက်ချက်မှုမှာ တန်ချိန် တစ်သန်းခန့် ဖြစ်ပါသည်။ သို့ရာတွင် ၂၀၁၃-၂၀၁၅-၂၀၁၈    ခုနှစ်များ၏   ပျမ်းမျှ    ရေပေါ်လွှာနေငါး ထုထည်ပမာဏမှာ တန်ချိန် ၁ ဒသမ ၆ သိန်းမျှသာ တည်ရှိပါသည်။    လက်ရှိ     ရေပေါ်လွှာငါးထုထည်  ပမာဏမှာ   ၁၉၇၉-၁၉၈၀   ပြည့်နှစ်ထက်     ၈၀ ရာခိုင်နှုန်းခန့် လျော့နည်းလာပါသည်။    အလားတူ ရေအောက်ငါးမှာလည်း  တန်ချိန် ၇ ဒသမ ၅ သိန်းမှ ၃ ‌ဒသမ ၁ သိန်းမျှသာ တည်ရှိသည့်အတွက် ၆၀ ရာခိုင်နှုန်းခန့် လျော့နည်းလာပါသည်။ အလားတူ ရေချိုပိုင်းတွင်လည်း    ၁၉၀၀   ပြည့်နှစ်လွန်ကာလက အင်းပေါင်း ၄၀၀၆ အင်းရှိခဲ့ရာမှ လက်ရှိကာလတွင် ၃၇၃၀ သို့  လျော့ကျသွားပါသည်။ ထို့ပြင်  မြစ်ချောင်း များ တိမ်ကောခြင်း၊ နုန်းသဲအနည်အနှစ်များ  ပို့ချ ခြင်းများအပြင်လူတို့၏ပယောဂများဖြစ်သည့် သဘာဝရေပြင်များ အတွင်းသို့   လူနေအိမ်များချဲ့ထွင်ခြင်း၊ မြို့သစ်စီမံ ကိန်းများ၊      လမ်းတံတားနှင့်       စက်မှုလုပ်ငန်းများ ချဲ့ထွင်ခြင်း၊     စိုက်ပျိုးမြေများ တိုးချဲ့ခြင်းတို့ကြောင့် ရေစီးရေလာပြောင်းလဲမှုများ၊  ရေအရည်အသွေး      ကျဆင်းပြောင်းလဲမှုများကိုဖြစ်စေပြီး    သဘာဝ ရေပြင်များ၊     ငါးနေငါးထိုင်တောများ လျော့နည်း ကျဆင်းလျက်ရှိနေကြောင်း တွေ့နေရပါသည်။
မြန်မာ့မြစ်ချောင်း၊   အင်းအိုင်များရှိ   ရေချိုငါး မျိုးစိတ်အရေအတွက်နှင့်ပတ်သက်၍      ငါးလုပ်ငန်း ဦးစီးဌာနမှ     ၁၉၈၆-၁၉၈၇    ခုနှစ်က     ထုတ်ဝေခဲ့ သော(Check-List of fisheries of Burma 1986-1987) စာအုပ်တွင်  ရေချို၊  ရေငန်  ငါးမျိုးစိတ်ပေါင်း ၆၉၃ မျိုးရှိကြောင်း သိရသည်။ www.fishbase.org Website တွင် ရေချိုငါးမျိုးစိတ်ပေါင်း ၄၄၉ မျိုးရှိသည်ဟု     ဖော်ပြထားကြောင်းနှင့်    မြန်မာ နိုင်ငံတွင် ရေချိုငါးမျိုးစိတ် ၅၃၆ မျိုးခန့်ရှိနိုင်ပြီး ၎င်းတို့အထဲမှ တိုင်းရင်းငါးမျိုးစိတ်စစ်စစ်   ၅၈   မျိုး အနက်  ၄၉   မျိုးသည် မျိုးသုဉ်းမည့်   အန္တရာယ်နှင့်  ရင်ဆိုင်နေရကြောင်း ငါးလုပ်ငန်းဦးစီးဌာန နှစ် (၅၀)  ပြည့်    ရွှေရတုမဂ္ဂဇင်းတွင်   ဆောင်းပါးရှင် ညီညီထွန်းက ဖော်ပြထားသည်။   တစ်ကမ္ဘာလုံး အတိုင်းအတာအားဖြင့်   ရေနေသတ္တဝါ    မျိုးစိတ် အရေအတွက်သည်   ၈၃    ရာခိုင်နှုန်းအထိ ကျဆင်း သွားကြောင်း သိရသည်။
သုတေသနအင်းများ ဆောင်ရွက်ခြင်း
သို့ဖြစ်သည့်အတွက် တိုင်းဒေသကြီး/ ပြည်နယ် များအတွင်း တိုင်းရင်းငါးမျိုးစိတ်များ ထိန်းသိမ်းရေး၊ ဂရန်အင်းများ တိမ်ကောပပျောက်မှုမှ ကာကွယ်နိုင် ရေးနှင့် Sustainable   Development  (စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးနှင့်)၊ ငါးအထွက်နှုန်း တိုးတက်စေရေးအတွက်    ဂရန်အင်းများတွင်    ငါး လုပ်ငန်းဆိုင်ရာသတင်းအချက်များ  စနစ်တကျ သုတေသနပြုလုပ် မှတ်တမ်း ရယူနိုင်ရေးတို့အတွက် တိုင်းဒေသကြီး/ ပြည်နယ်တစ်ခုလျှင် ဂရန်အင်းတစ် အင်းစီ ရွေးချယ်၍ ဂရန်အင်း ၁၁ အင်းကို ၂၀၁၄-၂၀၁၅   ခုနှစ်မှစ၍    သုတေသနအင်းများအဖြစ် သတ်မှတ်ပြီး   အင်းသားကြီးများနှင့်    ငါးလုပ်ငန်း ဦးစီးဌာနတို့        ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်းကို     ၁၅-၃-၂၀၂၂    တွင် ကျရောက်သည့် ငါးလုပ်ငန်းဦးစီးဌာန နှစ် (၅၀) ပြည့် ရွှေရတုအမှတ်တရမဂ္ဂဇင်းတွင်          မွေးမြူရေး၊    ရေလုပ်ငန်းနှင့်  ကျေးလက်ဒေသ  ဖွံ့ဖြိုးရေးဝန်ကြီး ဌာန  ပြည်ထောင်စုဝန်ကြီး  (ငြိမ်း)   ဦးအုန်းမြင့်က သူ၏     ဂုဏ်ပြုအမှာစကားတွင်    ဖော်ပြထားပါ သည်။ 
သုတေသနအင်းများအဖြစ် ရွေးချယ်သတ်မှတ် ခြင်းများကို       ဆောင်ရွက်ရာတွင်      ပြည်နယ်/ တိုင်းဒေသကြီး အစိုးရများ၏ခွင့်ပြုချက်၊ စိုက်ပျိုး ရေး၊     မွေးမြူရေးနှင့်     ဆည်မြောင်းဝန်ကြီးဌာန         ခွင့်ပြုချက်များဖြင့်        ဆောင်ရွက်လျက်ရှိပါသည်။ မန္တလေးတိုင်းဒေသကြီးတွင်      ခူလယ်အင်းကို   သုတေသနအင်းအဖြစ် ရွေးချယ်၍ (၂၀၂၂-၂၀၂၃ ခုနှစ်မှ      ၂၀၂၄-၂၀၂၅)     ခုနှစ်အထိ     သုံးနှစ်ကို သုတေသနအင်းလုပ်ငန်း   စီမံချက်များနှင့်အညီ ဆောင်ရွက်မည်ဖြစ်ပါသည်။ 
ဤတွင် သုတေသနအင်းလုပ်ငန်းနှင့် ပတ်သက်၍ ဆောင်ရွက် ရမည့် လုပ်ငန်းစဉ်များကို အနည်းငယ် ကောက်နုတ်ရှင်းလင်းတင်ပြရန် လိုအပ်မည် ဖြစ်ပါ သည်။ 
သုတေသနအင်းလုပ်ငန်းကို             မန္တလေးတိုင်း ဒေသကြီးအတွင်း ငါးလုပ်ငန်းဦးစီးဌာနနှင့် ခူလယ် အင်း ဂရန်ကိုင်အဖွဲ့တို့   ပူးပေါင်းဆောင်ရွက်မည် ဖြစ်သည်။ ခူလယ်အင်းအတွင်း   တိုင်းရင်းငါးမျိုး စိတ်များ ထိန်းသိမ်းရေး၊ အင်းငါးအထွက်  တိုးတက် စေရေး၊ အင်းတိမ်ကောပျက်စီးခြင်းကို  ကာကွယ် ရေး၊ ငါးလုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်များ နည်းပညာများကို     စနစ်တကျ   သုတေသနပြု မှတ်တမ်းရယူရေး၊      နည်းပညာသတင်းအချက် အလက်များကို     ဘဝတူရေလုပ်သားကြီးများသို့  ဖြန့်ဝေရေးလုပ်ငန်းများကို         ပူးပေါင်းဆောင်ရွက် ကြမည်ဖြစ်သည်။      ငါးလုပ်ငန်းဆိုင်ရာ    သတင်း အချက်အလက်နှင့်   စာရင်းဇယားများ   ကောက်ယူ မှတ်တမ်းတင်ခြင်းတို့တွင် အောက်ပါလုပ်ငန်းစဉ် များ အဓိကပါဝင်ကြောင်း တွေ့ရသည်။
 (က)    အင်းအတွင်းရှိ    ဂေဟစနစ်နှင့်   ငါးနေ ငါးထိုင်တော (Habitats) များကို လေ့လာမှတ်တမ်း တင်ခြင်း      (ဤလုပ်ငန်းစဉ်သည်      လူ/  အပင်/ တိရစ္ဆာန်နှင့် ရေမြေသဘာဝ    အပြန်အလှန်အမှီ သဟဲပြုရာ     ဂေဟဗေဒစနစ်ကောင်း    တစ်ခု၏ အချက် အလက်များကို       မှတ်တမ်းတင်ထားရှိနိုင်မည် ဖြစ်သည့် အပြင် ငါးများနေထိုင်ကျက်စား ကြီးပြင်း ရာ    ငါးစားကျက်များ၊     နေထိုင်မှုဓလေ့များကို မှတ်တမ်းတင်၍ ကာကွယ်ထိန်းသိမ်းရေး လုပ်ငန်း များ      ထိရောက်စွာ     ဆောင်ရွက်နိုင်မည်ဖြစ်ပါ သည်။)                                                                                      
(ခ)  ငါးရွှေ့ပြောင်းသွားလာရာလမ်းကြောင်း (Migratory Route) နှင့် အချိန်တို့ကို လေ့လာခြင်း။             (ဤလုပ်ငန်းစဉ်သည် ငါးများရွှေ့ပြောင်းသွားလာရာလမ်းကြောင်းနှင့်   အချိန်တို့ကိုသိရှိ၍  အချိန် ကာလကို လိုက်၍ ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်း များကို  ထိရောက်စွာ   ဆောင်ရွက်နိုင်မည်   ဖြစ်ပါ သည်။)
(ဂ)    ငါးပေါက်ပွားသည့်နေရာ     (Spawning Ground)   နှင့်   အချိန်တို့ကိုလေ့လာခြင်း။    (ဤ လုပ်ငန်းစဉ်သည် ငါးများမိတ်လိုက် ဥချသားပေါက် သည့် နေရာနှင့် ရာသီအချိန်များကို သိရှိ၍ အဆိုပါ နေရာများကို ကာကွယ်ထိန်းသိမ်းခြင်းနှင့် ငါးရစ် ငါးသန်ကာလ    ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်း များကို   ထိရောက်စွာ   ဆောင်ရွက်နိုင်မည်ဖြစ်ပါ သည်။)
(ဃ)    ရေအရည်အသွေးနှင့် ထုထည်တိုင်းတာ ခြင်း(အပူချိန် ၊ ရေအနက်၊ ရေထုထည်၊ ရေကြည်နှုန်း၊  pH ရေချဉ်ဖန်နှုန်း၊ DO အောက်ဆီဂျင်ပျော်ဝင်မှု)။ (ဤလုပ်ငန်းစဉ်သည်   အင်း၏လက်ရှိ   ရေအရည် အသွေးနှင့်    အင်း၏အခြေအနေအရပ်ရပ်ကို   သိရှိ မှတ်တမ်းတင်နိုင်မည်ဖြစ်သည့်အပြင်     ငါးများ၏ ရှင်နှုန်း၊  ကြီးထွားနှုန်းကို အထောက်အကူပြုစေမည့် လုပ်ငန်းစဉ်ဖြစ်ပါသည်။)
(င) အင်းအတွင်းတည်ရှိသည့်       ငါးမျိုးစိတ် ခွဲခြားခြင်း၊   အရွယ်အစား၊ အလေးချိန်၊    မျိုးပွား အင်္ဂါရင့်ကျက်မှု      (Maturity)    နှင့်    မျိုးပွားအင်္ဂါ ရင့်မှည့်မှု (Genital papilla)   ကို    မှတ်တမ်းတင်ခြင်း၊ (ဤလုပ်ငန်းစဉ်သည်  အင်းအတွင်းရှိသည့် ငါးမျိုး စိတ်များကို   မှတ်တမ်းတင်ထားရှိ၍ ထိရောက်စွာ ကာကွယ်နိုင်မည်ဖြစ်ပြီး ရရှိသော  သတင်းအချက် အလက်များက ငါးအထွက်နှုန်း တိုးတက်ကောင်းမွန် စေရေးအတွက်      အထောက်အကူပြုနိုင်မည်ဖြစ် သည်။)
(စ)    မျိုးထိန်းသိမ်းဆောင်ရွက်မည့် တိုင်းရင်း ငါးမျိုးအမည်၊ အရွယ်အစား၊ အလေးချိန်၊ မျိုးပွား အင်္ဂါ ရင့်ကျက်မှုနှင့် မျိုးပွားအင်္ဂါရင့်မှည့်မှုများကို  မှတ်တမ်းတင်ခြင်း၊ (ဤလုပ်ငန်းစဉ်သည် အင်းတွင်းရှိ    တိုင်းရင်းငါးမျိုးစိတ်များ    မျိုးသုဉ်းမည့်အန္တရာယ် များကို ထိရောက်စွာ ကာကွယ်နိုင်မည်ဖြစ်ပြီး   ရရှိ သော   သတင်းအချက်အလက်များက ငါးလုပ်ငန်း စခန်းများတွင်   တိုင်းရင်းငါးမျိုးစိတ်များအတွက်     ဆေးထိုးသားဖောက်လုပ်ငန်းများ ဆောင်ရွက်နိုင် ရေး  ဖြန့်ဖြူးနိုင်ရေးနှင့်  သုတေသနလုပ်ငန်းများ အတွက် အထောက်အကူဖြစ်စေမည် ဖြစ်သည်။)
(ဆ)    မွေးမြူထားသည့်    ငါးမျိုးစိတ်အမည်၊ အရွယ်အစား၊ အလေးချိန်၊ မျိုးပွားအင်္ဂါရင့်ကျက်မှု နှင့်  မျိုးပွားအင်္ဂါရင့်မှည်မှုများကို မှတ်တမ်းတင်ခြင်း၊ (ဤလုပ်ငန်းစဉ်သည်  အင်းအတွင်း ငါးမျိုးစိုက်ထည့် မွေးမြူသည့်စနစ် ( Culture base Capture system) ဆောင်ရွက်ရာတွင် အင်းငါးထုတ်လုပ်မှု တိုးတက် စေရေးအတွက် သင့်လျော်သော  ငါးမျိုးစိတ်များ ရွေးချယ်ထည့်သွင်း မွေးမြူရေးကို အထောက်အကူ ဖြစ်စေမည် ဖြစ်ပါသည်။)
သုတေသနအင်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ချက်များသည် တိုင်းရင်းငါးမျိုးစိတ်များ ထိန်းသိမ်းရေး၊ ဂရန်အင်းများ တိမ်ကောပပျောက်မှုမှ ကာကွယ်နိုင်ရေး၊    စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက် စေရေး၊  ငါးအထွက်နှုန်း   တိုးတက်စေရေးအတွက်  ဂရန်အင်းများတွင်      ငါးလုပ်ငန်းဆိုင်ရာ      သတင်း အချက်အလက်များကို      စနစ်တကျသုတေသနပြု မှတ်တမ်းများ    ရယူခြင်းဖြစ်ပါသည်။    “လက်ရှိ ပြည်သူများအတွက်      ငါးရိက္ခာဖူလုံစေရုံသာမက      ငါးသယံဇာတများ         ရေရှည်တည်တံ့စေရန်             ထိန်းသိမ်းခြင်းဖြင့်  အနာဂတ်မျိုးဆက်များအတွက် ဖူလုံစွာရရှိစေရန်’’  ဟူသော  ငါးလုပ်ငန်းဦးစီးဌာန၏   မျှော်မှန်းချက်နှင့်အညီ ရည်ရွယ်ချက်များ လုပ်ငန်း စဉ်များ        အောင်မြင်စေရန်     အင်းအိုင်များကို   ကြီးကြပ်စီမံအုပ်ချုပ်ရန်  တာဝန်ရှိသည့် ငါးလုပ်ငန်း ဦးစီးဌာန တာဝန်ရှိသူ များနှင့်   ရေသယံဇာတများကို ထုတ်ယူသုံးစွဲကြသည့်          ရေလုပ်သားကြီးများ   ဟန်ချက်ညီညီ          ပူးပေါင်းဆောင်ရွက်ကြရမည့် လုပ်ငန်းများဖြစ်ပါကြောင်း      ရေးသားတင်ပြအပ် ပါသည်။       ။