
နေပြည်တော် ဩဂုတ် ၁၁
ဟိုတယ်နှင့် ခရီးသွားဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း များကို ဘေးကင်းလုံခြုံသော ဝန်ဆောင်မှုလုပ်ငန်း များအဖြစ် အသိအမှတ်ပြုလက်မှတ်များ Online မှတစ်ဆင့် လျှောက်ထားအတည်ပြု ထုတ်ပေးနိုင်ရေး အတွက် “Enchanting Myanmar Health and Safety Protocol” Website မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနားကို ယနေ့ညနေပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန နီလာအစည်းအဝေး ခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပ ပြုလုပ်သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က မြန်မာနိုင်ငံ ခရီးသွားကဏ္ဍ ကို ဆိုးရွားစွာ ထိခိုက်စေခဲ့သည့် ကိုဗစ်-၁၉ ကပ်ရောဂါ သက်ရောက်မှုများကို တုံ့ပြန်ဖြေရှင်း နိုင်ရန်အတွက် ဝန်ကြီးဌာနမှ ရေးဆွဲထားသော မြန်မာနိုင်ငံခရီးသွားကဏ္ဍ ပြန်လည်ထူထောင်ရေး မဟာဗျူဟာလမ်းပြမြေပုံ (Myanmar Tourism Strategic Recovery Roadmap-MTSRR) ၏ လတ်တလော ဦးစားပေးဆောင်ရွက်ရမည့် အခန်း ကဏ္ဍတွင် “မြန်မာနိုင်ငံကို ဘေးကင်းလုံခြုံသော ခရီးစဉ်ဒေသတစ်ခုအဖြစ် စိတ်ချယုံကြည်မှုများ ဖြစ်ပေါ်လာစေရန်နှင့် ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ရန်” သည် ပထမဦးစားပေး မဟာဗျူဟာတစ်ရပ်အနေဖြင့် ပါရှိကြောင်း၊ ထို့ကြောင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများအား COVID-19 Safe Service အသိအမှတ်ပြုတံဆိပ်များ စနစ်တကျ သတ်မှတ်ပေးအပ်နိုင်ရန်နှင့် ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံသည့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်းမှတစ်ဆင့် မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်းပုံရိပ်ကို မြှင့်တင်ပေးရန်အတွက် “Enchanting Myanmar Health and Safety Protocol” အစီအစဉ် အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံချက်ကို ပြုစုရေးဆွဲခဲ့ပါကြောင်း။
ယခုအခါ ယင်းအစီအစဉ်ပါ အဆင့် (၃) ဆင့်ကို တစ်ဆင့်ပြီးတစ်ဆင့် အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်နိုင်ရေးအတွက် အဓိကကျသော အခန်း ကဏ္ဍတစ်ရပ်ဖြစ်သည့် “Enchanting Myanmar Health and Safety Protocol” Website တည်ဆောက်ခဲ့ပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ခရီးသွား ကဏ္ဍများတွင် လက်တွေ့ပါဝင်လုပ်ကိုင် ဆောင်ရွက် နေကြသူများအားလုံး ကျယ်ကျယ်ပြန့်ပြန့် သိရှိ နားလည်စေရေးအတွက် ယနေ့ Website မိတ်ဆက် ရှင်းလင်းခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဒေသအသီးသီးရှိ ဟိုတယ် နှင့် ခရီးသွားဆိုင်ရာဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင် နေကြသူများအား ဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး သင်တန်းများကို မိမိတို့ဝန်ထမ်းများအားလုံး ပါဝင် တက်ရောက်နိုင်ရေး စည်းရုံးဆောင်ရွက်ကြရန် လိုကြောင်း၊ Website အကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်ရန်နှင့် Website တွင် ပါဝင်မှတ်ပုံတင် နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးရန် လိုအပ် ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် က “Enchanting Myanmar Health and Safety Protocol” အစီအစဉ်နှင့်ပတ်သက်၍ ဝန်ကြီးဌာန အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များအား အသေးစိတ်ဆွေးနွေးတင်ပြ ခဲ့ကာ Secure Link Co.,Ltd ၏ Managing Director ဦးထွန်းထွန်းဝင်းက “Enchanting Myanmar Health and Safety Protocol” Website အကြောင်း မိတ်ဆက်ရှင်းလင်းတင်ပြသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်သူ များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်