ဒယ်လ်တာအသွင်ပြောင်းဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့နေချိန်မှာ ပါးစပ်၊ နှာခေါင်းစည်းတပ်ရေး မတပ်ရေးနဲ့ပတ်သက်ပြီး အငြင်းပွားနေတဲ့ အမေရိကန်

 

ထွန်းကျော်

အမေရိကန်ပြည်ထောင်စုမှာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုအမြင့်ဆုံးဖြစ်ခဲ့တဲ့ ၂၀၂၀ ခုနှစ်လောက်က ပါးစပ်၊ နှာခေါင်းစည်းတပ်ရေး မတပ်ရေးနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေ အရှိန်အဟုန်ကောင်းခဲ့ပါတယ်။ နောက်ပိုင်းမှာ နိုင်ငံရဲ့အစိတ်အပိုင်းအတော်များများမှာ ကာကွယ်ဆေးတွေထိုးနှံလာပြီးတော့ ဒီအငြင်းပွားမှုတွေဟာ အရှိန်ကျလာခဲ့ပါတယ်။

 

အငြင်းပွားမှု နိုးထသက်ဝင် 
အခုအခါမှာတော့   အရင်တုန်းကဖြစ်ခဲ့တဲ့ ဒီအငြင်းပွားမှုတွေဟာ   တစ်ဖန်ပြန်လည်နိုးထ သက်ဝင်လာခဲ့ပါတယ်။
အမေရိကန်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ် ရေးဌာန စီဒီစီက ကူးစက်မြန်ပြင်းထန် ဒယ်လ်တာ သန္ဓေပြောင်းကိုဗစ်-၁၉ ဗိုင်းရပ်စ်ကူးစက်ပြန့်ပွား နေချိန်မှာ  ကာကွယ်ဆေးထိုးနှံထားသူတွေအနေနဲ့ ကိုဗစ်-၁၉ ကူးစက်မှုမြန်ဆန်တဲ့ဒေသတွေမှာနေထိုင်နေရမယ်ဆိုရင် အဆောက်အအုံအတွင်း အမိုးအကာအောက်မှာတောင် ပါးစပ်၊ နှာခေါင်း စည်းတပ်ဆင်ဖို့လိုတယ်လို့    မကြာသေးမီက အကြံပြုပြောကြားခဲ့ပါတယ်။
 ဒီအကြံပြုပြောကြားချက်နဲ့    ပတ်သက်ပြီး နိုင်ငံအတွင်း  တောမီးပမာပျံ့နှံ့သွားခဲ့ပြီး  အငြင်း ပွားမှုတွေ   ဖြစ်ပွားခဲ့ပါတယ်။   ကာကွယ်ဆေး ထိုးထားသူတွေဟာ အမိုးအကာအောက်မှာဆိုရင် ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်ဖို့မလိုဘူးလို့ မေလ ကပြောကြားခဲ့တဲ့ စီဒီစီရဲ့ ပြောကြားချက်ဟာ ရုတ်တရက် ပြောင်းလဲသွားခဲ့ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး   ကာကွယ်ဆေးထိုးဖို့ အမေရိကန်အမြောက်အမြား   ငြင်းဆန်နေတဲ့ အချိန်မှာ ကာကွယ်ဆေးပေါ်မှာ ယုံကြည်ထားတဲ့ အမေရိကန်ပြည်သူတွေရဲ့ ယုံကြည်ချက်တွေဟာ စိုးရိမ်စရာအခြေအနေနဲ့ကြုံတွေ့နေရပါတယ်။
ပါးစပ်၊ နှာခေါင်းစည်းပြန်လည်တပ်ဆင်လာ 
အမေရိကန်ရဲ့ တချို့ဒေသတွေမှာ အမိုးအကာ အောက်မှာတောင် ပါးစပ်၊ နှာခေါင်းစည်းပြန်လည် တပ်ဆင်လာကြပါတယ်။  ကိုဗစ်-၁၉   ကူးစက် ဖြစ်ပွားမှု    များနေတဲ့အတွက်   အမေရိကန် ပြည်ထောင်စုရဲ့    လော့စ်အိန်ဂျလိစ်မှာ     ပါးစပ်၊  နှာခေါင်းစည်းတပ်ဆင်တဲ့အမိန့်ကို   ပြန်လည် ကျင့်သုံး နေပါတယ်။ 
သို့သော်လည်း     တခြားမြို့တွေမှာတော့ ဒီအငြင်းပွားမှုဟာ    အရှိန်ကောင်းကောင်းနဲ့ ဆက်လက်ဖြစ်နေဆဲပါ။ မစ်ဆောရီပြည်နယ် စိန့်လူးဝစ်မှာတော့ ပြည်နယ်ရှေ့နေချုပ်က အမိုး အကာအောက်    အများပြည်သူနေရာတွေမှာ ပြည်သူတွေကို  ပါးစပ်၊  နှာခေါင်းစည်းတွေ  တပ်ဆင်  ဖို့ တိုက်တွန်းပြောကြားထားပါတယ်။
ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်တာကို ဆန္ဒပြ 
ပါးစပ်၊ နှာခေါင်းစည်းမတပ်ထားတဲ့   ရီပတ် ဘလစ်ကန်အမတ် ၄၀ လောက်ဟာ လွှတ်တော်ကို ချီတက်ပြီး ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်တဲ့ အမိန့် ကို ဆန္ဒပြခဲ့ကြပါတယ်။
ပါးစပ်၊ နှာခေါင်းစည်း   တပ်ဆင်ရေးအမိန့်ကို အကောင်အထည်ဖော်မလား    မဖော်ဘူးလား ဆိုတာကတော့ အမေရိကန်ပြည်နယ်တွေကြား မှာ ခုချိန်ထိကတော့ ဝိရောဓိဖြစ်နေတုန်းပါပဲ။
ကာကွယ်ဆေးမထိုးသူတွေကို ခြိမ်းခြောက်နိုင် 
အမေရိကန်အများစုကတော့ ပါးစပ်၊ နှာခေါင်း စည်းတပ်ဆင်ဖို့ကို    အင်တင်တင်ဖြစ်နေကြပြီး ဒယ်လ်တာအသွင်ပြောင်း  ကိုဗစ်-၁၉ မျိုးစိတ်သစ် ဟာ ကာကွယ်ဆေးမထိုးတဲ့သူတွေကိုပဲ ခြိမ်းခြောက် နိုင်တဲ့ပုံစံမျိုးနဲ့ အခိုင်အမာပြောကြားလျက်ရှိပါတယ်။
 ဝါရှင်တန်ဒီစီအပြင်ဘက်မှာရှိတဲ့ ကုမ္ပဏီသေးသေးလေးတစ်ခုမှာအလုပ်လုပ်နေတဲ့ အသက် ၄၀ ကျော်အရွယ်ရှိပြီဖြစ်တဲ့   မန်နေဂျာတစ်ဦးဖြစ်သူ ဒိုင်အန်းဝယ်လ်ဆန်ကတော့   သူဟာ  ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးသွားပြီဖြစ်တဲ့အတွက် ပါးစပ်နှာခေါင်းစည်းမတပ်ဆင်ချင်ဘူးလို့ ပြောပါတယ်။ 
၈၀ ရာခိုင်နှုန်းကျော်အထိကူးစက်ပျံ့နှံ့
ဒယ်လ်တာအသွင်ပြောင်းကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုဟာ မေလမှာ ၁ ရာခိုင်နှုန်းတောင် မရှိတဲ့အခြေအနေမှ အခုတော့ ၈၀ ရာခိုင်နှုန်းကျော် အထိရောက်ရှိလာပြီဖြစ်တယ်လို့   စီဒီစီက   သူ့ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ 
ဒယ်လ်တာအသွင်ပြောင်းကိုဗစ်-၁၉ မျိုးစိတ် သစ်ဟာ အရင်ကိုဗစ်-၁၉ မျိုးစိတ်ထက် လူတစ်ဦးမှ တခြားတစ်ဦးသို့ နှစ်ဆပိုမို ကူးစက်မှုမြန်ဆန်စေတယ် လို့ စီဒီစီက ဖော်ပြထားပါတယ်။ 
နိုင်ငံတွင်းမှာဖြစ်နေတဲ့ ကိုဗစ်-၁၉ ကူးစက်မှု အများစုကတော့ ကာကွယ်ဆေးမထိုးထားသူတွေ သို့မဟုတ်    ကာကွယ်ဆေးထိုးတဲ့အရေအတွက် နည်းနေတဲ့ဒေသတွေမှာ    ပိုမိုအဖြစ်များတာ တွေ့ရပါတယ်။ 
အမေရိကန်နိုင်ငံသား    ထက်ဝက်ကျော်ဟာ ခုချိန်ထိ   ကိုဗစ်-၁၉  ကာကွယ်ဆေး   မထိုးရသေးပါ ဘူး လို့ အမေရိကန်ထိပ်တန်း  ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်ပညာရှင်   အန်တိုနီဖော်စီက   သတိပေး ပြောကြားခဲ့ပါတယ်။ 
နေရာအနည်းငယ်မှာပဲ ကျင့်သုံးနိုင်ခြေရှိ 
ဘရွတ်ကလင်းအင်စတီကျုရဲ့ အကြီးတန်း အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒါရယ်ဝက်ဆ်က ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်ရေးအမိန့်ကို နိုင်ငံ အတွင်းမှာရှိတဲ့     နေရာအနည်းငယ်လောက်ကပဲ ကျင့်သုံးနိုင်ခြေရှိတယ်လို့ ပြောခဲ့ပါတယ်။ 
ဒယ်လ်တာအသွင်ပြောင်းကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကိုနှေးကွေးစေရန်နှင့် ကာကွယ်ဆေး မထိုးထားသူတွေကို    ကာကွယ်ရန်အတွက် ပြည်နယ်အချို့မှာ ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင် ဖို့အမိန့်ကို ပြဋ္ဌာန်းနိုင်ပါတယ်။
 ကွန်ဆာဗေးတစ်တွေဟာ ဒါတွေကို လုပ်ဖို့ အင်တင်တင်ဖြစ်နေကြပါတယ်။ သို့သော်လည်း ဒါတွေကိုမလုပ်တဲ့နေရာတွေ အတော်များများမှာ ကိုဗစ်-၁၉ ကူးစက်မှုတွေ  မြင့်နေပါတယ်လို့ ဝက်ဆ်ကပြောပါတယ်။
ထိရောက်မှုရှိ 
ကိုဗစ်-၁၉  ကာကွယ်ဆေးဟာ  ဒယ်လ်တာ အသွင်ပြောင်း ကိုဗစ်-၁၉ မျိုးစိတ်သစ်ကို ကာကွယ် တဲ့နေရာမှာ    ထိရောက်မှု    ရှိတယ်ဆိုတာကို ကျွမ်းကျင်သူတွေက ကိုင်စွဲထားကြပါတယ်။
 ဖိုက်ဇာ-ဘီရွန်တက်ခ် ကိုဗစ်-၁၉ ကာကွယ် ဆေးနှစ်ကြိမ်   ထိုးထားတဲ့သူဟာ   ဒယ်လ်တာ အသွင်ပြောင်းကိုဗစ်-၁၉ ဗိုင်းရပ်စ်ကို ခုခံကာကွယ် တဲ့နေရာမှာ ၈၈ ရာခိုင်နှုန်း အစွမ်းထက်ထိရောက် မှုရှိတယ်ဆိုတဲ့   လေ့လာမှုတစ်ခုကို   ဆေးပညာ ဂျာနယ်တစ်ခုမှာ ဖော်ပြထားပါတယ်။ 
အက်စ်ထရာဇနီကာ ကာကွယ်ဆေးနှစ်ကြိမ် ထိုးထားသူတွေကတော့ ဒီအသွင်ပြောင်း ကိုဗစ်-၁၉ မျိုးစိတ်ကို ၆၇ ရာခိုင်နှုန်းကာကွယ်နိုင်တယ်လို့ အဲဒီဆေးပညာဂျာနယ်မှာဖော်ပြထားပါတယ်။ 
ပါးစပ်၊  နှာခေါင်းစည်းတပ်ဆင်တာကတော့ ကာကွယ်ဆေးမထိုးရသေးတဲ့ အမေရိကန်တွေ အတွက် ပိုမိုကောင်းမွန်တဲ့  အကာအကွယ်တစ်ခု ဖြစ်သလို    ကာကွယ်ဆေးထိုးမှုအရေအတွက် နည်းတဲ့ နေရာတွေအတွက်လည်း ကောင်းမွန်ပါ တယ်။        ။          

               
ကိုးကား ဆင်ဟွာ