
ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တရုတ်နိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက်
အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ မစ္စတာ တင်းကျုံ့လီ၊ ယူနန်ပြည်နယ်ကော်မတီ ဒုတိယအတွင်းရေးမှူးနှင့်
ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာ ဝမ်ယွိပေါ် တို့နှင့် နှစ်နိုင်ငံဆွေးနွေးမှုများ ပြုလုပ်
နေပြည်တော် ဇူလိုင် ၂၅
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံတို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့သို့ ရောက်ရှိစဉ် ဇူလိုင် ၂၃ ရက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီက တျန်းချီ (Dianchi) အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာရှိ အစည်းအဝေးခန်းမ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ (၁၄) ကြိမ်မြောက် အမျိုးသားပြည်သူ့ ကွန်ဂရက်အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ မစ္စတာ တင်းကျုံ့လီ ဦးဆောင်သည့် တရုတ်ကိုယ်စားလှယ်အဖွဲ့နှင့် နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့သည်။
အဆိုပါ ဆွေးနွေးမှုတွင် မြန်မာ−တရုတ် နှစ်နိုင်ငံအကြား တည်ရှိပြီး ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင် ရေးကိစ္စ၊ နှစ်နိုင်ငံအကြား ဖွံ့ဖြိုးမှု အခွင့်အလမ်းများနှင့် အေးအတူ ပူအမျှ အသိုက်အဝန်း ဖော်ဆောင် ရေးကိစ္စ၊ အဆင့်မြင့်အရာရှိကြီး များ၏ အပြန်အလှန်ခရီးစဉ်များ ပိုမိုပြုလုပ်သွားရေးကိစ္စ၊ နှစ်နိုင်ငံ အကြား ဘုံအကျိုးစီးပွား ဖော် ဆောင်နိုင်မည့် စီမံကိန်းများကို ဆောလျင်စွာ အကောင်အထည် ဖော် ဆောင်ရွက်သွားရေး ကိစ္စ၊ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံအပေါ် အပြုသဘော ဆက်လက်ကူညီ သွားရေးကိစ္စ၊ မြန်မာ − တရုတ် နယ်စပ်ဒေသတစ်လျှောက် တရား မဝင် မူးယစ်ဆေးဝါးရောင်းဝယ်မှု နှင့် အွန်လိုင်းမှတစ်ဆင့် ငွေကြေး လိမ်လည်မှု တိုက်ဖျက်ရေးကိစ္စ၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှု ပုံမှန်ပြန်လည် ပြုလုပ်သွားရေး ကိစ္စတို့ကို အလေးထားဆွေးနွေး ခဲ့ကြသည်။
ညနေပိုင်းတွင် မြန်မာကိုယ်စား လှယ်အဖွဲ့သည် ဟိုင်းကန်းဥယျာဉ် ဟိုတယ် (Haigeng Garden Hotel) ၌ တရုတ်ပြည်သူ့ကွန်ဂရက် ယူနန်ပြည်နယ်ကော်မတီ ဒုတိယ အတွင်းရေးမှူးနှင့် ယူနန်ပြည်နယ် အုပ်ချုပ်ရေးမှူး မစ္စတာ ဝမ်ယွိပေါ် ဦးဆောင်သည့် ယူနန်ကိုယ်စား လှယ်အဖွဲ့နှင့် နှစ်နိုင်ငံ တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးမှု တွင် မြန်မာနိုင်ငံနှင့် ယူနန်ပြည် နယ်တို့အကြား ပူးပေါင်း ဆောင် ရွက်မှုများ တိုးမြှင့်ဖော်ဆောင်သွား ရေးအတွက် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးမှု အပြီးတွင် မစ္စတာ ဝမ်ယွိပေါ် က မြန်မာ ကိုယ်စားလှယ်အဖွဲ့အား ညစာ စားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်