
နေပြည်တော် အောက်တိုဘာ ၁၆
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် သည် အောက်တိုဘာ ၁၅ ရက် နံနက်ပိုင်းက သံတွဲ မြို့လေဆိပ်၌ သံတွဲခရိုင် စီမံခန့်ခွဲရေးအဖွဲ့နှင့် မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့ဝင်များအား တွေ့ဆုံ၍ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ထမ်းများနှင့် သတင်း မီဒီယာကိစ္စ၊ ပြည်သူလူထုအား အသိပညာပေးခြင်း လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စများကို ဆွေးနွေးမှာကြားသည်။
ထို့နောက် ငပလီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးကို ဝင်ရောက်ကြည့်ရှု စစ်ဆေးပြီး မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့အုပ်ချုပ် ရေးမှူးတို့နှင့်အတူ ဝန်ထမ်းများအား တွေ့ဆုံ မှာကြားသည်။
ဆက်လက်၍ သံတွဲမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင် သံကြားထပ်ဆင့်လွှင့်စက်ရုံကို ကြည့်ရှုစစ်ဆေးပြီး စက်ရုံတာဝန်ခံနှင့် ဝန်ထမ်းများအားတွေ့ဆုံ၍ လုံခြုံ ရေးဆိုင်ရာများ၊ စက်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှု မရှိစေရေး၊ ထုတ်လွှင့်မှုမပြတ်တောက်ရေးတို့နှင့် ပတ်သက်၍ ဆွေးနွေးမှာကြားသည်။
မွန်းလွဲပိုင်းတွင် သံတွဲခရိုင် လူထုအခြေပြု ဗဟိုဌာန၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန သံတွဲခရိုင်ဦးစီးမှူး၊ ငပလီမြို့ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ထပ်ဆင့်လွှင့်စက်ရုံတာဝန်ခံနှင့် ဝန်ထမ်းများအား တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများ မှာကြားသည်။ ထိုသို့တွေ့ဆုံရာတွင် ဂွနှင့် ကျိန္တလီ မြို့နယ်ဦးစီးမှူးများ၊ ကျောက်ဖြူခရိုင်နှင့် မာန်အောင်ရုံးတို့မှ ဝန်ထမ်းများလည်း Virtual စနစ် ဖြင့် တက်ရောက်ကြသည်။
ထို့နောက် တည်ဆောက်ပြီးစီးနေပြီဖြစ်သော သံတွဲမြို့လူထုအခြေပြုဗဟိုဌာနကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး မဖွင့်လှစ်မီ ကြိုတင်ပြင်ဆင် ဆောင်ရွက်ရန် လိုအပ်သည်များကို မှာကြားသည်။
ဒုတိယဝန်ကြီးသည် ယနေ့နံနက်ပိုင်းတွင် တောင်ကုတ်မြို့နယ်ရုံး၌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးတို့နှင့်အတူ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများနှင့် ထပ်ဆင့်လွှင့်စက်ရုံတာဝန်ခံတို့အား တွေ့ဆုံမှာကြားပြီး မွန်းလွဲ ပိုင်းတွင် မအီမြို့ရုံး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနဝန်ထမ်းများ၊ အမ်းမြို့နယ်၊ ရမ်းဗြဲ မြို့နယ်ရှိ ဦးစီးမှူးများနှင့် မအီမြို့၊ လမူးနှင့် ပိန်းနဲ တောင် ထပ်ဆင့်လွှင့်စက်ရုံတာဝန်ခံတို့အား တွေ့ဆုံ ၍ လုပ်ငန်းဆိုင်ရာများမှာကြားပြီး ထပ်ဆင့်လွှင့်စက်ရုံများကို ကြည့်ရှုစစ်ဆေးသည်။
ဒုတိယဝန်ကြီးက ဝန်ထမ်းများနှင့် တွေ့ဆုံ မှာကြားရာတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု သိသိ သာသာလျော့ကျလာပြီဖြစ်ပြီး ဆူပူအကြမ်းဖက်မှု များကိုလည်း ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် ဖော်ထုတ်ရှင်းလင်းမှုများကြောင့် မကြာမီ ပုံမှန် အခြေအနေသို့ ပြန်လည်ရောက်ရှိတော့မည်ဖြစ်ရာ မိမိတို့၏ ပြန်ကြားရေး လုပ်ငန်းတာဝန်များကိုလည်း ပုံမှန်ထမ်းဆောင်နိုင်ရေး အဆင်သင့်ပြင်ဆင်ထား ကြရန်၊ အကြမ်းဖက်သမားများ၏ မဟုတ်မမှန် သတင်းဖြန့်ဝေပြီး နိုင်ငံတော်ပြိုကွဲအောင် လုပ်ဆောင်နေခြင်းများကို ပြည်သူလူထု အမှန် အတိုင်း သိမြင်အောင် လုပ်ဆောင်ကြရန်၊ အခြေခံ ပညာကျောင်းများ ပြန်ဖွင့်ချိန်တွင် ရောဂါကူးစက်မှု မရှိစေရန် ကာကွယ်ဆေးထိုးနှံရေးအစီအစဉ်နှင့် အရွယ်ရောက်သူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိရေး ပန်းခင်းစီမံချက်အောင်မြင်ရေးတို့ကို ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်၊ နိုင်ငံတော်က စီမံဆောင်ရွက်လျက်ရှိသော တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို သက်ဆိုင်ရာများနှင့် ညှိနှိုင်းပြီး အောင်မြင်အောင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်၊ ပါတီနိုင်ငံရေး ကင်းပြီး အတွေးအခေါ်အယူအဆ မှန်ကန်စွာဖြင့် နိုင်ငံ့ဝန်ထမ်းပီပီတာဝန်ကျေစွာထမ်းဆောင်ကြရန်၊ အသိပညာဗဟုသုတ ပြန့်ပွားအောင်လေ့လာကြ ရန်နှင့် ပြည်သူလူထုနှင့် လူငယ်များကိုလည်း အသိ ပညာဖြန့်ဝေပေးကြရန်တို့ကို မှာကြားခဲ့သည်။
ထို့နောက် ဝန်ထမ်းများ၏ ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
သတင်းစဉ်