
ရန်ကုန် မတ် ၉
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ဒဂုံ မြို့သစ်(ဆိပ်ကမ်း) မြို့နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနရုံး လူထုအခြေပြု ခန်းမ၌ ကျင်းပသော ဓာတ်ပုံနှင့် ဗီဒီယိုရိုက်ကူးနည်း သင်တန်း နှင့် အခြေခံပုံတူပန်းချီရေးဆွဲနည်း သင်တန်းဖွင့်ပွဲသို့ တက်ရောက် အမှာစကား ပြောကြားသည်။
သင်တန်းဖွင့်ပွဲသို့ မြို့နယ်စီမံ ခန့်ခွဲမှုကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့် မြို့နယ် လူမှုရေး အသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြ သည်။
ဒုတိယဝန်ကြီးက သင်တန်း ဖွင့် အမှာစကား ပြောကြားရာ၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနအနေဖြင့် လူထု အသိပညာပေး လုပ်ငန်းများ ကို ဆောင်ရွက်ပေးနေကြောင်း၊ နွေရာသီ ကျောင်းပိတ်ရက်ကာလ တွင် ကျောင်းသား ကျောင်းသူများ အား ဗလငါးတန်ပြည့်ဝရေး အတွက် သင်တန်းများ ဖွင့်လှစ်မှု ကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိ ကြောင်း၊ လူငယ်အသိပညာပေး လုပ်ငန်းများကို တာဝန်ရှိသူများ နှင့် မိဘပြည်သူများ ပူးပေါင်း၍ ဆောင်ရွက်သွားကြရမည် ဖြစ် ကြောင်း၊ အနာဂတ်တွင် နိုင်ငံ့ အင်အားများဖြစ်သည့် လူငယ်များ အနေဖြင့် အသိပညာ၊ အတတ် ပညာပြည့်ဝပြီး ကျန်းမာကြံ့ခိုင် သော၊ အကျင့်စာရိတ္တကောင်းမွန် သော လူငယ်များဖြစ်အောင် ဝိုင်းဝန်းပြုစုပျိုးထောင်ပေးကြစေ လိုကြောင်း ပြောကြားသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်ပြီး ပြည်သူများအကြား စိုးရိမ်ပူပန်မှုများ ဖြစ်စေရန် ကောလာဟလနှင့် မဟုတ်မမှန် ထုတ်လွှင့်ရေးသား ဖော်ပြနေကြ သည်များကို သတိထားဆင်ခြင် ကြရန်လိုကြောင်း၊ ပြည်သူ့စစ်မှု ထမ်းဥပဒေကို သေချာလေ့လာပြီး နိုင်ငံသားတိုင်း နိုင်ငံတော် ကာကွယ်ရေးတာဝန်ကို ထမ်း ဆောင်ကြရန် တာဝန်ရှိကြောင်း၊ နိုင်ငံတကာတွင်လည်း ဆောင် ရွက်နေကြကြောင်း၊ လိုအပ်ချက် အရ ပြဋ္ဌာန်းဆောင်ရွက်ရခြင်း ဖြစ်ပြီး ဥပဒေနှင့်အညီ သတ်မှတ် ချက်များနှင့် ကိုက်ညီသူများ အနက် လိုအပ်သလောက်ကိုသာ စစ်မှုထမ်းရန်နှင့် လတ်တလော အမျိုးသမီးများအား စစ်မှုထမ်းရန် ခေါ်ယူမည့် အစီအစဉ် မရှိသေး ကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူ များ၏ ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် စီမံဆောင်ရွက်လျက်ရှိနေသည် တို့ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌက ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ သင်တန်းများ ဆက်လက်ဖွင့်လှစ် သွားမည့် အခြေအနေများနှင့် ကျေးဇူးတင်စကားပြောကြားသည်။
အဆိုပါ ဓာတ်ပုံနှင့် ဗီဒီယို ရိုက်ကူးနည်း သင်တန်းတွင် လောကနတ်ဗီဒီယိုထုတ်လုပ်ရေး မှ ဒါရိုက်တာ ဦးအေးမင်းအဖွဲ့က လေ့ကျင့်သင်ကြားပြသပြီး မြို့နယ် ဌာနဆိုင်ရာများမှ သင်တန်းသား ၂၉ ဦး တက်ရောက်လျက်ရှိသည်။ အခြေခံပုံတူရေးဆွဲနည်း သင်တန်း တွင် မြို့နယ်ပန်းချီပန်းပုအစည်း အရုံး အတွင်းရေးမှူး ဦးရူပါအဖွဲ့က သင်ကြားပေးပြီး ကျောင်းသား ကျောင်းသူ ၃၀ တက်ရောက်ကြ ကာ အဆိုပါသင်တန်းများကို မတ် ၈ ရက်မှ ၂၂ ရက်အထိ ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်သည်။
မွန်းလွဲပိုင်းတွင် ဒုတိယ ဝန်ကြီးသည် ဖိုတိုလစ်သို ပုံနှိပ် စက်ရုံ၌ ကျောင်းသုံးဖတ်စာအုပ် များ ပုံနှိပ်ပြီးစီး၍ ပုံနှိပ်စက်များ ကြံ့ခိုင်ရေးဆောင်ရွက်နေမှု၊ ချုပ် လုပ်ထုပ်ပိုးခြင်းများ အပြီးသတ် ဆောင်ရွက်နေမှု၊ ဌာနဆိုင်ရာများ မှအပ်နှံသော ပုံနှိပ်လုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှု စစ်ဆေးကာ ပုံနှိပ်အရည်အသွေး ကောင်းမွန်ရေး၊ ကုန်ကြမ်းများ အလေအလွင့်မရှိစေရေး၊ စက်များ ကြံ့ခိုင်ရေး ဆောင်ရွက်ရာတွင် စနစ်တကျစစ်ဆေးပြီး အမှား အယွင်းမရှိအောင် ဆောင်ရွက်ရေး၊ သန့်ရှင်းရေးနှင့် မီးဘေးလုံခြုံရေး ဆိုင်ရာများကို သတိပြု ကြတ်မတ်ဆောင်ရွက်သွားကြရန် မှာကြားသည်။
ဆက်လက်၍ ဗဟိုပုံနှိပ်စက်ရုံ သို့ ရောက်ရှိပြီး နိုင်ငံတော် ပြန်တမ်းများ ပုံနှိပ်ချုပ်လုပ်နေမှု၊ ဌာနဆိုင်ရာများမှ အပ်နှံသော ပုံနှိပ်လုပ်ငန်းများ ဆောင်ရွက်နေ မှုနှင့် ကုန်ကြမ်းပစ္စည်းများ ထားသိုမှုတို့ကို စစ်ဆေးကြည့်ရှု ကာ လိုအပ်သည်များကို မှာကြား သည်။
ယနေ့ နံနက်ပိုင်းတွင် ဒုတိယ ဝန်ကြီးသည် ရန်ကုန်မြို့ရှိ စာဆို ဗိမာန် တည်ဆောက်မည့်နေရာကို ကြည့်ရှုစစ်ဆေးပြီး ကြိုတင်စီစဉ် ဆောင်ရွက်ရန် ရှိသည်များကို မှာကြားသည်။
ထို့နောက် စာပေဗိမာန် စာအုပ်အရောင်းဆိုင်သို့ ရောက်ရှိ ပြီး ဝန်ထမ်းများနှင့် တွေ့ဆုံကာ စာအုပ်ဝယ်ယူသူများ၏ ဆန္ဒ ကို အတတ်နိုင်ဆုံး ပြည့်ဝ အောင် ဝန်ဆောင်မှုကောင်းများ ဖြင့် ဆောင်ရွက်ပေးကြရန် မှာကြားသည်။
သတင်းစဉ်