
ရန်ကုန် မတ် ၈
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ (၇၈) နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီက ရန်ကုန်မြို့ ဗဟန်း မြို့နယ် ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၌ ကျင်းပ ရာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ မြဝတီ စင်တာမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အနုပညာရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည် တော်များ တက်ရောက်ကြသည်။
ဦးစွာ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးနာယက ဦးအောင်လွင် က နှုတ်ခွန်းဆက် မုဒိတာစကား ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးရဲတင့်က (၇၈) နှစ်မြောက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နှစ်ပတ်လည် အခမ်းအနားသို့ တက်ရောက်ခွင့်ရ၍ ကြည်နူး ဝမ်းမြောက်မိပါကြောင်း၊ ၁၉၄၆ ခုနှစ် မတ် ၈ ရက်သည် ရုပ်ရှင်နှင့် ပြဇာတ် စတင်ပေါ်ပေါက်ခဲ့သော နေ့ရက်ကို ပြန်လည်ဖော်ထုတ် သည့်အနေဖြင့် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၏ မွေးနေ့အဖြစ် ယနေ့တွင် စတင်ကျင်းပခြင်းသည် ကောင်းမွန်သော အစဉ်အလာ ကောင်းတစ်ခုဖြစ်ပါကြောင်း။
မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးသည် ငွေရတုကာလဖြစ်သော ၁၉၄၆ ခုနှစ်မှ ၁၉၆၉ ကာလအထိ၊ ရွှေရတုကာလဖြစ်သော ၁၉၆၉ ခုနှစ်မှ ၁၉၉၃ ခုနှစ်အထိ၊ စိန်ရတု ကာလဖြစ်သော ၁၉၉၃ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိနှင့် ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံ ရုပ်ရှင်ရာပြည့်အခမ်းအနားတို့ကို ကျင်းပနိုင်ခဲ့ခြင်းသည် မြန်မာ့ ရုပ်ရှင်လောကသားများ၏ စည်းလုံး ညီညွတ်မှုစွမ်းအားနှင့် ရုပ်ရှင်ဖြင့် တိုင်းပြည်နှင့်လူမျိုးကို အလုပ် အကျွေးပြုခဲ့မှု၏ မှတ်တမ်းပုံရိပ် များကို ဂုဏ်ယူစွာ တွေ့မြင် ရပါကြောင်း။
မြန်မာ့ရုပ်ရှင် ဖြတ်သန်းခဲ့မှု သည် (၇၈)နှစ်သို့တိုင် ရောက်ရှိခဲ့ပြီ ဖြစ်ပြီး ရုပ်ရှင်သည် ပြည်သူ့အတွက် ဟူသော ဆောင်ပုဒ်နှင့်အညီ ရုပ်ရှင် လောကသားများ အချင်းချင်း စည်းလုံးချစ်ကြည်မှုနှင့် နိုင်ငံတော် ကို အကျိုးပြုခဲ့သည့် အစဉ်အလာ ကောင်းတို့သည် လေးစားဂုဏ်ယူ ဖွယ်ဖြစ်ပါကြောင်း၊ ရုပ်ရှင် လောက ဖွံ့ဖြိုးတိုးတက်ရေးတွင် ပြန်ကြားရေးဝန်ကြီးဌာန အနေ ဖြင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပြီး မိုခါမုန်တိုင်းထောက်ပံ့ကူညီ မှုတွင်လည်း အနုပညာရှင်များ၏ တစ်တပ်တစ်အား ပူးပေါင်းဆောင် ရွက်ခဲ့မှုသည် နိုင်ငံအကျိုးနှင့် ပြည်သူ့အကျိုးအဖြစ် ဂုဏ်ယူဖွယ် တွေ့မြင်ရပါကြောင်း၊ ရုပ်ရှင်၊ ဂီတ၊ သဘင်နှင့် မီဒီယာလောက ဖွံ့ဖြိုး တိုးတက်ရန် နိုင်ငံတော်အနေဖြင့် ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက် ရှိပြီး ရုပ်ရှင်အစည်းအရုံးနှင့် ရုပ်ရှင် လောကသားများကို ယုံကြည် အားကိုး ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း။
နိုင်ငံတော် အကြီးအကဲက ရုပ်ရှင်လောကသားများ ပြန်လည် ရှင်သန်နိုင်ရန် လမ်းညွှန်မှုနှင့် အညီ ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် အကောင်အထည်ဖော် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါ ကြောင်း၊ တစ်ချိန်က မြန်မာ့ရုပ်ရှင် ၏ စည်းလုံးညီညွတ်ခဲ့မှုကို ထိန်းသိမ်း ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း ပြော ကြားသည်။
ယင်းနောက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည် စိုးထွန်းက မြန်မာ့ရုပ်ရှင်အစည်း အရုံးဖြစ်ပေါ်လာပုံနှင့် မြန်မာ့ ရုပ်ရှင်အစည်းအရုံး အဆောက် အဦများပေါ်ထွန်းရန် ကြိုးပမ်းခဲ့ ကြသည့် နိုင်ငံ့ခေါင်းဆောင်များ နှင့် ပုဂ္ဂိုလ်များ၊ အစည်းအရုံးဝင် များနှင့် အနုပညာရှင်များအား မှတ်တမ်းတင် ဂုဏ်ပြုစကားများ ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ကြီးမှူး ကျင်းပသည့် ရုပ်ရှင်ဇာတ်လမ်းတို ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ဆက်လက် ကျင်းပရာ စိစစ်ရွေးချယ်ရေးအဖွဲ့ အတွင်းရေးမှူး ဒါရိုက်တာ ဦးဇော် မြင့်ဦးက နှုတ်ခွန်းဆက်စကား ပြောကြားပြီး ဆုရရှိသည့်ဇာတ်လမ်း တို ၁၀ ကားကို ဦးနှင်းမိုး၊ ဦးဇော်မင်းနှင့် ဦးရန်အောင်တို့က ဂုဏ်ပြုအထူးဆုများ ပေးအပ် ချီးမြှင့်ကာ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၏ (၇၈)နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားနှင့် စပ်လျဉ်း၍ တက်ရောက်လာကြ သူများက စကားဝိုင်းအဖြစ် ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်