
နေပြည်တော် နိုဝင်ဘာ ၈
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ် သည် ယနေ့ နံနက်ပိုင်းတွင် တရုတ်ပြည်သူ့ နိုင်ငံခြားရေးရာသိပ္ပံ (CPIFA) မှ စီစဉ် ကျင်းပသည့် ပထမအကြိမ် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ထင်ပေါ်ကျော်ကြားသူများ ဆွေးနွေးပွဲသို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်သည်။
အဆိုပါ ဆွေးနွေးပွဲကို “ငြိမ်းချမ်း သာယာဝပြောသော ခေတ်သစ်အတွက် ဖွံ့ဖြိုးတိုးတက် မှု အလေးပေးရေးနှင့် အတွေး အမြင်ဖလှယ်မှု မြှင့်တင်ရေး” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး မဲခေါင်-လန်ချန်း ပူးပေါင်းဆောင် ရွက်မှု အဖွဲ့ဝင်နိုင်ငံများ ဖြစ်ကြ သော ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက် နမ်နိုင်ငံများမှ နိုင်ငံရေး၊ သံတမန် ရေး၊စီးပွားရေးနှင့် ပညာရေး စသည့် ကဏ္ဍပေါင်းစုံ၏ ထင်ပေါ် ကျော်ကြားသူများ ပါဝင်တက် ရောက်သည်။
ဒုတိယဝန်ကြီးသည် အဆိုပါ ဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားတွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး H.E. Wu Jianghao၊ တရုတ်ပြည်သူ့ နိုင်ငံခြားရေးရာ သိပ္ပံ ဂုဏ်ထူးဆောင် နာယက၊ သံအမတ်ကြီးနှင့် နိုင်ငံခြားရေး ဝန်ကြီးဟောင်း Li Zhaoxing တို့နှင့်အတူ အဖွင့်အမှာစကား ပြောကြားသည်။ (ယာပုံ)
ဆွေးနွေးပွဲ၌ ဒုတိယဝန်ကြီး က မဲခေါင် - လန်ချန်း ဒေသရှိ ပြည်သူများအတွက် သိသာထင်ရှား သည့် အကျိုးရလဒ်များရရှိအောင် ဆောင်ရွက်ရာတွင် မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ အောင်မြင်မှုများနှင့် လက်ရှိ ကြုံတွေ့နေရသည့် ဒေသတွင်းနှင့် နိုင်ငံတကာ စိန်ခေါ်မှုများကို စုပေါင်းအင်အားဖြင့် ရင်ဆိုင် ဖြေရှင်းသွားရေး ထောက်ပြ ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင် ရွက်မှု၏ ပူးတွဲဥက္ကဋ္ဌအဖြစ် ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၄ ရက်တွင် ပုဂံမြို့၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ သည့် (၇) ကြိမ်မြောက် မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေး၏ အောင်မြင်မှုရလဒ်များ ကို ဆွေးနွေးပြောကြားခဲ့ပြီး မဲခေါင်-လန်ချန်း ပူးပေါင်းဆောင် ရွက်မှုတွင် ထူထောင်ထားရှိသည့် အထူးရန်ပုံငွေအပါအဝင် အခြား သော ရန်ပုံငွေများသို့ တရုတ်နိုင်ငံ က ရန်ပုံငွေထည့်ဝင်ထောက်ပံ့ ပေးနေမှုအပေါ် ကျေးဇူးတင် ကြောင်းလည်း ပြောကြားသည်။ ယခုဆွေးနွေးပွဲတွင် ရရှိမည့် မဲခေါင်-လန်ချန်း နိုင်ငံများမှ ထင်ပေါ် ကျော်ကြားသူများ၏ အတွေးအမြင်များ၊ ဆွေးနွေးချက် များသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ် မှ မဲခေါင်-လန်ချန်းဒေသ ငြိမ်းချမ်း ရေး၊ သာယာဝပြောရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ရေး ကြိုးပမ်းအကောင်အထည် ဖော်ဆောင်နေမှုအတွက် အသိ ဉာဏ်ပညာဆိုင်ရာ အထောက် အကူများဖြစ်လိမ့်မည်ဟု ယုံကြည် ကြောင်းလည်း ထည့်သွင်းပြော ကြားသည်။
ဆွေးနွေးပွဲအတွင်း ထင်ပေါ် ကျော်ကြားသူများ၏ ဆွေးနွေးမှု များအရ ဒေသတွင်းအားလုံး ပါဝင် သော ဖွံ့ဖြိုးတိုးတက်မှုများ ရရှိ စေရေးနှင့် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို တုံ့ပြန်ရာတွင် စုပေါင်းအင်အားဖြင့် ဦးစားပေး ဆောင်ရွက်ရမည့် ကဏ္ဍများ ဖော်ထုတ် သတ်မှတ်ခဲ့ရာတွင် ဒေသတွင်း စီးပွားရေးနာလန်ထူ ရေးအတွက် ပံ့ပိုးဆောင်ရွက်ရေး၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ မြန်ဆန်စွာစီးဆင်းနိုင်ရေးအတွက် ဒေသတွင်းဆက်သွယ်မှု လမ်း ကြောင်းများ ချောမွေ့ကောင်းမွန် အောင် ဆောင်ရွက်ရေး၊ ကုန်သွယ် မှုတွင် နှောင့်နှေးကြန့်ကြာမှုများ လျှော့ချရေးအတွက် အကောက် ခွန်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ဒေသတွင်း စွမ်းအင် ရောင်းဝယ်မှုအတွက် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် စိုက်ပျိုးရေးဆိုင်ရာ ထုတ်လုပ်မှု စွမ်းရည်တိုးမြှင့်ရေး ကိစ္စများ လည်း ပါဝင်သည်။
ဆွေးနွေးပွဲ၏ သက်ဆိုင်ရာ ဘာသာရပ် ခေါင်းစဉ်အလိုက် ဆွေးနွေးမှုများတွင် မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့ ဥက္ကဋ္ဌနှင့် နိုင်ငံ ခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး (အငြိမ်းစား) ဦးသန့်ကျော် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင် ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ (မြန်မာ) ဒုတိယဥက္ကဋ္ဌနှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်း ဇေယျာထွန်းတို့က ပါဝင်ဆွေးနွေး ကြကြောင်း သိရသည်။
သတင်းစဉ်