
ရန်ကုန် စက်တင်ဘာ ၂၁
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် သထုံလမ်းရှိ အဆင့်မြင့်ပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ပုဂ္ဂလိကကျောင်း တည်ထောင်သူများ၊ ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ပုဂ္ဂလိကပညာရေးဥပဒေ လိုက်နာ ဆောင်ရွက်ရေးကိစ္စ၊ ပုဂ္ဂလိက ကျောင်းဆိုင်ရာ နိုင်ငံခြားသားများ ပြည်တွင်းနေထိုင်ခွင့် ဗီဇာနှင့် ဗီဇာ သက်တမ်းတိုးခွင့်ကိစ္စ၊ ပုဂ္ဂလိကကျောင်းများ မှတ်ပုံတင် ရေးကိစ္စနှင့် ပုဂ္ဂလိကကျောင်း ဆရာများ မှတ်ပုံတင်ရေး ကိစ္စ တို့ကို အပိုင်း လေးပိုင်းခွဲ၍ ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး က ပုဂ္ဂလိကကျောင်းများအနေဖြင့် နေ့စဉ် နိုင်ငံတော်အလံအလေးပြု ခြင်း၊ နိုင်ငံတော်သီချင်း သီဆိုခြင်း တို့ကို မပျက်မကွက် ဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ ပြည် ထောင်စုစိတ်ဓာတ်ရှင်သန်စေရန်၊ မြန်မာ့ယဉ်ကျေးမှု မပျက်စီးစေရန် အတွက် မြန်မာစာ၊ မြန်မာ့သမိုင်း နှင့် မြန်မာ့ပထဝီဝင်ဘာသာရပ် များကို ဥပဒေနှင့်အညီ သင်ကြား ရမည်ဖြစ်ပါကြောင်း၊ ပုဂ္ဂလိက အခြေခံပညာ သင်ရိုးသင်ကျောင်း များ၊ နိုင်ငံတကာ သင်ရိုးညွှန်းတမ်း သင် အခြေခံပညာကျောင်းများ အားလုံးကျောင်းဖွင့်ရက်၊ ကျောင်း ပိတ်ရက်၊ စာမေးပွဲကျင်းပရက်များ သည် နိုင်ငံတော်ကဖွင့်လှစ်သည့် ကျောင်းများနှင့်တစ်ပြေးညီ တူညီ ရမည်ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံး ရှိ အခြေခံပညာကျောင်းများ အားလုံး တစ်ပြေးညီ ဝါတွင်း ကာလ၌ ဥပုသ် တနင်္ဂနွေနေ့တွင် ကျောင်းပိတ်ရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပညာရေးဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန်၊ အမျိုး သား သင်ရိုးညွှန်းတမ်းကော်မတီ ဥက္ကဋ္ဌ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် ရန်ကုန်တိုင်း ဒေသကြီး ပညာရေးမှူးတို့က ဆရာ ဖြစ်လက်မှတ်ရရှိရေး၊ နိုင်ငံခြား သားဆရာများ ဗီဇာရရှိရေး၊ ပုဂ္ဂလိကကျောင်းများ လိုက်နာရ မည့် စည်းကမ်းချက်များ၊ ပုဂ္ဂလိက ကျောင်းများ စိစစ်စစ်ဆေးရေး အဖွဲ့၏ စစ်ဆေးတွေ့ရှိချက်များ နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြား ကြသည်။
ထို့နောက် တက်ရောက်လာ ကြသော ပုဂ္ဂလိကကျောင်းများမှ ကိုယ်စားလှယ်များက သိရှိလို သည်များနှင့်စပ်လျဉ်း၍ ဆွေးနွေး တင်ပြကြပြီး ဒုတိယဝန်ကြီးက ဆွေးနွေး တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး နှင့် တာဝန်ရှိသူများသည် ကမာ ရွတ်မြို့နယ် အမှတ် (၁) အခြေခံ ပညာ အထက်တန်းကျောင်း၌ ဩဂုတ် ၁၆ ရက်မှ နိုဝင်ဘာ ၁၅ ရက်အထိ ဖွင့်လှစ်သင်ကြား ပို့ချလျက်ရှိသော မြို့နယ်ပညာ ရေးမှူးများအတွက် ပညာရေး စီမံအုပ်ချုပ်မှု သင်တန်းသို့ သွားရောက်၍ သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံ အားပေးစကား ပြောကြားခဲ့ ကြောင်း သိရသည်။
သတင်းစဉ်