ဒုတိယသမ္မတ ဦးမြင့်ဆွေ ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့သည့် ပုဂံ - ညောင်ဦးဒေသရှိ ရှေးဟောင်းဘုရား၊ စေတီပုထိုးများနှင့် သာသနိကအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေး ဦးစီးကော်မတီ ပဉ္စမအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

 

 

နေပြည်တော် ဇန်နဝါရီ ၂၆

 

ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပုဂံ - ညောင်ဦး ဒေသရှိ ရှေးဟောင်းဘုရား၊ စေတီပုထိုးများနှင့် သာသနိက အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေးဦးစီးကော်မတီ ပဉ္စမအကြိမ် ညှိနှိုင်းအစည်းအဝေးကို Video Conferencing စနစ်ဖြင့် ယနေ့ နံနက် ၉ နာရီခွဲတွင် သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပရာ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပုဂံ-ညောင်ဦးဒေသရှိ ရှေးဟောင်းဘုရား၊ စေတီပုထိုးများနှင့် သာသနိကအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကြည်မင်း၊ အမြဲတမ်းအတွင်းဝန် ဦထွန်းအုံ၊ ညွှန်ကြား ရေးမှူးချုပ် ဦးကျော်ဦးလွင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၊ မြန်မာနိုင်ငံ ဗိသုကာကောင်စီတို့မှ တာဝန်ရှိသူများ၊ အကြံပေးအဖွဲ့နှင့် ပညာရှင်အဖွဲ့တို့မှ တာဝန်ရှိသူများက Video Conferencing စနစ်ဖြင့် တက်ရောက်ဆွေးနွေး ကြသည်။

တစ်စုတစ်ဝေးတည်းတွေ့ရ

ရှေးဦးစွာ ဒုတိယသမ္မတက အမှာစကားပြောကြား ရာတွင် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသသည် လွန်ခဲ့သော နှစ်ပေါင်းထောင်ကျော်က တည်ရှိခဲ့သည့် ရှေးဟောင်း ဘုရား၊ စေတီပုထိုးများနှင့် သာသနိကအဆောက်အအုံ များကို တစ်နေရာတည်းတွင် တစ်စုတစ်ဝေးတည်း တွေ့ရပြီး မြန်မာနိုင်ငံ၏ အဖိုးမဖြတ်နိုင်သည့် ဂုဏ်ယူ ဖွယ်ရာ ယဉ်ကျေးမှုအမွေအနှစ်ဒေသတစ်ခု ဖြစ်သကဲ့သို့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဒေသတစ်ခုလည်း ဖြစ်ပါ ကြောင်း။

မြန်မာတစ်မျိုးသားလုံး၏ အဖိုးမဖြတ်နိုင်သည့် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ၌ ၂၀၁၆ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့်ငလျင်ကြောင့် ရှေးဟောင်း ဘုရား၊ စေတီ ပုထိုးများနှင့် သာသနိကအဆောက်အအုံများ အနက် (၃၈၉) ဆူ ထိခိုက်ပျက်စီးခဲ့ပါကြောင်း၊ အဆိုပါ ထိခိုက်ပျက်စီးမှုများကို ရှေးမူလက်ရာမပျက်၊ စနစ်တကျ ပြုပြင်ရန်နှင့် ရေရှည်ကြံ့ခိုင်စေရေးအတွက်ပါ ထည့်သွင်း စဉ်းစားပြုပြင်နိုင်ရေးအတွက် “ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပုဂံ-ညောင်ဦးဒေသရှိ ရှေးဟောင်းဘုရား၊ စေတီပုထိုးများနှင့် သာသနိကအဆောက်အအုံများ ပြုပြင် ထိန်းသိမ်းရေးဦးစီးကော်မတီ” ကို ဖွဲ့စည်းခဲ့ပါကြောင်း၊ ဦးစီးကော်မတီ၏ လုပ်ငန်းတာဝန်များကို ကဏ္ဍအလိုက် ဟန်ချက်ညီညီ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်း ကော်မတီ (၂)ခုနှင့် ဆပ်ကော်မတီ (၅)ခုတို့ကို ဖွဲ့စည်းခဲ့ သည့်အပြင် အကြံပေးအဖွဲ့၊ ပညာရှင်အဖွဲ့နှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးကော်မတီများကဲ့သို့သော အခြား လိုအပ်သည့်အဖွဲ့များကို ထပ်မံဖွဲ့စည်းခဲ့ပြီး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း။

ဆွေးနွေးအတည်ပြုချက်ရယူ

ယခု အစည်းအဝေးသည် ဦးစီးကော်မတီ၏ ပဉ္စမ အကြိမ်မြောက် အစည်းအဝေးဖြစ်ပါကြောင်း၊ ယခင် အစည်းအဝေးများတွင် ဆုံးဖြတ်ချက် စုစုပေါင်း (၄၂)ချက် ချမှတ်ခဲ့သည့်အနက် ဆောင်ရွက်ပြီး (၃၉) ချက်နှင့် ဆောင်ရွက်ဆဲ (၃) ချက် ရှိပါကြောင်း၊ ဆောင်ရွက်ဆဲ (၃)ချက်မှာ လိုအပ်သည့်အဖွဲ့အစည်းများ ဖွဲ့စည်းရန်နှင့် ရေရှည်သင်တန်းကိစ္စရပ်များဖြစ်ပြီး ဆက်လက်ဆောင်ရွက် နိုင်ရေးအတွက် ယနေ့ ကျင်းပပြုလုပ်သည့် အစည်း အဝေးတွင် ဆွေးနွေးအတည်ပြုချက် ရယူဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း။

ဘုရား၊ စေတီပုထိုး (၃၈၉)ဆူ ရှိ

ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ရှေးဟောင်းဘုရား၊ စေတီပုထိုး (၃၈၉)ဆူကို ပြန်လည်ပြုပြင်ထိန်းသိမ်း နိုင်ရေးအတွက် UNESCO အဖွဲ့အစည်းအပါအဝင် ပြည်တွင်း၊ ပြည်ပ ရှေးဟောင်းသုတေသနဆိုင်ရာပညာရှင် များ၊ ဆက်စပ်ဝန်ကြီးဌာနများ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း၊ မြန်မာနိုင်ငံဗိသုကာကောင်စီနှင့် နည်းပညာ တက္ကသိုလ်များ စသည့် ပညာရှင်အဖွဲ့အစည်းများ၏ ညှိနှိုင်းဆွေးနွေးမှုအရ လျာထားရေးဆွဲထားခဲ့သည့် စီမံချက်အတိုင်း (၄)နှစ်အတွင်း ဦးစားပေးအလိုက် ပြုပြင်ထိန်းသိမ်းရမည့် ဘုရား၊ စေတီပုထိုး (၃၈၉)ဆူ ရှိပါကြောင်း၊ အဆိုပါ (၃၈၉)ဆူအနက် ပြုပြင်ထိန်းသိမ်းပြီး (၃၈၈)ဆူနှင့် ပြုပြင်ထိန်းသိမ်းဆဲ တစ်ဆူ ဖြစ်ပါကြောင်း၊ ပြုပြင်ထိန်းသိမ်းဆဲ တစ်ဆူမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရ၏ အကူအညီဖြင့် (၉)နှစ်ကြာ ရေရှည် အသေးစိတ် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်ရန် စီမံကိန်း ရေးဆွဲဆောင်ရွက်နေသည့် သဗ္ဗညုဘုရားကြီး ဖြစ်ပါ ကြောင်း။

ရာနှုန်းပြည့် လုပ်ငန်းဆောင်ရွက်ပြီးစီး

ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုရား၊ စေတီပုထိုး (၃၈၉)ဆူကို သတ်မှတ်ထားသည့် (၄)နှစ်တာ ကာလအတွင်း ရာနှုန်းပြည့် လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ပြီဟု ဆိုရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် စီမံကိန်းဆောင်ရွက် နေသည့် (၄)နှစ်တာကာလအတွင်း နောက်ထပ်ဘုရား အဆူ (၁၁၀)ကိုလည်း ပြုပြင်ထိန်းသိမ်းရန် လိုအပ်နေ သည်ကို စစ်ဆေးတွေ့ရှိခဲ့ပါကြောင်း၊ အဆိုပါ ဘုရားများ ကိုလည်း တစ်ဆက်တစ်စပ်တည်း ပြုပြင်ထိန်းသိမ်းနိုင်ခဲ့ သည့်အတွက် စုစုပေါင်း (၄၉၉)ဆူကို (၄)နှစ်တာကာလ အတွင်း ပြုပြင်ပြီးဖြစ်ပါကြောင်း။

ရေရှည် ဆက်လက်ထိန်းသိမ်း

ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ရှေးဟောင်းဘုရား၊ စေတီပုထိုးများနှင့် သာသနိက အဆောက်အအုံများ ပြန်လည်ပြုပြင်ထိန်းသိမ်းနိုင်ရေးအတွက် ပြည်တွင်း၊ ပြည်ပမှ သဒ္ဓါတရားထက်သန်စွာဖြင့် လှူဒါန်းကြသည့် အလှူငွေများကို လက်ခံရရှိခဲ့ပါကြောင်း၊ ရရှိခဲ့သည့် အလှူငွေများဖြင့် ငလျင်ဒဏ်သင့် ဘုရား၊ စေတီပုထိုး များကို ပြုပြင်ရာတွင် သတ်မှတ်ဖွဲ့စည်းထားသည့် ကော်မတီများ၏ စိစစ်ကြီးကြပ်မှုဖြင့် စနစ်တကျအကျိုးရှိရှိ သုံးစွဲပြီး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ သည်ကို တွေ့ရှိရပါကြောင်း၊ ယခုကာလသည် (၄)နှစ် စီမံကိန်း ပြီးစီးပြီဖြစ်သည့်အတွက် ပုဂံဒေသရှိ ယဉ်ကျေးမှု အမွေအနှစ်များကို နောင်ရေရှည် ဆက်လက်ထိန်းသိမ်း စီမံခန့်ခွဲသွားနိုင်ရန် အရေးကြီးပါကြောင်း၊ ကျန်ရှိသည့် အလှူငွေများကိုလည်း အဖွဲ့များဖွဲ့စည်း၍ စနစ်တကျ စီမံခန့်ခွဲသုံးစွဲနိုင်ရန် ဆောင်ရွက်သွားကြရမည် ဖြစ်ပါ ကြောင်း။

ငလျင်ဒဏ်သင့်ဘုရား၊ စေတီပုထိုးများကို ပြန်လည် ပြုပြင်မွမ်းမံမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကမ္ဘာ့အမွေ အနှစ်စံချိန်စံညွှန်းနှင့် ကိုက်ညီမှုရှိစေရန်နှင့် နောင်ထပ်မံ ဖြစ်ပွားလာနိုင်သည့် သဘာဝဘေးအန္တရာယ်များ၏ အခြေအနေများကိုပါ ထည့်သွင်းစဉ်းစားပြီး ရှေးမူလက်ရာ မပျက် ရေရှည်ကြံ့ခိုင်စေရန်အတွက် အားလုံးဆက်လက် ပါဝင်ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ရှုထောင့်မှ လည်း ရှုမြင်ရန်လိုအပ်သကဲ့သို့ ပုဂံဒေသသည် ကမ္ဘာ့အမွေ အနှစ်စာရင်းဝင် ဖြစ်လာပြီဖြစ်သည့်အတွက် ပြည်တွင်း၊ ပြည်ပက တာဝန်ရှိသူများနှင့် ဖွဲ့စည်းဆောင်ရွက်နေသည့် “နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးကော်မတီ” ၏ အကြံ ပြုချက်များအရ နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ စနစ်တကျ ဆက်လက်ထိန်းသိမ်းသွားကြရန် လိုအပ်ပါ ကြောင်း။

စနစ်တကျ စီမံဆောင်ရွက်

ယနေ့အချိန်ကာလသည် ကမ္ဘာ့ကပ်ရောဂါဖြစ်သည့် COVID-19 ရောဂါ ကူးစက်ဖြစ်ပွားနေသော အချိန်ကာလ ဖြစ်သည့်အတွက် ပုဂံယဉ်ကျေးမှုဒေသကို ပြည်တွင်း၊ ပြည်ပ ဧည့်သည်လာရောက်မှုကျဆင်းသွားပြီး ပြီးခဲ့သည့် လများအတွင်း ပြည်ပဧည့်သည် လာရောက်မှုမရှိခဲ့ပါ ကြောင်း၊ ယခုကဲ့သို့ ဧည့်သည်လာရောက်မှုနည်းပါးသည့် ကာလအတွင်း ပုဂံယဉ်ကျေးမှုနယ်မြေရှိ အမွေအနှစ် ထိန်းသိမ်းရေးလုပ်ငန်းများကိုသာမက လုံခြုံရေးကိုပါ တိုးမြှင့်၍ စနစ်တကျ စီမံဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။

လိုအပ်သည်များကို ဆက်လက်ကူညီ

ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ရှေးဟောင်းဘုရား၊ စေတီပုထိုးများနှင့် သာသနိကအဆောက်အအုံများ ရှေးမူလက်ရာမပျက် ရေရှည်တည်တံ့ရေးအတွက် ပြန်လည် ပြုပြင် မွမ်းမံခြင်းလုပ်ငန်းများအားလုံး အောင်မြင် ပြီးမြောက်အောင် ဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်ခဲ့ကြ သည့် ပြည်တွင်း၊ ပြည်ပပညာရှင်များ၊ ဆက်စပ်ဝန်ကြီး ဌာနများ၊ ပရဟိတအသင်းအဖွဲ့များ၊ ဒေသခံများနှင့် ဒေသတွင်းအဖွဲ့အစည်းများအားလုံးကို နိုင်ငံတော်အစိုးရ ကိုယ်စား မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်းနှင့် အထူး ကျေးဇူးတင်ရှိပါကြောင်း၊ ထို့ပြင် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသ၏ ရှေးဟောင်းသာသနိကအဆောက် အအုံများ ပြုပြင်ထိန်းသိမ်းရာတွင်သာမက ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသကြီး၏ လိုအပ်သည်များကို ဆက်လက် ကူညီဆောင်ရွက်ပေးသွားကြစေလိုပါကြောင်း။

အစည်းအဝေးသို့ တက်ရောက်လာကြသူများအနေ ဖြင့် မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုအခြေ အနေများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့် လိုအပ်သည့် အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ရှင်းလင်းတင်ပြ

ထို့နောက် ဦးစီးကော်မတီ အတွင်းရေးမှူး၊ သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီး ခဲ့သည့် စေတီပုထိုးများကို ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ဆက်စပ်ဝန်ကြီးဌာနများ၊ UNESCO အဖွဲ့၊ ပြည်တွင်း၊ ပြည်ပ ပညာရှင်များနှင့် ပရဟိတအဖွဲ့များပူးပေါင်း၍ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း များ အဆင့်ဆင့်ဆောင်ရွက်ခဲ့မှုအခြေအနေ၊ COVID-19 ရောဂါ ကူးစက်ဖြစ်ပွားနေသည့်ကာလအတွင်း ပုဂံ ယဉ်ကျေးမှုနယ်မြေတွင် ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်း ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအခြေအနေ၊ လုံခြုံရေး တိုးမြှင့်ဆောင်ရွက်လျက်ရှိသည့် အခြေအနေနှင့် ငလျင် ဒဏ်ကြောင့် ပျက်စီးခဲ့ရသည့် ရှေးဟောင်းဘုရား၊ စေတီပုထိုးများနှင့် သာသနိကအဆောက်အအုံများ ပြင်ဆင် ဆောင်ရွက်ပြီးစီးခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြ သည်။

Video Clip ဖြင့် ပြသ

ယင်းနောက် ၂၀၁၆ ခုနှစ်၊ ဩဂုတ်လအတွင်း လှုပ်ခဲ့ သည့် ငလျင်ကြောင့် ပျက်စီးခဲ့သည့် ရှေးဟောင်းဘုရား၊ စေတီပုထိုးများနှင့် သာသနိကအဆောက်အအုံများအား ပြင်ဆင်ဆောင်ရွက်ပြီးစီးခဲ့သည့်အခြေအနေများကို Video Clip ဖြင့် ပြသသည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ကမ္ဘာတစ်ဝန်း COVID-19 ရောဂါ ကူးစက်ဖြစ်ပွားနေသည့်ကာလ ဖြစ်သောကြောင့် ပုဂံဒေသအတွင်း ပြည်တွင်း၊ ပြည်ပ ခရီးသွားလုပ်ငန်းများ ရပ်တန့်ခဲ့သည့် အခြေအနေ၊ ပြည်တွင်းခရီးသွားလာမှု ပြန်လည်မြှင့်တင်နိုင်ရေးအတွက် စီမံဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ပုဂံဒေသကို ကမ္ဘာ့ အမွေအနှစ်စံချိန်စံညွှန်းများနှင့်အညီ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် စီမံဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်း တင်ပြသည်။

ယင်းနောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံက “ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပုဂံ-ညောင်ဦးဒေသရှိ ရှေးဟောင်းဘုရား၊ စေတီပုထိုးများနှင့် သာသနိကအဆောက်အအုံများ ပြုပြင် ထိန်းသိမ်းရေးဦးစီးကော်မတီ” ၏ ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေ များနှင့် ဆောင်ရွက်ဆဲလုပ်ငန်းအခြေအနေများကို ရှင်းလင်း တင်ပြသည်။

အစီအမံများကို ရှင်းလင်း

ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က ၂၀၁၆ ခုနှစ်တွင် ပုဂံဒေသ၌ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ရှေးဟောင်းဘုရား၊ စေတီပုထိုးများနှင့် သာသနိကအဆောက်အအုံများ ထိခိုက်ပျက်စီးမှုနှင့် ပြန်လည်ပြုပြင်နိုင်ရေးလုပ်ငန်းစဉ် များ ချမှတ်ဆောင်ရွက်ခဲ့မှုအခြေအနေ၊ ထိခိုက်ပျက်စီး ခဲ့သော စေတီပုထိုးများ၊ သာသနိကအဆောက်အအုံများ အား အရေးပေါ် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှု အခြေအနေ၊ ငလျင်ဒဏ်ခံရသည့် ဘုရားများအား ပြုပြင် ထိန်းသိမ်းရေး ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုအခြေ အနေများ၊ ယခု (၄)နှစ်စီမံကိန်းဖြင့် ဆောင်ရွက်မှုပြီးစီးခဲ့ပြီ ဖြစ်၍ နောင်ရေရှည်ပြုပြင်ထိန်းသိမ်းမှုအတွက် ပြည်တွင်း၊ ပြည်ပ ပညာရှင်များပါဝင်သော “ပုဂံကမ္ဘာ့အမွေအနှစ် ဒေသထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲရေးအဖွဲ့” ဖွဲ့စည်း ဆောင်ရွက်သွားမည့်အခြေအနေ၊ ပုဂံ Safe City Solution ဆောင်ရွက်မည့်အခြေအနေနှင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ဘုရား၊ စေတီပုထိုးများနှင့် သာသနိကအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းနိုင်ရေး အတွက် အလှူငွေကောက်ခံရရှိမှု၊ သုံးစွဲမှုနှင့် လက်ကျန်ငွေ စာရင်းအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွား မည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် မန္တလေးနည်းပညာတက္ကသိုလ်၊ ဂုဏ်ထူး ဆောင်ပါမောက္ခ ဒေါက်တာ အောင်ကျော်မြတ်က ပုဂံဒေသသည် ငလျင်ကြောပေါ် တည်ရှိနေသဖြင့် အနာဂတ်တွင် ပုဂံယဉ်ကျေးမှုအမွေအနှစ် ရှေးဟောင်း ဘုရား၊ စေတီပုထိုးများ ငလျင်ဒဏ်ခံနိုင်ရေးနှင့် စပ်လျဉ်း၍ စီစဉ်ဆောင်ရွက်ရန် လိုအပ်ချက်များနှင့် မြန်မာပညာရှင် များနှင့် ပြည်ပပညာရှင်များ ပူးပေါင်းကူညီဆောင်ရွက်ပေး မည့် အခြေအနေများကိုလည်းကောင်း၊ မြန်မာနိုင်ငံဗိသုကာ ကောင်စီဥက္ကဋ္ဌ ဦးဆန်းဦးက ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသတွင် UNESCO ၏ ကမ္ဘာ့အမွေအနှစ် အထိမ်းအမှတ် ကျောက်တိုင်များ စိုက်ထူနိုင်ရေးနှင့် စပ်လျဉ်း၍လည်းကောင်း၊ ညောင်ဦးခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော် အုန်းက အလှူငွေကောက်ခံရရှိမှုများနှင့် သုံးစွဲမှုအခြေ အနေများကိုလည်းကောင်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်က ငလျင်ဒဏ်သင့် ဘုရား၊ စေတီ ပုထိုးများ ထိန်းသိမ်းပြုပြင်ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ နိုင်ငံတကာ ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ ဆောက်လုပ်ရေးဝန်ကြီး ဌာန၊ အဆောက်အဦဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့ (၇)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှမိုးဇော်က ငလျင်ဒဏ်သင့် ဘုရား၊ စေတီပုထိုးများအား ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၏ ညှိနှိုင်းရေးမှူး ဒေါ်ဥမ္မာမျိုး က ကမ္ဘာ့အမွေအနှစ်စံချိန်စံညွှန်းများနှင့်အညီ ပုဂံ ရှေးဟောင်းယဉ်ကျေးမှုဒေသအတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် စီမံချက်များ ရေးဆွဲဆောင်ရွက်သင့်သည့်အခြေအနေများနှင့် စပ်လျဉ်း၍ လည်းကောင်း အကြံပြု ဆွေးနွေးတင်ပြကြသည်။

ထို့နောက် ပုဂံ-ညောင်ဦးဒေသရှိ ရှေးဟောင်းဘုရား၊ စေတီပုထိုးများနှင့် သာသနိက အဆောက်အအုံများ ပြုပြင် ထိန်းသိမ်းရေးဦးစီးကော်မတီ ပဉ္စမအကြိမ် ညှိနှိုင်းအစည်း အဝေးတွင် အစည်းအဝေးဆုံးဖြတ်ချက် (၉)ချက် ချမှတ် ကာ အတည်ပြုချက်ရယူသည်။

ယင်းနောက် ဦးစီးကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက အကြံပြုဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားရာ၌ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုအပိုင်းတွင် ပြုပြင် ထိန်းသိမ်းရေး မှားယွင်းမှုကြောင့် ထိခိုက်ပျက်စီးမှု မဖြစ်ပေါ်စေရေး စောင့်ကြည့်ထိန်းကွပ်ပေးရန် လိုအပ် သည့်အတွက် “ပုဂံဒေသ နိုင်ငံတကာပူးပေါင်းဆောင်ရွက် ရေးကော်မတီ” အစည်းအဝေးတွင် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများ၏ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး နည်းစနစ်ပိုင်း၊ ထိရောက်မှုအပိုင်း၊ လိုအပ်ချက်အပိုင်းများကို ဆွေးနွေးရန် လိုအပ်ပါကြောင်း၊ သို့မှသာ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများနှင့် ပတ်သက် ပြီး နိုင်ငံတကာပူးပေါင်းကူညီမှုသည် တညီတညွတ် တည်းဖြစ်မည့်အပြင် တူညီသည့်နည်းစနစ်ဖြင့် ထိထိ ရောက်ရောက်ထိန်းသိမ်းသွားနိုင်မည် ဖြစ်ပါကြောင်း၊ ပုဂံသည် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသတစ်ခုဖြစ်သည် နှင့်အညီ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာ တွင် UNESCO က ပညာရှင်များ၊ နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေးကော်မတီ၏ အကြံပြုချက်များ၊ ဆွေးနွေး ချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားကြရန် လိုအပ် ပါကြောင်း၊ “ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပုဂံ-ညောင်ဦးဒေသရှိ ရှေးဟောင်းဘုရား၊ စေတီပုထိုးများနှင့် သာသနိကအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေးဦးစီး ကော်မတီ” ကို “ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ယဉ်ကျေးမှု အမွေအနှစ်များ ပြုပြင်ထိန်းသိမ်းရေးဦးစီးကော်မတီ” ဟု အမည်ပြောင်းလဲ ဖွဲ့စည်းသွားမည်ဖြစ်ပါကြောင်း၊ လက်ကျန် အလှူငွေများအား စနစ်တကျစီမံခန့်ခွဲရေးနှင့် သုံးစွဲရေးတို့ အတွက် “အလှူငွေစိစစ်သုံးစွဲရေးလုပ်ငန်းကော်မတီ” ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ဦးဆောင်ပြီး ဖွဲ့စည်းသွားရန်နှင့် လုပ်ငန်း တာဝန်များကိုပါ သတ်မှတ်ပေးရန် ဆက်လက်ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ ထို့အတူ လက်ကျန်အလှူငွေ များကို ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ ယဉ်ကျေးမှုအမွေ အနှစ်များ ပြုပြင်ထိန်းသိမ်းရေးရန်ပုံငွေ ခေါင်းစဉ်ဖြင့် စာရင်းဖွင့်ဆောင်ရွက်သွားရန်နှင့် နောင်လိုအပ်လာမည့် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများအတွက် စနစ်တကျ သုံးစွဲသွားရန်တို့ကိုလည်း စီစဉ်ဆောင်ရွက်ကြရမည်ဖြစ်ပါ ကြောင်း၊ “Technical Expert Team (TET)” ကိုလည်း ပြည်တွင်း၊ ပြည်ပ ပညာရှင်များပါဝင်စေပြီး “ပုဂံကမ္ဘာ့ အမွေအနှစ်ဒေသထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲရေးအဖွဲ့” အဖြစ် ပြောင်းလဲပြင်ဆင်ဖွဲ့စည်းရန်နှင့် အဆိုပါအဖွဲ့ အနေဖြင့် အနာဂတ်ကာလတွင် ပုဂံ-ညောင်ဦးဒေသရှိ ရှေးဟောင်းဘုရား၊ စေတီပုထိုးများ ပြုပြင်ထိန်းသိမ်းရာတွင် ကမ္ဘာ့အမွေအနှစ်စံချိန်စံညွှန်းများနှင့်ညီညွတ်ပြီး စနစ်ကျ သည့် ပြုပြင်ထိန်းသိမ်းမှုများဖြစ်အောင် ကြီးကြပ်စစ်ဆေး အကြံပြုဆောင်ရွက်သွားရန်နှင့် ပုဂံ-ညောင်ဦးဒေသရှိ ရှေးဟောင်းဘုရား၊ စေတီပုထိုးများနှင့် သာသနိက အဆောက်အအုံများ ရေရှည်တည်တံ့ရေးအတွက် ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးခဲ့ကြသည့် ဆက်စပ်ဝန်ကြီးဌာနများ၊ ပြည်တွင်း၊ ပြည်ပ ပညာရှင်များ၊ အဖွဲ့အစည်းများနှင့် ဒေသခံများအနေဖြင့် ဆက်လက်ကူညီဆောင်ရွက်ပေး သွားကြရန် တိုက်တွန်းပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။ သတင်းစဉ်