
ဒုတိယသမ္မတ ဦးမြင့်ဆွေ ၂၀၂၁ ခုနှစ်၊ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေးဗဟိုကော်မတီ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
=============================================================================================================
နေပြည်တော် ဒီဇင်ဘာ ၃
၂၀၂၁ ခုနှစ်၊ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပရေးဗဟိုကော်မတီ၏ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ကျင်းပရာ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အမြဲတမ်းအတွင်းဝန်နှင့် နိုင်ငံတော် သမ္မတရုံးမှ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြပြီး အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သောင်းထိုက်ရွှေ၊ ဒုတိယ ဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်စိုးတင့်နိုင်၊ ဦးခင်မောင်ဝင်းနှင့် ဦးဝင်းမော်ထွန်း၊ တပ်မတော်မှအရာရှိကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ် များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ်(၂)နှင့် တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက်ဆွေးနွေးကြသည်။
ရှေးဦးစွာ ဒုတိယသမ္မတက အမှာစကားပြောကြားရာတွင် ယခုကျင်းပသည့် အစည်းအဝေးသည် ၂၀၂၁ ခုနှစ်၊ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေး ဗဟိုကော်မတီ၏ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးဖြစ်ပါကြောင်း၊ ဗဟိုကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ ၉ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး အစည်း အဝေး ဆုံးဖြတ်ချက် ၁၆ ချက် ချမှတ်ခဲ့ရာ ဆောင်ရွက်ပြီး ၁၅ ချက်၊ ဆောင်ရွက်ဆဲ တစ်ချက်နှင့် ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ ၂၈ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးဆုံးဖြတ်ချက် ၂၁ ချက် ချမှတ်ခဲ့ရာ ဆောင်ရွက်ပြီး ၁၈ ချက်နှင့် ဆောင်ရွက်ဆဲ သုံးချက်တို့ ဖြစ်ပါကြောင်း၊ အစည်းအဝေး (၂)ကြိမ် ပြုလုပ်ခဲ့ရာ စုစုပေါင်းဆုံးဖြတ်ချက် ၃၇ ချက် ချမှတ်ခဲ့ပြီး ဆောင်ရွက်ပြီး ၃၃ ချက်၊ ဆောင်ရွက်ဆဲ လေးချက်တို့ ဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ ဆောင်ရွက်ဆဲအချက် များကို သတ်မှတ်ချိန်အတွင်း အမြန်ပြီးစီးအောင် သက်ဆိုင်ရာ ဆပ်ကော်မတီများအလိုက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရန် ပြောကြားလိုပါကြောင်း။
“လွတ်လပ်ရေးနေ့ အခမ်းအနားများ” ကို ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် နှစ်စဉ်နှစ်တိုင်းကျင်းပပြုလုပ်ခဲ့သော် လည်း ယနေ့ကာလသည် Coronavirus Disease 2019 (COVID-19) ဖြစ်ပွားနေသော အချိန်ကာလဖြစ်သည့် အတွက် သတ်မှတ်ပေးထားသော လုပ်ငန်းတာဝန်များအပြင် “Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီ” နှင့် “ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန”တို့က ထုတ်ပြန် ထားသည့် ပြည်သူသို့ပန်ကြားချက်များ၊ အမိန့်များ၊ အမိန့် ကြော်ငြာစာများ၊ ညွှန်ကြားချက်များနှင့် စံလုပ်ငန်းလမ်းညွှန်ချက်များကိုပါ အလေးအနက် ဂရုပြုရမည့်ကိစ္စတစ်ရပ် အနေဖြင့် ထည့်သွင်းစဉ်းစားဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။
စံလုပ်ငန်းလမ်းညွှန်ချက် ၁၆ ချက်
“ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန” အနေဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ၂၀၂၁ ခုနှစ်၊ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားများကို ကျင်းပရာတွင် COVID-19 ရောဂါကူးစက်ဖြစ်ပွားမှုမရှိစေရေးအတွက် “အခမ်းအနား စီစဉ် ဆောင်ရွက်မည့်သူများ လိုက်နာရန် စံလုပ်ငန်းလမ်းညွှန်ချက် (၁၀)ချက်”၊ “လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံအလေးပြုပွဲအခမ်းအနား” တို့တွင် လိုက်နာ ဆောင်ရွက်ရမည့် “စံလုပ်ငန်းလမ်းညွှန်ချက် ခြောက်ချက်”၊ စုစုပေါင်းအချက် ၁၆ ချက်ကို ရေးဆွဲပေးထားပြီး ဖြစ်သည့် အတွက် သက်ဆိုင်ရာဆပ်ကော်မတီများနှင့် တာဝန်ရှိသူများ အနေဖြင့် အဆိုပါ “စံလုပ်ငန်းလမ်းညွှန်ချက် ၁၆ ချက်” ကို တိတိကျကျလိုက်နာဆောင်ရွက်သွားကြရန် ပြောကြား လိုပါကြောင်း။
လတ်တလောဖြစ်ပွားလျက်ရှိသည့် Coronavirus Disease 2019 (COVID-19) ကူးစက်ရောဂါကြောင့် ၂၀၂၁ ခုနှစ်၊ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ကျင်းပမည့် နံနက်ပိုင်းအခမ်းအနားများဖြစ်သည့် “နိုင်ငံတော်အလံတင် စစ်ရေးပြအခမ်းအနား”၊ “နိုင်ငံတော်အလံ အလေးပြုပွဲနှင့် နိုင်ငံတော်သမ္မတ၏ လွတ်လပ်ရေးနေ့သဝဏ်လွှာ ဖတ်ကြားခြင်းအခမ်းအနား” နှင့် နိုင်ငံတော်သမ္မတ အိမ်တော်၊ သဘင်ဆောင်၌ ကျင်းပမည့် “ဂုဏ်ထူးဆောင်ဘွဲ့ များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနား” များကို ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်ပေးထားသည့် စံလုပ်ငန်းလမ်းညွှန်ချက်များ၊ အမိန့်နှင့် ညွှန်ကြားချက်များ နှင့်အညီ ကျင်းပသွားရမည်ဖြစ်ပါကြောင်း။
အဆိုပါအခမ်းအနားများသို့ တက်ရောက်မည့် ဧည့်သည်တော်များနှင့် လူထုပရိသတ်များကို ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်ပေးထားသည့် “စံလုပ်ငန်း လမ်းညွှန်ချက်များ”၊ “အမိန့်နှင့် ညွှန်ကြားချက် များ” နှင့်အညီ တက်ရောက်နိုင်ရေးအတွက် တက်ရောက် မည့် လူဦးရေကို သတ်မှတ်လျှော့ချထားပြီးဖြစ်သည့် အပြင် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားကြရန် ပြောကြားလိုပါကြောင်း။
နိုင်ငံတော်သမ္မတအိမ်တော်၌ ညနေပိုင်းတွင် ကျင်းပ မည့် “လွတ်လပ်ရေးနေ့ဧည့်ခံပွဲနှင့် ညစာစားပွဲအခမ်းအနား” ကို ယခုနှစ်တွင် ကျင်းပခြင်းမပြုတော့ဘဲ လွတ်လပ်ရေးနေ့ ကို ဂုဏ်ပြုသောအားဖြင့် မီးရှူး၊ မီးပန်းများ ဂုဏ်ပြု ပစ်ဖောက်ခြင်းအစီအစဉ်ကို အများပြည်သူ တွေ့မြင်နိုင် သည့်နေရာများတွင် ခမ်းနားထည်ဝါစွာ ဂုဏ်ပြုပစ်ဖောက် သွားမည်ဖြစ်ပါကြောင်း၊ မီးရှူး၊ မီးပန်းများ ပစ်ဖောက်ရာ တွင်လည်း အန္တရာယ်ကင်းရှင်းစွာ ပစ်ဖောက်နိုင်ရေးအတွက် စနစ်တကျကြိုတင်စီမံပြီး ဇာတ်တိုက်လေ့ကျင့်ထားရန် ပြောကြားလိုပါကြောင်း။
လက်ရှိဖြစ်ပွားနေသည့် COVID-19 ကူးစက်ရောဂါ အခြေအနေကြောင့် စာသင်ကျောင်းများ ပိတ်ထားရသည့် အတွက် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် နှစ်စဉ်ကျင်းပနေသည့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲများ၊ ကဗျာပြိုင်ပွဲများ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများနှင့် အားကစားပြိုင်ပွဲများကို ယခုနှစ်တွင် ကျင်းပခြင်း မပြုလုပ် ရန် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ အကြောင်းကြားထားပြီးဖြစ်ပါကြောင်း။
ကြိုတင်စီစဉ်ဆောင်ရွက်ထား
လွတ်လပ်ရေးနေ့အခမ်းအနားများ ကျင်းပမည့်နေရာ များတွင် ပိုးသတ်ဆေးကြိုတင်ဖျန်းထားနိုင်ရေး၊ အဆိုပါ နေရာအားလုံးတွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများ အနေဖြင့် အခမ်းအနားသို့ တက်ရောက်လာသူများနှင့် ထိတွေ့နိုင်မှုများ ရှိနိုင်သည့်အတွက် ကျန်းမာရေး စစ်ဆေးမှု များ ကြိုတင်ဆောင်ရွက်ထားနိုင်ရေး၊ အခမ်းအနားသို့ တက်ရောက်လာသူများအတွက် နှာခေါင်းစည်း(Mask)များ၊ မျက်နှာအကာ(Face Shield)များနှင့် လက်အိတ် (Glove) များ ဖြန့်ဝေနိုင်ရန် ကြိုတင်စီစဉ်ဆောင်ရွက် ထားရေး၊ အခမ်းအနား ကျင်းပပြုလုပ်မည့်နေရာသို့ မဝင်ရောက်မီ ကိုယ်အပူချိန်တိုင်းတာစစ်ဆေးရန်နှင့် လက်ဆေးကြောသန့်စင်နိုင်ရန် လက်သန့် ဆေးရည် (Hand Sanitizer/Gel) များ ထားရှိနိုင်ရေး၊ အခမ်းအနားသို့ တက်ရောက်မည့်သူများအတွက် နေရာခင်းကျင်းရာတွင် လည်း တစ်ဦးနှင့်တစ်ဦး အကွာအဝေးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် Social Distancing များအတိုင်း နေရာချထားနိုင်ရေးနှင့် အရေးပေါ် ကျန်းမာရေးကိစ္စရပ်များအတွက် လုံလောက်သောဆရာဝန် များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် အထောက်အကူပြုယာဉ် များကို ကြိုတင်စီမံဆောင်ရွက်ထားနိုင်ရေးတို့ကို သက်ဆိုင်ရာဆပ်ကော်မတီများအလိုက် ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားကြရန် ပြောကြားလို ပါကြောင်း။
“နိုင်ငံတော်အလံအလေးပြုပွဲအခမ်းအနားကျင်းပရေး၊ ပြင်ဆင်ရေးနှင့် ဖိတ်ကြားရေး ဆပ်ကော်မတီ” အနေ ဖြင့် နေပြည်တော်၊ မြို့တော်ခန်းမရင်ပြင်၌ နံနက် ၇ နာရီတွင် ကျင်းပမည့် “နိုင်ငံတော်အလံအလေးပြုပွဲနှင့် နိုင်ငံတော်သမ္မတ၏ လွတ်လပ်ရေးနေ့သဝဏ်လွှာ ဖတ်ကြားခြင်းအခမ်းအနား” သို့ တက်ရောက်မည့် အင်အား စာရင်းများကိုလည်း အတည်ပြုချက် ရရှိထားပြီဖြစ်သည့် အတွက် အချိန်မီဖိတ်ကြားနိုင်ရေးနှင့် လိုအပ်သည့် ပန်ကြားလွှာများ ထည့်သွင်းဖော်ပြနိုင်ရေး စီစဉ်ဆောင်ရွက် သွားရန် ပြောကြားလိုပါကြောင်း။
“ပြန်ကြားရေးဝန်ကြီးဌာန” အနေဖြင့်လည်း လွတ်လပ်ရေးနေ့မတိုင်မီနှင့် လွတ်လပ်ရေးနေ့တို့တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့မှ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဖျော်ဖြေရေးအစီအစဉ်များကို သီးခြား ထုတ်လွှင့်ပြသနိုင်ရေးအတွက် “သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန” နှင့် “ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန” တို့ ညှိနှိုင်းရိုက်ကူးထုတ်လွှင့်နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းများ၊ လွတ်လပ်ရေးနေ့နှင့် သက်ဆိုင်သောမျိုးချစ်စိတ်ဓာတ်ထက်သန်စေသည့် ဇာတ်လမ်းများ၊ သမိုင်းဝင်တေးသီချင်းများ ထုတ်လွှင့်ပြသနိုင်ရေးနှင့် သတင်းစာ၊ ဂျာနယ်များတွင်လည်း ရေးသားဖော်ပြသွား နိုင်ရေးတို့ကို အချိန်မီစီမံဆောင်ရွက်သွားရမည် ဖြစ်ပါ ကြောင်း။
စနစ်တကျသုံးစွဲ
လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပို့စကတ်များကို လည်း အချိန်မီဖြန့်ဝေနိုင်ရေးအတွက် သက်ဆိုင်ရာ ဆပ်ကော်မတီများအချင်းချင်း ပေါင်းစပ်ညှိနှိုင်းကာ အချိန်မီ ပြီးစီးအောင် ဝိုင်းဝန်း ဆောင်ရွက်သွားကြစေလိုပါကြောင်း၊ ထို့အပြင် ဆပ်ကော်မတီအလိုက် အသုံးစရိတ်များကို သေချာစွာစိစစ်တွက်ချက်၍ စနစ်တကျသုံးစွဲသွားရန် ပြောကြားလိုပါကြောင်း။
“လုံခြုံရေးဆပ်ကော်မတီ” အနေဖြင့်လည်း သတ်မှတ် ထားသည့် လုပ်ငန်းတာဝန်များအား လစ်ဟာမှုမရှိအောင် ဘက်စုံထောင့်စုံသုံးသပ်ဆောင်ရွက်ကာ စနစ်တကျစီမံချက် များ ရေးဆွဲပြီး လုံခြုံရေးအပြည့်အဝရရှိအောင် စစ်ဆေး ကြပ်မတ်ဆောင်ရွက်ရန် ပြောကြားလိုပါကြောင်း။
ယနေ့အစည်းအဝေးသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများအနေဖြင့် ယခင်ကျင်းပခဲ့သည့် ဗဟို ကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဆောင်ရွက်ဆဲလုပ်ငန်း များ၊ တွေ့ကြုံနေရသည့်အခက်အခဲများနှင့် လိုအပ်သည့် အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်းဆွေးနွေးပေးကြ ရန် ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ အမြဲတမ်း အတွင်းဝန် ဦးဇော်သန်းသင်းက ၂၀၂၁ ခုနှစ်၊ (၇၃)နှစ် မြောက် လွတ်လပ်ရေးနေ့ကျင်းပရေးဗဟိုကော်မတီ၏ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက် ၂၁ ချက် အနက် ဗဟိုကော်မတီက ဆောင်ရွက်ရမည့် ဆုံးဖြတ်ချက် ခြောက်ချက်နှင့်စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သောင်းထိုက်ရွှေက “နိုင်ငံတော်အလံတင်နှင့် နိုင်ငံတော်အလံအလေးပြုပွဲစစ်ရေးပြဆပ်ကော်မတီ” နှင့် စပ်လျဉ်း၍ နံနက်ပိုင်းအခမ်းအနားများတွင် စစ်ရေးပြ ဆောင်ရွက်မည့် ဂုဏ်ပြုတပ်ဖွဲ့အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များ၊ စံလုပ်ငန်းလမ်းညွှန်ချက်များအတိုင်း လူဦးရေကန့်သတ်လျှော့ချ ကာ ဖွဲ့စည်းလေ့ကျင့် ဆောင်ရွက်နေမှုအခြေအနေများ၊ ဇာတ်တိုက်လေ့ကျင့်မှု အခြေအနေများ၊ စစ်ရေးပြ အခမ်း အနားတွင် ပါဝင်သည့် အရာရှိ၊ စစ်သည်များအား Swab ယူကာ သီးခြားထားရှိဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြ
ထို့နောက် နေပြည်တော်စည်ပင်သာယာရေး ကော်မတီ၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က “နိုင်ငံတော်အလံအလေးပြုပွဲအခမ်းအနားကျင်းပရေး၊ ပြင်ဆင်ရေး နှင့် ဖိတ်ကြားရေးဆပ်ကော်မတီ” နှင့် စပ်လျဉ်း၍ ဆပ်ကော်မတီနှင့် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းထားရှိမှုနှင့် တာဝန်များ ခွဲဝေချထားမှုအခြေအနေ၊ ဗဟိုကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ နံနက်ပိုင်းအခမ်းအနားများအတွက် လူဦးရေကန့်သတ်လျှော့ချကာ တစ်ဦးနှင့်တစ်ဦး ရှစ်ပေခွာ ပြီး နေရာချထားမည့် လျာထားမှုအကွက်ချပုံစံနှင့် အစမ်း ဇာတ်တိုက် လေ့ကျင့်ဆောင်ရွက်မှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွားမည့်အစီအမံများ၊ အခမ်းအနား ကျင်းပရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေ၊ လွတ်လပ်ရေးနေ့အမျိုးသားရေး ဦးတည်ချက်များကို အများပြည်သူမြင်သာအောင် ဆိုင်းဘုတ်ကြီးများ စိုက်ထူ သွားမည့်အခြေအနေများ၊ ဖိတ်ကြားရေးအတွက် ကြိုတင် ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများနှင့် ရင်ထိုးတံဆိပ်၊ ပန်ကြားလွှာနှင့် ယာဉ်ဝင်/ထွက်ခွင့်ကတ်များ ကြိုတင် ပြင်ဆင်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က “လွတ်လပ်ရေးနေ့ဧည့်ခံပွဲနှင့် ညစာစားပွဲ ကျင်းပရေးဆပ်ကော်မတီ” နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြ သည်။
ထို့နောက် စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူးရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် သန်းကျော်စိုးက “မီးရှူးမီးပန်းများ ပစ်ဖောက်ရေးဆပ်ကော်မတီ” နှင့် စပ်လျဉ်း၍ ဗဟိုကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက် များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ၂၀၂၁ ခုနှစ်၊ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအား ဖြင့် မီးရှူး၊ မီးပန်းများပစ်ဖောက်ရာတွင် ယခင်နှစ်ထက် အရေအတွက်နှင့်အချိန် တိုးမြှင့်ပစ်ဖောက်နိုင်ရေး ဆောင်ရွက် ထားရှိမှုနှင့် အများပြည်သူ တွေ့မြင်နိုင်သောနေရာများတွင် ခမ်းနားထည်ဝါစွာ ပစ်ဖောက်သွားမည့်အစီအမံများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြ
ယင်းနောက် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ် အောင်နိုင်သူနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး စိုးမြင့်ဦးတို့က “လုံခြုံရေးဆပ်ကော်မတီ” နှင့် စပ်လျဉ်း၍ ပေးအပ်ထားသည့်လုပ်ငန်းတာဝန်များအပေါ် ဆောင်ရွက် သွားမည့် လုံခြုံရေးအစီအမံများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် “ပြန်ကြားရေးဆပ်ကော်မတီ” နှင့် စပ်လျဉ်း၍ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က လွတ်လပ်ရေးနေ့နှင့် လွတ်လပ်ရေးနေ့ အကြိုကာလတွင် နိုင်ငံပိုင်သတင်းစာများ၊ ရုပ်မြင်သံကြား နှင့် ရေဒီယိုတို့တွင် ထုတ်လွှင့်ဖော်ပြမည့် လွတ်လပ်ရေးနေ့ ဂုဏ်ပြုအစီအစဉ်များ၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် ထုတ်ဝေမည့် သဝဏ်လွှာများ၊ လွတ်လပ်ရေးနေ့အခမ်း အနားများအား တိုက်ရိုက်ထုတ်လွှင့်သွားမည့် အစီအမံ များနှင့် စပ်လျဉ်း၍လည်းကောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးလှိုင်ဝင်းမောင်က သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက လွတ်လပ်ရေးနေ့အထိမ်းအမှတ် အဖြစ် ရိုက်ကူးထားသည့် ယိမ်းအကများနှင့် ပြဇာတ်များကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသနိုင်ရေး အတွက် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက “နိုင်ငံတော်သမ္မတ၏ လွတ်လပ်ရေးနေ့ သဝဏ်လွှာပြုစုရေးဆပ်ကော်မတီ” နှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ဆက်လက် ဆောင်ရွက်သွားမည့်အစီအမံများကို ရှင်းလင်းတင်ပြသည်။
ကျန်းမာရေးအဖွဲ့များ ဖွဲ့စည်းထားရှိမှု
ထို့နောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် အမြဲတမ်း အတွင်းဝန် ဒေါက်တာသက်ခိုင်ဝင်းတို့က “ကျန်းမာရေး ဆပ်ကော်မတီ” နှင့် စပ်လျဉ်း၍ ၂၀၂၁ ခုနှစ်၊ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင် ရေးအတွက် ကျန်းမာရေးအဖွဲ့များ ဖွဲ့စည်းထားရှိမှုအခြေ အနေ၊ အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက် ပြီးစီးမှုအခြေအနေ၊ COVID-19 ရောဂါ ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် လိုအပ်သည့်ဆေးနှင့် အကာအကွယ် ပစ္စည်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေ အနေ၊ အခမ်းအနားကျင်းပမည့်နေရာများတွင် COVID-19 ရောဂါ ကူးစက်ဖြစ်ပွားမှုမရှိစေရေးအတွက် ကြိုတင် ဆောင်ရွက်ထားရှိမှုအခြေအနေ၊ အခမ်းအနားတွင် တာဝန် ထမ်းဆောင်မည့် ဝန်ထမ်းများအား ကျန်းမာရေးဆေးစစ်မှု ကြိုတင်ဆောင်ရွက်မည့်အခြေအနေများနှင့် အခမ်းအနား ကျင်းပရာတွင် လိုက်နာဆောင်ရွက်ရမည့် စံလုပ်ငန်း လမ်းညွှန်ချက် (၁၆)ချက်အတိုင်း လိုက်နာဆောင်ရွက်နိုင်ရေး အတွက် ဝိုင်းဝန်းကူညီစစ်ဆေးဆောင်ရွက်သွားမည့် အခြေ အနေများကို ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြ
ယင်းနောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က “အားကစားပြိုင်ပွဲများ ကျင်းပရေး ဆပ်ကော်မတီ” နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အမြဲတမ်း အတွင်းဝန် ဒေါ်နိုင်သက်ဦးက “စာရင်းစစ်ဆေးရေး ဆပ်ကော်မတီ” နှင့် စပ်လျဉ်း၍ ပေးအပ်ထားသည့် လုပ်ငန်း တာဝန်များနှင့် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက် မည့်အစီအမံများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က ၂၀၂၁ ခုနှစ်၊ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် နိုင်ငံတော်သမ္မတအိမ်တော်၊ သဘင်ဆောင်၌ ကျင်းပမည့် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့် အပ်နှင်းခြင်းအခမ်းအနားကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များ၊ စံလုပ်ငန်းလမ်းညွှန်ချက် များနှင့်အညီ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ အခမ်းအနား သို့ တက်ရောက်မည့် လူအင်အား လျှော့ချထားမှုအခြေအနေ၊ တက်ရောက်မည့် ဧည့်သည်တော်များအား Social Distancing နှင့်အညီ နေရာချထားနိုင်ရေးအတွက် စီစဉ်ဆောင်ရွက် ထားရှိမှုအခြေအနေနှင့် သက်ဆိုင်ရာဌာနများအလိုက် တာဝန်ခွဲဝေချထားမှုအခြေအနေများကို ရှင်းလင်းတင်ပြ သည်။
လျှပ်စစ်ဓာတ်အားပြတ်တောက်မှုမရှိစေရေး
ထို့နောက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးခင်မောင်ဝင်းက ၂၀၂၁ ခုနှစ်၊ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် သက်ဆိုင်သောအခမ်းအနားများ မကျင်းပမီနှင့် ကျင်းပနေစဉ်အတွင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုမရှိစေရေးအတွက် ကြိုတင်စီမံဆောင်ရွက် ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ဆပ်ကော်မတီများအလိုက် တင်ပြချက်များ၊ အကြံပြုဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်း ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်