ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ထန်တလန်မြို့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် (၇၂) နှစ်မြောက် ချင်းအမျိုးသားနေ့ ကျင်းပရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှု ကြည့်ရှုစစ်ဆေး

Image not available
 
 
ထန်တလန် ဖေဖော်ဝါရီ ၁၅
 
 
မြန်မာနိုင်ငံခရီးသွားဖွံ့ဖြိုးတိုးတက် ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူသည် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးနှင့် ဦးအုန်းမောင်၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်း လျန်လွယ်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် သန်းထွဋ်၊ ဦးကျော်မျိုးနှင့် ဦးမြင့် ကြိုင်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန် ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်း က ထန်တလန်မြို့ သိကီးရ်ကျေးရွာ View Point သို့ရောက်ရှိပြီး သိကီးရ် ကျေးရွာ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်ဝန်း ကျင်စိမ်းလန်းစိုပြည်ရေး ဆောင်ရွက် ထားမှုအခြေအနေတို့ကို ကြည့်ရှု စစ်ဆေးသည်။
 
 
ထို့နောက် ဒုတိယသမ္မတသည် သိကီးရ်-ကျီရီးယန်းတောင် အရှည် ၁၃ မိုင် ၄ ဖာလုံ မြေသားလမ်း ဖောက်လုပ်နေမှုကို မော်တော်ယာဉ် ဖြင့် သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကျီရီးယန်းတောင် အမျိုးသားဥယျာဉ် တည်ထောင်မည့်နေရာသို့ရောက်ရှိရာ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးဇော်မင်းက သဘာ၀ ပေါက်ပင်အမျိုးအစားများ၊ ကျီရီး ယန်းတောင်၌ ကျက်စားလျက်ရှိသည့် နို့တိုက်သတ္တဝါနှင့် ငှက်အမျိုးအစား များ၊ ကျီရီးယန်းအမျိုးသားဥယျာဉ် သတ်မှတ်ဖွဲ့စည်းမည့်အကျယ်အဝန်း၊ တောအမျိုးအစားနှင့် ဥယျာဉ်ဆိုင်ရာ အချက်အလက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
 
 
တင်ပြချက်များအပေါ် ဒုတိယ သမ္မတက ကျီရီးယန်းတောင်ခြေမှ တောင်ပေါ်သို့ ခြေကျင်ခရီးသွားအစီ အစဉ်ကို ဆောင်ရွက်သွားရန်၊ ဥယျာဉ် နှင့် ပတ်သက်သည့် အချက်အလက် များကို
စနစ်တကျ အသေးစိတ်လေ့လာဆန်းစစ်မှုများ ပြုလုပ် သွားရန်နှင့် ကျီရီးယန်းတောင်ပတ်ဝန်းကျင်သည် နွားနောက်စားကျက်ပေါများသည့်အတွက် စီးပွားဖြစ် မွေးမြူရေးဆောင်ရွက်သွားရန် မှာကြားသည်။
 
 
ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ကျီရီးယန်း တောင်ကို နောက်ခံထား၍ မှတ်တမ်းတင်ဓာတ်ပုံရိုက် ကြသည်။
ကျီရီးယန်း အမျိုးသားဥယျာဉ်သည် ချင်းပြည်နယ် ထန်တလန်မြို့ သိကီးရ်ကျေးရွာအနီးတွင် တည်ရှိပြီး အကျယ်အဝန်း ၇၄၅၈ ဒသမ ၅ ဧက၊ တောအမျိုးအစား မှာ တောင်ပေါ်အမြဲစိမ်းတော၊ ထင်းရှူးတော၊ မြက်ခက် တောဖြစ်ကာ ဥယျာဉ်အတွင်း သစ်မျိုးစိတ် ၉၂ မျိုး၊ တောရိုင်းတိရစ္ဆာန် နို့တိုက်သတ္တဝါ ၃၇ မျိုးနှင့် ငှက်မျိုးစိတ် ၆၄ မျိုး ကျက်စားနေထိုင်လျက်ရှိကြောင်းကို ပထမအကြိမ် ကွင်းဆင်းလေ့လာဆန်းစစ်ချက်အရ သိရသည်။
 
 
ကြည့်ရှုအားပေး
 
ထို့နောက် ဒုတိယသမ္မတသည် သိကီးရ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းသား ကျောင်းသူများ ပညာသင်ကြားနေမှုနှင့် ကွန်ပျူတာခန်း၌ လက်တွေ့သင်ကြားလေ့ကျင့်နေမှုတို့ကို ကြည့်ရှုအားပေးကာ ဆရာ ဆရာမများနှင့်အတူ မှတ်တမ်း တင်ဓာတ်ပုံရိုက်သည်။
ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ရဟတ် ယာဉ်များဖြင့် သိကီးရ်ကျေးရွာမှ ထွက်ခွာကြရာ ထန်တလန် မြို့သို့ရောက်ရှိကြပြီး (၇၂) နှစ်မြောက် ချင်းအမျိုးသားနေ့ ကျင်းပရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ပြခန်းများ ခင်းကျင်းပြင်ဆင်ထားရှိမှုများအား လိုက်လံကြည့်ရှုသည်။
 
 
ရှင်းလင်းတင်ပြ
 
ထို့နောက် ဒုတိယသမ္မတသည် အစိုးရနည်းပညာ အထက်တန်းကျောင်း (ထန်တလန်) တည်ဆောက်ရေး လုပ်ငန်းခွင်သို့ရောက်ရှိရာ အစိုးရစက်မှုလက်မှုသိပ္ပံ (ဟားခါး) ကျောင်းအုပ်ကြီးက စာသင်ဆောင်နှင့် အလုပ် ရုံ၊ ကျောင်းသား ကျောင်းသူအိပ်ဆောင်နှင့် ဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှု၊ ဘဏ္ဍာငွေရရှိမှု၊ ကျောင်းမြေနေရာ တိုးချဲ့ရရှိရေးနှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(ဟားခါး)မှ ကျောင်းဆင်းဒေသခံများ အလုပ်အကိုင်ရရှိရေးတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
 
 
တင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတက လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် ဒုတိယသမ္မတသည် ထန်တလန်မြို့ အမှတ်(၃)ရပ်ကွက်ရှိ ရေစုကန်တည်ဆောက်ရေးလုပ်ငန်း ခွင်သို့ ရောက်ရှိပြီး ထန်တလန်မြို့ သောက်သုံးရေ ဖူလုံစွာ ပေးဝေနိုင်ရေးအတွက် ရေစုကန်တည်ဆောက်နေမှုနှင့် ရေထွက်ရှိမှုကို ကြည့်ရှုသည်။
 
 
သောက်သုံးရေဖြန့်ဖြူးပေးနိုင်မည်
 
ထန်တလန်မြို့နေ လူဦးရေတစ်သောင်းကျော်အတွက် လူတစ်ဦးလျှင် တစ်ရက် ၂၅ ဂါလန်နှုန်းဖြင့် တွက်ချက်ပါ က နေ့စဉ်ရေဂါလန် ၂၆၀၀၀၀ ကျော် လိုအပ်လျက်ရှိရာ လက်ရှိတွင် ရေထွက် ၁၁ ခုမှ နေ့စဉ်ရေဂါလန်တစ်သိန်းကျော် ကို ရေစုကန်များတွင် သိုလှောင်၍ မြို့နေပြည်သူများအား ဖြန့်ဖြူးပေးလျက်ရှိသည်။ ယခုအခါ ခွေဗားရေထွက်မှ နေ့စဉ်ထွက်ရှိနေသည့် ရေဂါလန် ၂၁၆၀၀ဝ ကို ပိုက်လိုင်း ဖြင့်သွယ်ယူပြီး ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ရာ နေ့စဉ် ရေဂါလန် ၃၂၀၀၀၀ ကျော်ကို လုံလောက်စွာ ဖြန့်ဖြူးပေးနိုင်တော့ မည်ဖြစ်ကြောင်း သိရသည်။
 
 
မှတ်တမ်းဓာတ်ပုံရိုက်
 
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ထန်တလန် မြို့ရှုခင်းသာ View Point သို့ရောက်ရှိကာ ထန်တလန်မြို့ ရှုခင်းအားကြည့်ရှု၍ မှတ်တမ်းဓာတ်ပုံရိုက်သည်။
 
 
ယင်းနောက် ဒုတိယသမ္မတသည် ထန်တလန် ခုတင် (၅၀) ဆံ့ ပြည်သူ့ဆေးရုံသို့ရောက်ရှိပြီး ဆေးရုံဝင်းအတွင်း အသစ်တည်ဆောက်နေသည့် ခွဲစိတ်ခန်းပါ တိုးချဲ့နှစ်ထပ် ဆောင် တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးကာ ဆေးဝါး ကုသမှုခံယူနေသည့် လူနာများအား လိုက်လံကြည့်ရှု အားပေးသည်။
 
သတင်းစဉ်