
နေပြည်တော် ဇန်နဝါရီ ၂၀
မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ် စီမံခန့်ခွဲမှု ကော်မတီ အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးစိုးဝင်း၊ ဦးသိန်းဆွေ၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဒေါက်တာမြင့်ထွေးနှင့် ဦးဟန်ဇော်၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်း ဦး၊ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြား ရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယ သမ္မတက ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ နှစ်နိုင်ငံသားစနစ်ကို ခွင့်ပြုထားခြင်း မရှိသည့်အတွက် မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီး မြှုပ်နှံလိုသူများနှင့် ကျွမ်းကျင်ပညာ ရှင်များ၊ ကျွမ်းကျင်ပညာရှင် မဟုတ် သော်လည်း အမျိုးသားရင်ကြားစေ့ရေး လုပ်ငန်းစဉ်ပါ နိုင်ငံ၏ အကျိုးကို ဖော်ဆောင်လိုသည့် မြန်မာနိုင်ငံသား ဟောင်းများနှင့် ဆက်စပ် နိုင်ငံခြား သားများ၊ ၎င်းတို့၏မှီခိုသူမိသားစုဝင် များ၊ တစ်ဖက်နိုင်ငံ၏ နိုင်ငံသား အဖြစ် ခံယူထားခြင်းကို စွန့်လွှတ်စရာ မလိုဘဲ မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် အရှိန်အဟုန်ဖြင့် ပါဝင်ဆောင်ရွက် နိုင်မည့်အပြင် နိုင်ငံတော်၏ လူမှု စီးပွား ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ်ကို စတင်အကောင်အထည်ဖော် ဆောင် ရွက်ရခြင်းဖြစ်ပါကြောင်း။
ပြည်ထောင်စု အစိုးရအဖွဲ့ အတည်ပြုချက်အရ နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ဆိုင်ရာ နည်းဥပဒေ များကို ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်တွင် လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန က အမိန့်ကြော်ငြာစာအမှတ် (၁/ ၂၀၁၄) ဖြင့် ထုတ်ပြန်ခဲ့ပါကြောင်း၊
ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် စီမံခန့်ခွဲမှုကော်မတီ၊ ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီတို့ကို ဖွဲ့စည်းခဲ့ ပါကြောင်း။
အဓိက ပြင်ဆင်ဖြည့်စွက်ခဲ့
အစိုးရသစ်လက်ထက် နိုင်ငံခြားသားအမြဲနေထိုင်ခွင့် စနစ် စီမံခန့်ခွဲမှုကော်မတီကို လည်းကောင်း၊ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီကို လည်းကောင်း၊ နိုင်ငံခြားသား အမြဲ နေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီကို လည်းကောင်း အသစ်ပြင်ဆင်ဖွဲ့စည်း ခဲ့ပါကြောင်း၊ “နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ဆိုင်ရာ နည်းဥပဒေများကို ပြင်ဆင်သည့်နည်းဥပဒေများ” ထုတ်ပြန် ခဲ့သည့် အတွက် ထူးခြားမှုအနေဖြင့် ပြည်ပရှိ မြန်မာသံရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးနှင့် အဖွဲ့ရုံးများတွင်လည်း နိုင်ငံခြား သားအမြဲနေထိုင်ခွင့်စနစ် လျှောက်ထားနိုင်မှုကို အဓိက ပြင်ဆင်ဖြည့်စွက်ခဲ့ပါကြောင်း။
မိမိတို့အစိုးရလက်ထက် ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၂ ရက်အထိ လျှောက်ထားသူ ၄၃၄ ဦး၊ ၂၀၁၅ ခုနှစ်မှ လျှောက်ထားသူအပါအဝင် ခွင့်ပြုသူ ၄၄၄ ဦး၊ ငြင်းပယ်ခဲ့သူ လေးဦး၊ စိစစ်ဆဲ တစ်ဦး ရှိပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် လူတွေ့လာရောက် စစ်ဆေးခံ ရန် ၁၀ ဦး ကျန်ရှိပါကြောင်း။
တစ်ဖက်တစ်လမ်းမှ ရှာဖွေပေးနိုင်
မိမိတို့အစိုးရလက်ထက်၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၂ ရက်အထိ နိုင်ငံခြားသား အမြဲ နေထိုင်ခွင့်စနစ် ဆောင်ရွက်မှုမှရရှိသည့် နိုင်ငံခြားရငွေမှာ ကနဦး လျှောက်ထားခြင်းမှ အမေရိကန်ဒေါ်လာ ၁၅၀,၀၀၀ ၊ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ် လက်မှတ် နှင့် ကတ်ပြားထုတ်ပေးခြင်းမှ အမေရိကန်ဒေါ်လာ ၂၃၇,၅၀၀ ၊ နှစ်စဉ် သက်တမ်းပြန်လည်အတည်ပြုခြင်းမှ အမေရိကန်ဒေါ်လာ ၁,၀၃၈,၆၀၀ ၊ စုစုပေါင်း အမေရိကန် ဒေါ်လာ ၁,၄၂၆,၁၀၀ ကို နိုင်ငံတော်အတွက် တစ်ဖက် တစ်လမ်းမှ ရှာဖွေပေးနိုင်ခဲ့ပါကြောင်း။
အကောင်အထည်ဖော်ရေးဗဟိုကော်မတီက စိစစ် ခွင့်ပြုပြီးသူ စုစုပေါင်း ယနေ့အထိ ၆၁၇ ဦး ရှိပါကြောင်း၊ ဗဟိုကော်မတီက စိစစ်ထားသည့် မိသားစုအပါအဝင် ဦးရေ ၇၀ ကို ကိုဗစ်-၁၉ ရောဂါ ကင်းစင်ချိန်တွင် လူတွေ့စစ်ဆေး ခံယူရန် ခေါ်ယူပြီး စိစစ်ဆောင်ရွက်ပြီးစီးမှုကို လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ သို့ တင်ပြကာ ခွင့်ပြုချက်ရရှိပါက ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးသို့ ဆက်လက်တင်ပြသွားမည် ဖြစ်ပါကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ရရှိပါက လျှောက်ထားသူများအား နိုင်ငံခြားသားအမြဲနေထိုင်ခွင့် လက်မှတ်နှင့် ကတ်ပြားများကို ဆက်လက်ထုတ်ပေးသွားရန် စီစဉ်ထားရှိပြီး ဖြစ်ပါကြောင်း။
ယခုအစည်းအဝေးသို့ တက်ရောက်လာကြသည့် ကော်မတီဝင်များအနေဖြင့် နိုင်ငံခြားသားအမြဲနေထိုင်ခွင့် စနစ်နှင့် ပတ်သက်၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ်
ထို့နောက် စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက နိုင်ငံခြား သား အမြဲနေထိုင်ခွင့်စနစ် စတင်ဆောင်ရွက်ခဲ့မှုနှင့် ကော်မတီအဆင့်ဆင့် ဖွဲ့စည်းဆောင်ရွက်မှု အခြေအနေ၊ နိုင်ငံခြားသားအမြဲနေထိုင်ခွင့် လျှောက်ထားမှု၊ ခွင့်ပြု လက်မှတ်နှင့် ကတ်ပြားထုတ်ပေးမှု အခြေအနေများ၊ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ် နည်းဥပဒေများအရ ကိုက်ညီမှုမရှိ၍ ငြင်းပယ်မှုနှင့် စိစစ်ဆဲအခြေအနေများနှင့် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ် ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။
သုံးသပ်ဖြည့်စွက်ဆွေးနွေး
ယင်းနောက် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်တို့က နိုင်ငံခြားသားများ အမြဲနေထိုင် ခွင့် လျှောက်ထားလာမှုများအပေါ် စိစစ်ဆောင်ရွက်မှု အခြေအနေများ၊ ပြည်ပကျွမ်းကျင်ပညာရှင်များ ပိုမို လာရောက်ခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးရေးအတွက် ရေရှည် အထောက်အကူဖြစ်နိုင်မည့် အခြေအနေများ၊ နိုင်ငံပိုင် လုပ်ငန်းများနှင့် ပုဂ္ဂလိကလုပ်ငန်းများ၌ ပြည်ပနိုင်ငံများမှ ရင်းနှီးမြှုပ်နှံသူများ ပိုမိုပါဝင်ဆောင်ရွက်နိုင်မည့် အခြေ အနေများ၊ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ဆိုင်ရာ နည်းဥပဒေ များနှင့် ပြင်ဆင်သည့်နည်းဥပဒေများ ပြဋ္ဌာန်းဆောင်ရွက် နိုင်ခဲ့မှု အခြအနေ၊ ပြည်ပရောက် မြန်မာနိုင်ငံသားဟောင်း မိသားစုများ ပိုမိုပေါင်းစည်းခွင့်ရပြီး ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံ ထူထောင်မည့်လုပ်ငန်းစဉ်အား အထောက်အကူပြု နိုင်မှု အခြေအနေများကို အကြံပြုဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက သုံးသပ်ဖြည့်စွက် ဆွေးနွေးသည်။
ဆက်လက်ဆောင်ရွက်ခွင့်ပြုပေးသွားမည်
ထို့နောက် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ က အကြံပြုဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြား ရာတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ်နှင့် ပတ်သက်၍ ခေတ်စနစ်နှင့်လျော်ညီစွာ ဆောင်ရွက်နိုင်ရေး ဖြည့်စွက် အကြံပြုချက်များ တင်ပြလာသဖြင့် ဝမ်းမြောက်မိပါကြောင်း၊ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ဆိုင်ရာ နည်းဥပဒေများကို ပြင်ဆင်ပြဋ္ဌာန်းလိုက်သည့်အတွက် နိုင်ငံခြားသား အမြဲ နေထိုင်ခွင့်စနစ် လျှောက်ထားမှုကို စိတ်ဝင်စားမှု များပြား လာပြီး လျှောက်ထားသူ များလာသည့်အတွက် ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်ခွင့်ပြုပေးသွားမည် ဖြစ်ပါကြောင်း။
နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်အရ မြန်မာနိုင်ငံသားများ မည်သည့်နိုင်ငံသို့ ရောက်ရှိနေသည် ဖြစ်စေ၊ မည်သည့်နိုင်ငံသို့ သွားရောက်နေသည်ဖြစ်စေ မြန်မာနိုင်ငံသို့ ပြန်လာမည်ဆိုပါက အချိန်မရွေး ကြိုဆို လက်ခံလျက်ရှိပြီး နိုင်ငံခြားသားအမြဲနေထိုင်ခွင့် လျှောက်ထားလိုလျှင် လည်းကောင်း၊ မြန်မာနိုင်ငံသားအဖြစ် အပြီးတိုင် ပြန်လာလိုလျှင် လည်းကောင်း ဥပဒေအရငြိစွန်း ခြင်းမရှိပါက ပြန်လည်လက်ခံ ဆောင်ရွက်ပေးနေသည်ကို မျက်မြင်ကိုယ်တွေ့ပင် ဖြစ်ပါကြောင်း။
စနစ်တကျ စိစစ်လက်ခံပေးနေ
ကိုဗစ်-၁၉ ရောဂါဖြစ်ပေါ်နေသည့် ကာလများအတွင်း ကမ္ဘာတစ်ဝန်းတွင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခ ရောက်ရှိနေကြသည့် နိုင်ငံသားများကို စနစ်တကျ စိစစ် လက်ခံပေးနေခြင်း၊ ယခင်က ပြည်ပတွင် ရောက်ရှိနေကြ သည့် အမည်မည်းစာရင်း ရေးသွင်းထားခြင်း ခံရသူများကို လည်း ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ပြီး အမည် မည်းစာရင်းမှ ပယ်ဖျက်ခြင်းများ ဆောင်ရွက်ပေးခဲ့ပါ ကြောင်း။
မိမိတို့မြန်မာနိုင်ငံသည် မိမိနိုင်ငံသား ဟုတ်မှန်လျှင် အယုတ်အလတ်အမြတ်မရွေး လက်ခံပါကြောင်း၊ မိမိနိုင်ငံ သား ဟုတ်/မဟုတ်ကိုသာ ဥပဒေအရ စိစစ်လက်ခံနေခြင်း ကို ကမ္ဘာသိအောင် မိမိတို့အစိုးရက အလုပ်ဖြင့် သက်သေပြ လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကာလတွင် မြန်မာနိုင်ငံ၏ ရပ်တည်ချက်ကို ကွဲကွဲပြားပြားဖြစ်အောင် ထုတ်ဖော်ပြသ နိုင်ခဲ့ပါကြောင်း။
နိုင်ငံခြားသားအမြဲနေထိုင်ခွင့် လျှောက်ထားလာမှု များနှင့်ပတ်သက်၍ ကော်မတီအဆင့်ဆင့်က အင်တိုက် အားတိုက် စီမံဆောင်ရွက်ခဲ့မှုကြောင့် နိုင်ငံတော်အတွက် နိုင်ငံခြားရငွေ ဖော်ဆောင်ပေးခဲ့ခြင်း၊ မြန်မာနိုင်ငံသားများ အတွက် အကျိုးရှိမည့် အသိပညာရှင်၊ အတတ်ပညာရှင်များ ပိုမိုရရှိလာခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုများပြားလာခြင်း အကျိုးကျေးဇူးများရရှိခဲ့သည့်အတွက် ဂုဏ်ပြုမှတ်တမ်း တင်အပ်ပါကြောင်း ပြောကြားသည်။ သတင်းစဉ်