ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ မြန်မာနိုင်ငံ အမျိုးသားယဉ်ကျေးမှု ဗဟိုကော်မတီ ပဉ္စမအကြိမ်အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

 

 

နေပြည်တော် ဇန်နဝါရီ ၂၂

 

မြန်မာနိုင်ငံ အမျိုးသားယဉ်ကျေးမှု ဗဟိုကော်မတီ၏ ပဉ္စမအကြိမ် အစည်း အဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ယဉ်ကျေးမှု ရတနာ အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံ အမျိုးသား ယဉ်ကျေးမှုဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကား ပြောကြား သည်။

အစည်းအဝေးသို့ ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့် သူရဦးအောင် ကိုနှင့် နိုင်သက်လွင်၊ ဒုတိယဝန်ကြီး များဖြစ်ကြသည့် ဦးတင်မြင့်၊ ဦးအောင် လှထွန်းနှင့် ဦးကြည်မင်း၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ် များနှင့် တာဝန်ရှိသူများ တက်ရောက် ကြပြီး ဗဟိုကော်မတီဝင် ပညာရှင် များနှင့် အသင်းအဖွဲ့ ကိုယ်စားလှယ် များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ဒုတိယ သမ္မတက ၂၀၁၆ ခုနှစ် ဩဂုတ် ၂၄ ရက်က

လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားသော ရှေးဟောင်း အဆောက်အအုံများ ပြုပြင်ထိန်းသိမ်း ရာတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနအနေ ဖြင့် ပုဂံဒေသရှိ ငလျင်ဒဏ်ခံဘုရား စေတီ ၃၈၉ ဆူမှ အနည်းငယ်သာ ထိခိုက်ပျက်စီးသည့် ဘုရား၊ ပုထိုး ၂၂၄ ဆူနှင့် ထိခိုက်ပျက်စီးမှုများ အထိုက်အလျောက်ရှိခဲ့သည့်အတွက် ရှေးမူမပျက် ပြန်လည်ပြုပြင် ထိန်းသိမ်းပြီးဖြစ်သော ၁၆၄ ဆူ၊ စုစုပေါင်း ၃၈၈ ဆူကို ထိန်းသိမ်းမှု များ ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ပြုပြင်ထိန်းသိမ်းရန် ကျန်ရှိသည့် ဘုရားအမှတ် ၁၅၉၇ သဗ္ဗညုဘုရား ကို မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံယဉ်ကျေးမှု အမွေအနှစ်များ စီမံခန့်ခွဲရေးဌာနတို့ အကြား “ငလျင်အလွန် ပုဂံဒေသရှိ သမိုင်းဝင် အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေးနှင့် ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာ” အရ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေကြောင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံဘက်က ထိန်းသိမ်းရေးလုပ်ငန်းများ စတင် ဆောင်ရွက်နိုင်ခြင်းမရှိသေးသည်ကို သိရပါကြောင်း။

 

ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်

မြန်မာနိုင်ငံရှိ ဒြပ်ရှိ ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်များကို နိုင်ငံသားအားလုံးက ဝိုင်းဝန်း ထိန်းသိမ်း စောင့်ရှောက်ကြရမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရှိ ဒြပ်ရှိ ယဉ်ကျေးမှု အမွေအနှစ်များမှ ပျူမြို့ဟောင်း သုံးမြို့ ဖြစ်သည့် ဟန်လင်း၊ သရေခေတ္တရာ၊ ဗိဿနိုး နှင့် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ များသည် ကမ္ဘာ့အမွေအနှစ်စာရင်း အဖြစ် သတ်မှတ်ခံခဲ့ရပြီး ဖြစ်ပါ ကြောင်း၊ ဆက်လက်၍ မြောက်ဦး ယဉ်ကျေးမှု အမွေအနှစ်ဒေသကို လည်း ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်ရေးအတွက် ပြည်တွင်း၊ ပြည်ပ ပညာရှင်များနှင့် ကော်မတီများ ဖွဲ့စည်းပြီး အဆိုပြုစာတွဲ Nomination Dossier (Draft) ကို ပြုစုပေးပို့ခဲ့ပြီး ဖြစ်ပါကြောင်း၊ ကမ္ဘာ့အမွေအနှစ် ကော်မတီကို Nomination Dossier (Complete)တင်ပြနိုင်ရေးအတွက် လိုအပ်သည်များကို ကဏ္ဍအသီးသီး က ဆက်လက်ဆောင်ရွက်လျက်ရှိ ပါကြောင်း။

အမွေအနှစ်များဖော်ထုတ်

မြန်မာနိုင်ငံ၏ ထောင်ပေါင်း များစွာသော ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များမှ မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ကို UNESCO ၏ လူ့ယဉ်ကျေးမှုကိုယ်စားပြု ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်စာရင်းတွင် မြန်မာနိုင်ငံ၏ ပထမဆုံး ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်အဖြစ် မှတ်ပုံ တင်ခွင့် ရရှိရေးအတွက် သတ်မှတ်ရက် အတွင်း အဆိုပြုစာတွဲ Nomination File အပြည့်အစုံကို ပေးပို့ခဲ့ပြီး ဖြစ်ပါ ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များက စာရင်းကောက် မှတ်တမ်းတင် ထားသော ဒြပ်မဲ့ယဉ်ကျေးမှုအမွေ အနှစ် ၂၂၈၉ ခုကိုလည်း မြန်မာနိုင်ငံ အမျိုးသား ဒြပ်မဲ့ယဉ်ကျေးမှုအမွေ အနှစ်များ မှတ်ပုံတင်စာရင်းတွင် ပထမအကြိမ် မှတ်ပုံတင်ခြင်းအဖြစ် သတ်မှတ်ရေးသွင်းထားပြီး ဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံ အနှံ့အပြားရှိ ဒြပ်ရှိ၊ ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ် များကို ရှာဖွေဖော်ထုတ်၊ ထိန်းသိမ်း ကာကွယ်၊ သုတေသနပြုပြီး ကမ္ဘာ့ အမွေအနှစ် စာရင်းများအဖြစ် သတ်မှတ်နိုင်ရန် ဆက်လက်ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။

ဥပဒေများရေးဆွဲထုတ်ပြန်

မိမိတို့၏ ယဉ်ကျေးမှု အမွေ အနှစ်များကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရာတွင် လိုအပ်သည့် ဥပဒေ၊ နည်းဥပဒေများကိုလည်း ရေးဆွဲထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း၊ အများ ပြည်သူအသိပညာ၊ ဗဟုသုတ ပွားများစေရန် အကြောင်းအရာစုံ၊ ကဏ္ဍစုံပြသနိုင်မည့် ပုဂ္ဂလိက ပြတိုက်များ စနစ်တကျပေါ်ထွက်လာ စေရန်နှင့် မြန်မာ့ရှေးဟောင်း ဝတ္ထု ပစ္စည်းများကို ထိန်းသိမ်းစောင့် ရှောက်ရန်လိုအပ်သည့် မြန်မာနိုင်ငံ ပြတိုက်များဥပဒေကိုလည်း ရေးဆွဲပြီး ဖြစ်ပါကြောင်း၊ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များကို သုတေသနပြု ထိန်းသိမ်းစောင့်ရှောက် မြှင့်တင်ရေး အတွက် ဥပဒေမူကြမ်းတစ်ရပ်ကို ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းရေးဆွဲ နေသည်ကိုလည်း သိရပါကြောင်း၊ မြန်မာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် များကို ထိန်းသိမ်းစောင့်ရှောက် ရာတွင် အရေးပါသည့် ယင်းဥပဒေ ကိုလည်း အမြန်ဆုံး ထုတ်ပြန်နိုင် အောင် ဆက်လက်ဝိုင်းဝန်းပြုစုပေး ကြရန် တိုက်တွန်းပါကြောင်း၊ ယင်း ဥပဒေများကို ပြဋ္ဌာန်းခြင်းအားဖြင့် ယဉ်ကျေးမှုအမွေအနှစ်များကို ဥပဒေ နှင့်အညီ ပိုမိုထိန်းသိမ်းစောင့်ရှောက် လာနိုင်ပြီး ပြည်သူများ၏ လူနေမှု ဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ကိုလည်း ဟန်ချက်ညီဖော်ဆောင်လာ နိုင်မည် ဖြစ်ပါကြောင်း။

အခုအခါ ကမ္ဘာ့နေရာအသီးသီး တွင် ဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ကပ်ရောဂါသည် မြန်မာနိုင်ငံ၌လည်း ၂၀၂၀ ပြည့်နှစ် မတ်လတွင် စတင် ဖြစ်ပေါ်နေသည့်အတွက် ယဉ်ကျေးမှု အမွေအနှစ်ဒေသများ၊ ရှေးဟောင်း နေရာများ၊ ဘုရားပုထိုးများ၊ ပြတိုက် များကို ပြည်သူလူထုများ ကြည့်ရှု လေ့လာ ဖူးမြော်ခွင့်ပိတ်ထားခဲ့ရပါ ကြောင်း၊ အများပြည်သူ ပြန်လည် ဖူးမြော်ခွင့်ပြုသည့်အခါ ဘေး အန္တရာယ်ကင်းရှင်းစွာဖြင့် ကြည့်ရှု လေ့လာနိုင်ရန် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားစဉ်ကာလအတွင်း ဘုရားပုထိုး စေတီများကို ပြည်သူများ ပြန်လည် ဖူးမြော်ခွင့်ပြုနိုင်ရေးအတွက် လိုအပ် သည့် လုပ်ငန်းလမ်းညွှန်များကိုလည်း ရေးဆွဲပြီးဖြစ်ပါကြောင်း။

ယခင်အစည်းအဝေး ဆုံးဖြတ် ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု များ၊ ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ယဉ်ကျေးမှု အမွေ အနှစ်များကို ကာကွယ်ထိန်းသိမ်းရေး နှင့် သုတေသနပြုရေး ကိစ္စရပ်များ အတွက် တက်ရောက်လာကြသော ကော်မတီဝင်များက ကဏ္ဍအသီးသီး မှ ပိုမိုတိုးတက်အောင် ဆွေးနွေး ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

 

ထို့နောက် ဗဟိုကော်မတီ ဒုတိယ ဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်များ ရှာဖွေ ဖော်ထုတ်ထိန်းသိမ်းကာကွယ်စောင့် ရှောက်ရေး၊ မြန်မာ့ယဉ်ကျေးမှု အမွေ အနှစ်များ ဖော်ထုတ်ထိန်းသိမ်း တိုးတက်ပြန့်ပွားအောင် ဆောင်ရွက် ရေး၊ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် များ ထိန်းသိမ်းစောင့်ရှောက်ရေး၊ နိုင်ငံနှင့် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများကို ကိုယ်စားပြုသည့် ပြတိုက်များဆိုင်ရာ ကိစ္စရပ်များနှင့် မြန်မာနိုင်ငံ ပြတိုက်များဥပဒေ အတည်ပြု ပြဋ္ဌာန်းနိုင်ရေးတို့ကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ဗဟိုကော်မတီ အတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံက မြန်မာနိုင်ငံ အမျိုးသား ယဉ်ကျေးမှု ဗဟိုကော်မတီ၏ စတုတ္ထ အကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက် ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲလုပ်ငန်း အခြေအနေများကို ရှင်းလင်းတင်ပြ သည်။

ထို့နောက်ဗဟိုကော်မတီ တွဲဖက် အတွင်းရေးမှူး ရှေးဟောင်းသုတေ သနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး လွင်က ပုဂံယဉ်ကျေးမှုအမွေအနှစ် ဒေသရှိ ငလျင်ဒဏ်ခံ ရှေးဟောင်း အဆောက်အအုံများ ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ နိုင်ငံတကာ အထိမ်း အမှတ်နှင့် နေရာဒေသများကောင်စီ ၏ “Nomination of the Bagan” အစီရင်ခံစာပါ အကြံပြုချက်များ အား ဆောင်ရွက်ပြီးစီးမှု၊ မြောက်ဦး ယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရေး ဆောင်ရွက်နေမှု၊ ကမ္ဘာ့အမွေအနှစ် ပျူရှေးမြို့ဟောင်းများ ထိန်းသိမ်းမှု အခြေအနေ အစီရင်ခံစာ ၂၀၁၉ (C1444)ကို ကမ္ဘာ့အမွေအနှစ် ဗဟို ဌာနသို့ အစီရင်ခံပြီးစီးခဲ့သည့်ကိစ္စရပ်၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနက စောင့်ရှောက် ထိန်းသိမ်းပြုပြင်သော ရှေးဟောင်း အဆောက်အအုံများစာရင်း အတည် ပြုထုတ်ပြန်ရန်ကိစ္စရပ်၊ ကိုလိုနီခေတ် အဆောက်အအုံများစာရင်း အတည် ပြုပေးရန် ကိစ္စရပ်၊ ဆုကြေးငွေများ ချီးမြှင့်၍စုဆောင်းခဲ့သော ရှေးဟောင်း ဝတ္ထုပစ္စည်းစာရင်းကို မှတ်တမ်းတင် ပေးရန်ကိစ္စရပ်၊ အမျိုးသားပြတိုက် (နေပြည်တော်၊ ရန်ကုန်)နှင့် ဦးစီး ဌာနသို့ ပြည်သူများ လာရောက် လှူဒါန်းသည့်ပစ္စည်းများ လက်ခံရရှိ မှုနှင့် တိုက်ပိုင်စာရင်းရေးသွင်းမှုကို မှတ်တမ်းတင်ပေးနိုင်ရေး ကိစ္စရပ်၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေ၊ မြန်မာနိုင်ငံ ပြတိုက်များဥပဒေ (မူကြမ်း)ကိစ္စရပ်၊ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေး ဥပဒေ(မူကြမ်း)ကိစ္စရပ်၊ မန္တလေးတိုင်း ဒေသကြီး တံတားဦးမြို့နယ် အင်းဝ ဒေသကို Archaeological Park အဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်မည့် အခြေအနေနှင့် ကမ္ဘောဇရိပ်သာ (ချင်းချောင်းနန်းတော်)ကို Art Center အဖြစ် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ကဏ္ဍအလိုက် ဆွေးနွေး

ယင်းနောက် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရှင် များနှင့် အသင်းအဖွဲ့ကိုယ်စားလှယ် များက မြန်မာနိုင်ငံ၏ ဒြပ်ရှိဒြပ်မဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် များနှင့် ရိုးရာဓလေ့ထုံးတမ်းစဉ်လာ များ ရှာဖွေဖော်ထုတ် ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

ပူးပေါင်းဆောင်ရွက်

ထို့နောက်  မြန်မာနိုင်ငံ အမျိုးသား ယဉ်ကျေးမှုဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ က ရှင်းလင်းဆွေးနွေးတင်ပြချက် များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်း ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ဆွေးနွေးတင်ပြချက်များသည် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းများတွင် အထောက်အကူပြုစေမည့် ဆွေးနွေး ချက်များ ဖြစ်ပါကြောင်း၊ မြန်မာ့ ယဉ်ကျေးမှု အမွေအနှစ်များကို ကာကွယ်ထိန်းသိမ်းရေး လုပ်ငန်း ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ၀န်ကြီးဌာနများ၊ ပြည်တွင်း၊ ပြည်ပ ပညာရှင်များ၊ UNESCO အဖွဲ့၊ နိုင်ငံ တကာအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်သွားကြရမည် ဖြစ်ပါ ကြောင်း။

အကြံပြုဆွေးနွေးချက်များနှင့် လိုအပ်ချက်များကို ကဏ္ဍအသီးသီး အလိုက် ဆက်လက်ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ပါ ကြောင်း၊ ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းအောင်မြင်မှုများကို အသိ အမှတ်ပြုပါကြောင်း၊ ဆောင်ရွက်ဆဲ လုပ်ငန်းများ၊ ထပ်မံဆောင်ရွက်မည့် လုပ်ငန်းများကို တိုင်းပြည်နှင့် လူမျိုး အတွက် တက်ညီလက်ညီ ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ပါ ကြောင်း ပြောကြားသည်။

 

သတင်းစဉ်