ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ မြိတ်မြို့နယ်အတွင်း ပြန်လည်စွန့်လွှတ်အပ်နှံသည့်လယ်ယာမြေများအား မူလတောင်သူများထံသို့ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၃) လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်

 

 

မြိတ် ဇန်နဝါရီ ၁၅

 

မွန်ပြည်နယ် မော်လမြိုင်မြို့၌ ရောက်ရှိနေသည့် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ သည် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးတင်မြင့်၊ ဗိုလ်ချုပ်စိုးတင့်နိုင် နှင့် ဗိုလ်ချုပ်မြင့်နွယ်၊ တာဝန်ရှိသူများ နှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရဟတ်ယာဉ်များဖြင့် မော်လမြိုင်မြို့မှ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့သို့ ရောက်ရှိပြီး ပုလဲရတနာခန်းမ၌ကျင်းပသည့် ပြန်လည် စွန့်လွှတ်အပ်နှံသည့် လယ်ယာမြေများအား မူလတောင်သူ များထံသို့ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၃) လွှဲပြောင်း ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့် မောင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ လွှတ်တော်ကိုယ်စား လှယ်များ၊ ပြန်လည်စွန့်လွှတ်သည့်မြေများအား လက်ခံ ရယူကြမည့် တောင်သူများနှင့်တာဝန်ရှိသူများ တက်ရောက် ကြသည်။

 

အခမ်းအနားတွင် ဒုတိယသမ္မတ က ယနေ့ အခမ်း အနားသည် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မြိတ် မြို့နယ် ကျောက်ဖျာမြို့သစ်စီမံကိန်းအတွင်းမှ ပြန်လည် စွန့်လွှတ်သည့် မြေ ၄၄၁၆ ဒသမ ၆၁ ဧကအနက် ကျောက်ဖျာကျေးရွာအုပ်စုအတွင်းမှ မြေဧရိယာ ၁၁၉၃ ဒသမ ၇၇ ဧကကို တောင်သူ ၁၄၉ ဦးထံသို့ လည်းကောင်း၊ သဘွတ်ကျေးရွာအုပ်စုအတွင်းမှ ၁၁၇၀ ဒသမ ၇၀ ဧကကို တောင်သူ ၁၉၉ ဦးထံသို့ လည်းကောင်း စုစုပေါင်း စိုက်ပျိုးမြေ ၂၃၆၄ ဒသမ ၄၇ ဧကအတွက် မူလတောင်သူ ၃၄၈ ဦးထံသို့ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၃)များလွှဲပြောင်းပေးအပ်သွားမည့်အခမ်းအနားဖြစ်ပါကြောင်း၊ မိမိတို့ အစိုးရတာဝန်ယူစဉ်ကာလအတွင်း စွန့်လွှတ်အပ်နှံ မြေများ မူလတောင်သူများထံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ပွဲများကို မိမိကိုယ်တိုင် တက်ရောက်အားပေးခဲ့ရာ ယခု အခမ်းအနားသည် (၂၅) ကြိမ်မြောက် အခမ်းအနားဖြစ် ပါကြောင်း၊ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပလိုသော်လည်း လက်ရှိ ရင်ဆိုင်ကြုံတွေ့နေရသည့်

ကိုဗစ် - ၁၉ ကပ်ရောဂါအခြေအနေကြောင့် ယခုကဲ့သို့ အကျဉ်းချုံး ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ အဆိုပါ ကပ်ရောဂါမှ ကင်းဝေးလွတ်မြောက်စေရန် ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟို ကော်မတီ၏ လမ်းညွှန်ချက်များကို တိကျစွာလိုက်နာ ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း။

 

ညှိနှိုင်းဆောင်ရွက်ပေး

စီမံကိန်းအလို့ငှာ ရယူထားသည့် မြေများအပေါ် စီမံကိန်းအတိုင်း အကောင်အထည်ဖော်မှုမရှိသည့် မြေများ ကို မူလတောင်သူများလက်ဝယ်သို့ ပြန်လည်စွန့်လွှတ် လွှဲပြောင်းနိုင်ရေးနှင့် စီမံကိန်းအတိုင်း ဆက်လက်အသုံးပြု မည်ဆိုပါက လျော်ကြေးငွေပေးဆောင်ခြင်းနှင့် မြေအစား ပေးခြင်းများ မရှိခဲ့သေးလျှင် လျော်ကြေးငွေနှင့် နစ်နာကြေး ငွေပေးကြရန် သက်ဆိုင်ရာ မြေရယူထားသည့် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက် ပေးလျက်ရှိပါ ကြောင်း။

 

မြေယာကိစ္စသည် စာရွက်စာတမ်း၊ ပိုင်ဆိုင်မှုနှင့် ဥပဒေ ကြောင်းအရ ညီညွတ်ခြင်း ရှိ/မရှိ စိစစ်စစ်ဆေးရသကဲ့သို့ မှတ်တမ်းမှတ်ရာမပြည့်စုံမှုများကြောင့် လက်တွေ့ကိုင်တွယ် ဖြေရှင်းရာတွင် အချိန်ယူရပါကြောင်း၊ အမှားအယွင်းမရှိ စေရေးနှင့် နစ်နာဆုံးရှုံးမှုမဖြစ်စေရေး သေချာရန်လည်း လိုအပ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားထားသည့်အတိုင်း ကရုဏာ နှင့်ယှဉ်၍ တရားမျှတမှုရှိအောင် အတတ်နိုင်ဆုံး ဖြေရှင်း ဆောင်ရွက်ပေးခြင်း ဖြစ်ပါကြောင်း။

စိုက်ပျိုးရေးကိုအခြေခံသည့် မိမိတို့နိုင်ငံ၏ ၇၀ ရာခိုင်နှုန်းသော ကျေးလက်နေ တောင်သူလယ်သမားများ၏ အကျိုးစီးပွားကိုဖော်ဆောင်နိုင်ရန် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေပါ ရည်ရွယ်ချက်အတိုင်း လယ်ယာမြေသိမ်းဆည်းခံရမှုနှင့်ပတ်သက်၍ တောင်သူလယ်သမားများ မနစ်နာစေ ရေး ကူညီဆောင်ရွက်ပေးရန်နှင့် လယ်ယာမြေလုပ်ပိုင်ခွင့် လုံခြုံစိတ်ချရေး ကာကွယ်ဆောင်ရွက်ပေးရန်တို့ကို ဆောင် ရွက်ပေးလျက် ရှိပါကြောင်း။

 

မိမိတို့နိုင်ငံကို စက်မှုလယ်ယာအခြေခံသည့် နိုင်ငံတစ်ခု အဖြစ်တည်ဆောက်ရာတွင် အခြေခံအရင်းအမြစ်ဖြစ်သည့် လယ်ယာမြေများဖော်ထုတ်ရေးသည် အရေးပါသည့်အချက် တစ်ခု ဖြစ်ပါကြောင်း၊ စီမံကိန်းအဖြစ် အသုံးပြုခြင်းမရှိ သည့် လယ်ယာမြေများကို တောင်သူများ လက်ဝယ် ပြန်လည်ပေးအပ်ခြင်းလုပ်ငန်းစဉ်အပြင် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများကို ဖော်ထုတ်စေပြီး လုပ်ပိုင်ခွင့်လျှောက်ထားစေခြင်းဖြင့် သတ်မှတ်ကာလတွင် လယ်ယာမြေအဖြစ် ပိုင်ဆိုင်ခွင့်ရအောင်လည်း ဥပဒေနှင့်အညီ ဆောင်ရွက်ပေး လျက်ရှိပါကြောင်း။

 

လိုအပ်ချက်များဆောင်ရွက်ပေး

နိုင်ငံတော်က တောင်သူလယ်သမားများကို မိမိဒေသ နှင့် ကိုက်ညီသည့် ဈေးကွက်ဝင်သီးနှံများ စိုက်ပျိုးခွင့်ပေး ထားပြီးဖြစ်သကဲ့သို့ တောင်သူလယ်သမားများ၏ လိုအပ် ချက်များကို အစဉ်တစိုက် လေ့လာပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်တွင်းစပါးဈေးနှုန်း ရည်ညွှန်း သတ်မှတ်ပေးပြီး သတ်မှတ်ဈေးအောက် ကျဆင်းပါက နိုင်ငံတော်အစိုးရ၏ လှည့်ပတ်ရန်ပုံငွေဖြင့် တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် ဝယ်ယူပေးလျက်ရှိပါကြောင်း၊ ပြည်တွင်းဈေးကွက်တွင် မငြိမ်မသက်ဖြစ်နေသည့် မတ်ပဲ နှင့် ပဲမျိုးစုံထုတ်ကုန်ပစ္စည်းများ ဈေးကွက်ရရှိရေး၊ အလား အလာရှိမည့် အမယ်သစ်ပို့ကုန်များ ပေါ်ထွက်လာစေရေး နှင့် အစိုးရအချင်းချင်း ညှိနှိုင်းရောင်းဝယ်သည့် အစီအစဉ် များ ပေါ်ပေါက်လာစေရေးတို့အတွက် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိပါကြောင်း။

အဆင့်မြှင့်တင်ထုတ်လုပ်

ပြည်တွင်း ပြည်ပ ဈေးကွက်နေရာရရှိရေးအတွက် ယခင်က ကုန်ကြမ်းအနေဖြင့်သာ တင်ပို့ရောင်းချခဲ့သည့် အနေအထားမှ တန်ဖိုးမြှင့်ထုတ်ကုန် ကုန်ချောများအဖြစ် အဆင့်မြှင့်တင်ထုတ်လုပ်ပြီး နိုင်ငံတကာဈေးကွက်သို့ ယှဉ်ပြိုင်တင်ပို့ရောင်းချနိုင်ရေးအတွက် အဆင့်မြင့်နည်း ပညာ ခေတ်မီထုပ်ပိုးပြုပြင်စက်များဖြင့် ထုတ်လုပ်တင်ပို့ ရောင်းချနိုင်ရေးလုပ်ငန်းစဉ်ကိုလည်း အားပေးမြှင့်တင် ဆောင်ရွက်လျက်ရှိပါကြောင်း။

 

ယခုကဲ့သို့ ပြန်လည်လုပ်ပိုင်ခွင့်ရလာသည့် လယ်ယာ မြေများကို အသုံးချပြီး ထွက်ရှိလာမည့် မိမိတို့နိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန်များ ဈေးကောင်းရရှိကာ စိုက်ပျိုး ထုတ်လုပ်သူတောင်သူလယ်သမားများ ဝင်ငွေတိုးတက်ရရှိ စေရေးအတွက် နိုင်ငံတကာဈေးကွက်သို့ ယှဉ်ပြိုင်တင်ပို့ ရောင်းချနိုင်ရေး လိုအပ်ချက်များကိုလည်း နိုင်ငံတော်အနေ ဖြင့် ပံ့ပိုးဖြည့်ဆည်းပေးလျက်ရှိပါကြောင်း။

မြေသယံဇာတအရင်းအမြစ်သည် တိုးပွားအောင်လုပ် ၍မရဘဲ အကန့်အသတ်ရှိသည့် အရင်းအမြစ်တစ်ခုဖြစ်ပါ ကြောင်း၊ အဆိုပါအရင်းအမြစ်သည် မိမိတို့တောင်သူများ အတွက် မရှိမဖြစ်လိုအပ်သည့် အခြေခံအကျဆုံးနှင့် တန်ဖိုး အရှိဆုံး အရင်းအမြစ်တစ်ခုလည်း ဖြစ်သည့်အတွက် မြေအရင်းအမြစ်များကို အသုံးချရာတွင် ရေရှည်တည်တံ့မှု ရှိစေရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုရှိစေရန် သဘာဝပတ်ဝန်းကျင် ကို ထိခိုက်ပျက်စီးမှုမရှိစေသည့် အသုံးချမှုများ လိုအပ် ပါကြောင်း၊ သို့မှသာ တောင်သူလယ်သမားများအနေဖြင့် အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ အရင်းအမြစ်များခိုင်မာမှု နှင့် ရေရှည်တည်တံ့မှုကို ရရှိစေနိုင်မည်ဖြစ်ပါကြောင်း။

 

ပြန်လည်စွန့်လွှတ်သည့် မြေများကို မူလပိုင်ရှင် တောင်သူများထံ အမြန်ဆုံးလက်ဝယ်သို့ ရောက်ရှိအောင် သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးခဲ့ ကြသည့် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တာဝန်ရှိ သူများကို ကျေးဇူးတင် အသိအမှတ်ပြုပါကြောင်း၊ လယ်ယာ မြေများကို လက်ဝယ်ပြန်လည်ရရှိကြပြီဖြစ်ကြသည့် တောင်သူများအနေဖြင့်လည်း နိုင်ငံတော်၏ လုပ်ကိုင် ဆောင်ရွက်ပေးနေမှုများကို သိမြင်နားလည်ပြီး ယခင်က ထက် ပိုမိုကြိုးစားလုပ်ကိုင်ပေးကြရန်နှင့် တစ်ကိုယ်ရေ တစ်မိသားစု ဝမ်းဝဖူလုံရေးမှတစ်ဆင့် နိုင်ငံ့စီးပွားတိုးတက်မှု ကို အထောက်အကူပြုနိုင်သည့် ကုန်ထုတ်လယ်ယာမြေ များဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်း လိုပါကြောင်း ပြောကြားသည်။

 

ရှင်းလင်းတင်ပြ

ထို့နောက် တနင်္သာရီတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင် က တနင်္သာရီတိုင်းဒေသကြီးအတွင်း စွန့်လွှတ်မြေများ အနက် မူလတောင်သူများထံသို့ လယ်ယာမြေယာယီ လုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ - ၃ ) ပေးအပ်မှုအခြေအနေ များကို ရှင်းလင်းတင်ပြသည်။

 

(ပုံစံ-၃) များ ပေးအပ်

ယင်းနောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးမြင့်စန်းနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦး တို့က ကျောက်ဖျာကျေးရွာအုပ်စုအတွင်းရှိ ကွင်းအမှတ်- ၁၇၁(ခ) (ကျောက်ဖျာအရှေ့ကွင်း)၊ ကွင်းအမှတ် - ၁၇၂ (ကဘင်းကွင်း)၊ ကွင်းအမှတ်- ၁၇၃(က) (ကဘင်းကွင်း)၊ ကွင်းအမှတ် - ၉၆၂ (အထူးရာကြီးအရှေ့ကွင်း)၊ ကွင်း အမှတ်-၉၆၃ (ကိုးပင်အနောက်ကွင်း)၊ ကွင်းအမှတ်- ၁၇၅ (လွတ်လွတ်တောင်ကွင်း)နှင့် သဘွတ်ကျေးရွာအုပ်စုအတွင်း ရှိ ကွင်းအမှတ် - ၁၆၇ (ဆင်ရိုင်းကွင်း)၊ ကွင်းအမှတ်- ၈၄၃ (ဆင်ထဲကွင်းသစ်ကွင်း)၊ ကွင်းအမှတ်-၁၇၀ (လဝဲကွင်း)၊ ကွင်းအမှတ် - ၁၆၈ (တားချယ်ကွင်း)၊ ကွင်းအမှတ်-၉၆၁ (ဗန္ဓုလတောင်ကွင်း) တို့မှ တောင်သူများအား လယ်ယာမြေ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၃) များ ပေးအပ်ကြ သည်။

ထို့နောက် လယ်ယာမြေယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ - ၃) လက်ခံရယူကြသည့် တောင်သူများကိုယ်စား ကျောက်ဖျာကျေးရွာမှ တောင်သူ ဦးအောင်ကြည် က ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားသည်။

ယင်းနောက် ဒုတိယသမ္မတသည် အခမ်းအနားသို့ တက်ရောက်လာကြသည့် တောင်သူများအား နှုတ်ဆက် သည်။

 

ကြည့်ရှုလေ့လာ

ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် အမြန်ရေယာဉ် ဖြင့် မြိတ်မြို့မှ ကျွန်းစုမြို့နယ် ကတ္တလူကျေးရွာသို့ ရောက်ရှိ ပြီး ပြည့်ဖြိုးထွန်းအင်တာနေရှယ်နယ် ကုမ္ပဏီလီမိတက်၏ ရေငန်ပုစွန်မွေးမြူရေးလုပ်ငန်းစီမံကိန်းအတွင်း လှည့်လည် ကြည့်ရှုလေ့လာသည်။

အဆိုပါ စီမံကိန်းကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၄၁၅ ဧက ကျယ်ဝန်းကာ လက်ရှိတွင် ပုစွန်မွေးမြူကန် ၆၁ ကန် ရှိပြီဖြစ်ကြောင်း၊ ရေငန်ပုစွန်ဖြူအမျိုးအစားကိုသာမွေးမြူပြီး မွေးမြူရေးကန် တစ်ကန်လျှင် ပုစွန်သားပေါက် ၁၂ သိန်းမှ ၁၅ သိန်းအထိ ထည့်သွင်းမွေးမြူနိုင်ကြောင်း၊ မွေးမြူရေးကန်တစ်ကန်မှ တစ်ကြိမ်လျှင် ရေငန်ပုစွန် ၂၅ တန်မှ တန် ၃၀ အထိထွက်ရှိ ကြောင်း၊ ပုစွန်များကို ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံသို့ အဓိက ထား တင်ပို့ရောင်းချကြောင်း၊ မွေးမြူရေးကန်တစ်ကန် လျှင် တစ်နှစ်ကာလအတွင်း သုံးကြိမ်မွေးမြူထုတ်လုပ်နိုင် ကြောင်း သိရသည်။

 

ကြည့်ရှုစစ်ဆေး

ဆက်လက်၍ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူသည် ကျွန်းစုမြို့နယ် စမတ်ကျွန်းသို့ ရောက်ရှိပြီး ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းဖော်ဆောင်မည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးညိုအေး က လိုက်လံရှင်းလင်းပြသသည်။

အဆိုပါကျွန်းသည် မြိတ်မြို့မှ ၄၈ မိုင်ကွာဝေးပြီး အမြန် ရေယာဉ်ဖြင့် နှစ်နာရီကြာ ခရီးရှိကြောင်း၊ မြိတ် - ဒုံးကျွန်း ရေတံခွန်နှင့် စမတ်ကျွန်းကမ်းခြေခရီးစဉ်အတွင်း ဗမာ၊ ကရင်နှင့် ဆလုံတိုင်းရင်းသားတို့၏ လူနေမှုဘဝများကိုလေ့လာနိုင်ခြင်း၊ ကယက်လှေစီးခြင်း၊ ကမ်းဦးရေတိမ်ပိုင်း အလှများနှင့် ပင်လယ်ကမ်းခြေအလှများကို ကြည့်ရှုလေ့လာ နိုင်ခြင်း၊ ငါးမျှားနိုင်ခြင်းနှင့် လတ်ဆတ်သည့် ပင်လယ် အစားအစာများ စားသုံးနိုင်ခြင်း စသည့်ဝန်ဆောင်မှုများ ကိုရရှိနိုင်မည့် တစ်ညအိပ် နှစ်ရက်ခရီးစဉ်ကို ဖော်ဆောင် လျက်ရှိကြောင်း သိရသည်။

ယင်းနောက် ဒုတိယသမ္မတသည် ဒုံးကျွန်းရှိ ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း ဖော်ဆောင်လျက်ရှိသည့် ဒုံးညောင်မှိုင်းကျေးရွာအား အမြန်ရေယာဉ်ဖြင့် လှည့်လည် ကြည့်ရှုသည်။

 

သတင်းစဉ်