
ဂန့်ဂေါ ဩဂုတ် ၁၆
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးရန် ချင်းပြည်နယ်၌ ရောက်ရှိ နေသည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူ များနှင့်အတူ ဟားခါးမြို့ View Point သို့ ရောက်ရှိပြီး ဟားခါးမြို့ ဖွံ့ဖြိုး တိုးတက်မှုအခြေအနေများကို ကြည့်ရှုသည်။
ရှင်းလင်းတင်ပြ
ဆက်လက်၍ ဒုတိယသမ္မတနှင့်အဖွဲ့သည် မော်တော်ယာဉ်များဖြင့် လေအွမ်(ခ)ကျေးရွာသို့ ရောက်ရှိကြရာ ရှင်းလင်းဆောင်၌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေက ဓာတ်သတ္တုရှာဖွေရေး၊ စမ်းသပ်တိုင်းတာရေးနှင့် ဖြစ်မြောက် နိုင်စွမ်း လေ့လာရေးလုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ရီဗားချောင်းကူးတံတား တည်ဆောက်ပြီးစီး
ထို့နောက် Brick Mountain Industrial Company Limited မှ ဘူမိဗေဒပညာရှင် ဦးသိန်းဆင့်က ချင်းပြည်နယ် ဟားခါးမြို့နယ် ဘုံဇုံးဒေသ Lungrang Klang တောင် ထုံးကျောက်တူးဖော်ထုတ်လုပ်ရေးနှင့် ဘိလပ်မြေ စက်ရုံ (တန် - ၅၀၀၀) တည်ဆောက်နိုင်ရေး ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပြီး MICEG (Chin Chapter)မှ ဦးငွန်ဆန်း အောင်က ရီဗားချောင်းကူးတံတား တည်ဆောက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်း တင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတက နိုင်ငံ၏ ဘိလပ်မြေလိုအပ်ချက်ကို နိုင်ငံခြား ငွေသုံးစွဲ၍ ပြည်ပမှ ဝယ်ယူတင်သွင်း နေရပါကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက် လာသည်နှင့်အမျှ ဖွံ့ဖြိုးရေးလုပ်ငန်း များလည်း ပိုမိုလုပ်ဆောင်လာကြမည် ဖြစ်သည့်အတွက် နိုင်ငံ၏ဘိလပ်မြေ လိုအပ်ချက်သည် ပိုမိုမြင့်မားလာမည် ဖြစ်ပါကြောင်း၊ ယခု ဘိလပ်မြေစက်ရုံ တည်ဆောက်မည့်နေရာသည် ချင်း ပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ ဆုံရပ်တွင် တည်ရှိသဖြင့် ယင်းဒေသများအတွက် ဘိလပ်မြေအသုံးပြုနိုင်ရန် သယ်ယူ ပို့ဆောင်စရိတ်ကုန်ကျမှု သက်သာခြင်း၊ သက်သာသည့်ငွေကြေးဖြင့် အခြား ဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုဆောင်ရွက် လာနိုင်မည်ဖြစ်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာခြင်းစသည့် တိုက်ရိုက်အကျိုးကျေးဇူးများ ရရှိ လာမည် ဖြစ်ပါကြောင်း။
နိုင်ငံခြားငွေရရှိနိုင်
ဘိလပ်မြေစက်ရုံအား ပထမ အဆင့် တန် - ၅၀၀၀ ကျ တည်ဆောက် မည်ဖြစ်ပြီး ဒုတိယအဆင့် (တန်- ၅၀၀၀) ကျ ဆက်လက်တည်ဆောက် ပြီးပါက နေ့စဉ် (တန်- ၁၀၀၀၀) ထုတ်လုပ်နိုင်မည် ဖြစ်သည့်အတွက် ပြည်တွင်း ဘိလပ်မြေလိုအပ်ချက် များကို ဖြည့်ဆည်းပေးနိုင်ရုံသာမက ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင် မည်ဖြစ်၍ နိုင်ငံခြားငွေရရှိနိုင်မည် ဖြစ်ပါကြောင်း၊ စက်မှုကုန်ကြမ်းများ အနီးအနားတွင် အလွယ်တကူရရှိ နိုင်ပြီး ဒေသဖွံ့ဖြိုးရေးကို များစွာ အထောက်အကူပြုနိုင်မည့် ဘိလပ်မြေ စက်ရုံ အလျင်အမြန်အကောင်အထည် ဖော်တည်ဆောက်သွားနိုင်ရေး ဝိုင်းဝန်း ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားကြ ရန် တိုက်တွန်းပြောကြားသည်။
ပြန်လည်ရှင်းလင်းဖြေကြား
ယင်းနောက် ဒေသခံပြည်သူ ဒေါ်ထောင်ပဲင်က ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များကို တင်ပြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာရဲမြင့်ဆွေနှင့် ဦးခင်မောင်ဝင်း၊ ပြည်နယ်ဝန်ကြီး များက ပြန်လည်ရှင်းလင်းဖြေကြား ကြသည်။
ဆက်လက်၍ ဒုတိယသမ္မတ သည် ဘုံဇုံးကျေးရွာခန်းမ၌ ကျေးရွာ တာဝန်ရှိသူများနှင့်တွေ့ဆုံရာ ကျေးရွာ တာဝန်ရှိသူတစ်ဦးက သစ်တော ကြိုးပြင်ကာကွယ်တောရှိ လယ်ယာ မြေများအား ပုံစံ (၇) ရရှိရေးအတွက် သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပေး နိုင်ရေး၊ ဇဟောချောင်းကူးတံတား တည်ဆောက်ပေးနိုင်ရေး၊ ပလက်၀ ဒေသမှ ရောက်ရှိလာသည့် ခမီးလူမျိုး တိုက်ပွဲရှောင်ပြည်သူများအား ကူညီ ထောက်ပံ့ပေးနိုင်ရေး၊ ကျေးရွာချင်း ဆက်လမ်း ကျောက်ခင်းလမ်းအဖြစ်အဆင့်မြှင့်တင်ပေးနိုင်ရေးနှင့် ဟားခါး- ဂန့်ဂေါလမ်းတွင် တိုက်နယ်ဆေးရုံ တစ်ရုံ တည်ဆောက်ပေးနိုင်ရေးတို့ကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီး ချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ် ဝန်ကြီးများဖြစ်ကြသည့် ဦးပေါင်လွန်း မင်ထန်နှင့် ဦးရွှေထီးအိုးနှင့် ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာစိုးဦးတို့က ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။
အလေးထားဆောင်ရွက်
ရှင်းလင်း တင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတက တောင်သူ များ ချေးငွေရရှိရေးဆောင်ရွက်ရာတွင် အရေးပါသည့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ-၇ ကို ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်း များနှင့်အညီ ထုတ်ပေးနိုင်ရေးကို အလေးထား ဆောင်ရွက်ပေးကြရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့် ပြည်သူတို့၏ ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များအားလုံးကို ဖြည့်ဆည်း ပေးလိုသော်လည်း ဘဏ္ဍာရန်ပုံငွေ ရရှိမှုအပေါ်မူတည်၍ ဦးစားပေးအစီ အစဉ်များအလိုက် ဆက်လက် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါ ကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူများ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြမှသာ အခက်အခဲ ဟူသမျှကို ကျော်လွှားသွားနိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။
သတင်းစဉ်