
နေပြည်တော် ဇန်နဝါရီ ၂၈
အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီ၏ ရှေ့လုပ်ငန်းစဉ် ညှိနှိုင်း အစည်းအဝေး (၁/၂၀၂၁)ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားအဆင့် ရေအရင်း အမြစ်ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒေါက်တာ အောင်သူ၊ ဦးသန့်စင်မောင်၊ ဦးအုန်းဝင်းနှင့် ဦးဝင်းခိုင်၊ ဒုတိယ ဝန်ကြီးများဖြစ်ကြသည့် ဦးတင်မြင့်၊ ဒေါက်တာမင်းရဲပိုင်ဟိန်း၊ ဦးကျော်မျိုး နှင့် ဦးစိုးအောင်၊ နေပြည်တော် ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ရန်ကုန်မြို့တော်ဝန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီး များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အကြံပေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ က အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီကို ၂၀၁၆ ခုနှစ်တွင် ပြန်လည်ဖွဲ့စည်းပြီး ကော်မတီ၏ ရှေ့လုပ်ငန်းစဉ် ညှိနှိုင်းအစည်းအဝေးများ ကျင်းပလျက်ရှိပါကြောင်း၊ ယခု အစည်းအဝေးသည် (၁၃)ကြိမ်မြောက် ကျင်းပသည့် အစည်းအဝေးလည်း ဖြစ်ပါကြောင်း။
ကြိုတင်ပြင်ဆင်ဆောင်ရွက်
ယခင်ကျင်းပခဲ့သည့် ကော်မတီ၏ ရှေ့လုပ်ငန်းစဉ် ညှိနှိုင်းအစည်းအဝေးများမှတစ်ဆင့် ရေနှင့်ဆက်နွှယ်သည့် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများအကြား ညှိနှိုင်းဆောင်ရွက် ရမည့်လုပ်ငန်းများ၊ ကော်မတီ၏လုပ်ငန်းစဉ်များ အကောင် အထည်ဖော်ဆောင်ရွက်မှုနှင့် ရေဆိုင်ရာပြဿနာများ ဖြေရှင်းမှုတို့အတွက် ထိရောက်စွာ ညှိနှိုင်းဆောင်ရွက်နိုင်ခဲ့ ကြပါကြောင်း၊ နှစ်စဉ်မိုးတွင်းကာလ၌ တွေ့ကြုံရလေ့ရှိသည့် ရေကြီးရေလျှံမှုအန္တရာယ် လျော့ပါးသက်သာရေးနှင့် နွေရာသီ၌ ကြုံတွေ့ရလေ့ရှိသည့် ရေရှားပါးမှုအခက်အခဲ များ ဖြေရှင်းရေးတို့အတွက်ကိုလည်း ကြိုတင်ပြင်ဆင် ဆောင်ရွက်နိုင်ခဲ့ကြပါကြောင်း။
ယခုနှစ် နွေရာသီကာလတွင်လည်း ယခင်နှစ်များကဲ့သို့ သောက်သုံးရေနှင့် စိုက်ပျိုးရေရှားပါးမှုပြဿနာများ လျော့ပါးသက်သာစေရေးအတွက် သက်ဆိုင်ရာ ဝန်ကြီး ဌာန၊ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များ ပူးပေါင်း၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြစေလိုပါကြောင်း၊ ယခင် အစည်းအဝေး ဆုံးဖြတ်ချက်များအနက် ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းများ၊ စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ အလေးထားဆောင်ရွက်ပေးကြစေလိုပါကြောင်း။
ဆက်လက်ပူးပေါင်းဆောင်ရွက်
ကော်မတီက ဆောင်ရွက်ရမည့် ရေအရင်းအမြစ်ဘက်စုံ စီမံခန့်ခွဲမှုလုပ်ငန်းများနှင့် ရေဝေရေလဲဒေသများ ထိန်းသိမ်း ရေး၊ မြစ်ဝှမ်းဒေသများ၌ တရားမဝင်ရွှေနှင့် အခြား ဓာတ်သတ္တုများ၊ အဖိုးတန်ကျောက်မျက်ထုတ်လုပ်မှုများ၊ တရားမဝင် ကျောက်စရစ်နှင့် သဲထုတ်လုပ်မှုများ တားဆီး ထိန်းချုပ်ရေး၊ မိုးရာသီကာလ သစ်ပင်စိုက်ပျိုးရေး၊ ရေထု ညစ်ညမ်းမှုတားဆီးကာကွယ်ရေး၊ မြစ်ချောင်းများ၊ ကန်များ စသည့် ရေအရင်းအမြစ်များနှင့် ရေနုတ်မြောင်းများအတွင်း သို့ အမှိုက်သရိုက်များ၊ ရေဆိုးများစွန့်ပစ်မှုအပေါ် စောင့်ကြည့်ထိန်းချုပ်ရေးနှင့် ပလတ်စတစ် စွန့်ပစ်ပစ္စည်း များ ထိန်းချုပ်ရေးတို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ များက ဆက်လက်ပူးပေါင်းဆောင်ရွက်ပေးကြစေလိုပါ ကြောင်း။
အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီအနေဖြင့် ရေကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် အပြည် ပြည်ဆိုင်ရာနှင့် ဒေသတွင်းအဖွဲ့အစည်းများ၊ မိတ်ဆွေနိုင်ငံ များနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ကော်မတီဖွဲ့စည်းပြီးနောက် တတိယအကြိမ် အာရှ-ပစိဖိတ် ရေညီလာခံကို ၂၀၁၇ ခုနှစ်တွင် အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပ နိုင်ခဲ့ပါကြောင်း၊ ယင်းညီလာခံက ထုတ်ပြန်ခဲ့သည့် “ရန်ကုန် ကြေညာစာတမ်း” ကို ဆက်လက်အကောင်အထည်ဖော်နိုင် ရန် ၂၀၁၈ ခုနှစ် မတ်လအတွင်း ဘရာဇီးနိုင်ငံ၌ ကျင်းပသည့် (၈) ကြိမ်မြောက် ကမ္ဘာ့ရေဖိုရမ်တွင် ဆွေးနွေးနိုင်ခဲ့ပါ ကြောင်း၊ ၂၀၁၉ ခုနှစ် World Water Day Logo တွင် မြန်မာနိုင်ငံရှိ အင်းလေးကန်တွင် လှေလှော်နေသည့်ပုံကို ဂုဏ်ပြုသတ်မှတ်ဖော်ပြခံခဲ့ရပါကြောင်း။
ကမ္ဘာ့ရေနေ့အထိမ်းအမှတ် အခမ်းအနားများကိုလည်း နှစ်စဉ်ကြီးမှူးကျင်းပခဲ့ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာအနှံ့ ကြုံတွေ့နေရသည့် ကိုဗစ်-၁၉ အခြေအနေအရ အခမ်းအနားကျင်းပမည့် အစီအစဉ်ကို ရုပ်သိမ်းခဲ့ရပါ ကြောင်း၊ ယခုနှစ် ကမ္ဘာ့ရေနေ့ ၂၀၂၁ အထိမ်းအမှတ်အခမ်း အနားကို ကိုဗစ်-၁၉အခြေအနေအပေါ် မူတည်စဉ်းစား ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။
အလုပ်ရုံဆွေးနွေးပွဲ နှစ်ကြိမ်ကျင်းပခဲ့
ကော်မတီအနေဖြင့် “အမျိုးသား ရေဥပဒေ” နှင့် “အမျိုးသား ရေအရင်းအမြစ် ကော်မတီဥပဒေ” များကို ပြုစုရေးဆွဲလျက်ရှိပါကြောင်း၊ အကြံပေးအဖွဲ့က ပြုစုပြီး ဖြစ်သည့် အမျိုးသားရေဥပဒေ(မူကြမ်း)ကို Water Law Task Force အဖွဲ့မှ အဖွဲ့ဝင်များ၊ အမျိုးသားရေအရင်းအမြစ် ကော်မတီ အကြံပေးအဖွဲ့ဝင်များ၊ ရေနှင့်သက်ဆိုင်သူများ ပါဝင်သည့် အမျိုးသားရေဥပဒေ(မူကြမ်း) ပြန်လည်သုံးသပ် ခြင်း အလုပ်ရုံဆွေးနွေးပွဲ နှစ်ကြိမ် ကျင်းပခဲ့ပြီး မူကြမ်း တည်းဖြတ်လျက်ရှိသည်ကို သိရှိရပါကြောင်း၊ အမျိုးသား ရေအရင်းအမြစ်ကော်မတီဥပဒေ (မူကြမ်း)ကိုလည်း ရေနှင့် ဆက်နွှယ်သည့်ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများ၏ အကြံပြု ချက်များ၊ သဘောထားမှတ်ချက်များနှင့်အညီ ပြုစုပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် အပြန်အလှန်ညှိနှိုင်းကာ တည်းဖြတ်ပြင်ဆင်လျက်ရှိသည်ကို သိရှိရပါကြောင်း၊ ဥပဒေများကို အတည်ပြုပြဋ္ဌာန်းနိုင်ရေးအတွက် လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားကြရ မည်ဖြစ်ပါကြောင်း။
သောက်သုံးရေအဖြစ် အသုံးပြုနေ
တစ်နိုင်ငံလုံး ရေရရှိမှုအခြေအနေနှင့် ပတ်သက်၍ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံရှိ အိမ်ထောင်စုအားလုံး၏ ၈၁ ဒသမ ၇ ရာခိုင်နှုန်းသည် အခြေခံ (အနိမ့်ဆုံး) သောက်သုံးရေဝန်ဆောင်မှုမှ ရရှိသော ရေကို သောက်သုံးရေအဖြစ် အသုံးပြုနေကြပါကြောင်း၊ ၎င်းတို့အနက် အိမ်ထောင်စုအားလုံး၏ ၄၁ ဒသမ ၄ ရာခိုင် နှုန်းသည် သန့်ရှင်းပြီးဘေးကင်းသော သောက်သုံးရေ ဝန်ဆောင်မှုမှ ရယူအသုံးပြုနေသည်ကို သိရှိရပါကြောင်း၊ သန့်ရှင်းပြီးဘေးကင်းသော သောက်သုံးရေဝန်ဆောင်မှုကို ရယူသုံးစွဲမှုမှာ မြို့ပြ၌ ၆၃ ဒသမ ၈ ရာခိုင်နှုန်းနှင့် ကျေးလက် ၌ ၃၂ ဒသမ ၇ ရာခိုင်နှုန်းရှိပါကြောင်း၊ မြို့ပြအိမ်ထောင်စု အားလုံး၏ ၃ ဒသမ ၇ ရာခိုင်နှုန်းသာ မြေပေါ်ရေဖြစ်သည့် မြစ်ရေ၊ ချောင်းရေ၊ ဆည်ရေ၊ ကန်ရေ၊ တူးမြောင်းရေနှင့် ရေသွယ်မြောင်းရေတို့ကို သောက်သုံးရေ အဖြစ် အသုံးပြု သော်လည်း ကျေးလက်၌ ၁၅ ဒသမ ၈ ရာခိုင်နှုန်းသည် မြေပေါ်ရေကို သောက်ရေအဖြစ် အသုံးပြု နေကြောင်းကို ကြားဖြတ်သန်းခေါင်စာရင်းအရ သိရှိရပါကြောင်း။
ထို့ကြောင့် မြို့ပြနှင့်ကျေးလက်ဒေသများ၌ နိုင်ငံသား အားလုံး သန့်ရှင်းသော သောက်သုံးရေ လုံလောက်စွာရရှိရေး၊ ရေရှားပါးသည့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ၊ တောင်ပေါ် ဒေသများ၊ မြစ်ဝကျွန်းပေါ်နှင့် ကမ်းရိုးတန်းဒေသများ၌ မိုးရေခံ စုဆောင်းသိုလှောင်မှု၊ မြေပေါ်ရေ သန့်စင်ပေးဝေမှု နှင့် မြေအောက်ရေ ထုတ်ယူသုံးစွဲမှုများအတွက် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရအဖွဲ့များ ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။
စုစည်းကောက်ယူရန် လိုအပ်ဆဲဖြစ်
ဝန်ကြီးဌာနအဖွဲ့အစည်းများ၏ နိုင်ငံတကာအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် မိမိ တို့နိုင်ငံ၌ တစ်နိုင်ငံလုံးရေပေးဝေမှုနှင့် ရေဆိုးစွန့်ပစ်မှု ဆိုင်ရာ လုပ်ငန်းအလိုက် စံသတ်မှတ်မှုအချက်အလက်များ၊ နေအိမ်များ၊ စက်ရုံများနှင့် အဆောက်အဦများတွင် မိုးရေခံ စုဆောင်းမှုစနစ်ဆိုင်ရာ အချက်အလက်များ၊ မြေပေါ် မြေအောက်ရေပမာဏနှင့် ထုတ်ယူသုံးစွဲမှုဆိုင်ရာ အချက် အလက်များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စုစည်း ကောက်ယူရန် လိုအပ်ဆဲဖြစ်သည်ကို တွေ့ရှိရပါကြောင်း။
ထို့ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှတစ်ဆင့် အချက်အလက်များစုစည်း၍ စနစ်တကျညှိနှိုင်းပြုစုထားစေ လိုပါကြောင်း၊အဆိုပါ အချက်အလက်များသည် မိမိတို့နိုင်ငံ ၏ရေအရင်းအမြစ် ဘက်စုံစီမံခန့်ခွဲမှုလုပ်ငန်းများအတွက် များစွာအထောက်အကူဖြစ်စေနိုင်မည်ဖြစ်ပါကြောင်း။
ထို့ပြင် မြို့ပြနှင့် ကျေးလက်ဒေသများ၌ ရေပေးဝေမှု၊ ရေဆိုးစွန့်ပစ်မှုများနှင့် ပတ်သက်၍ တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် လမ်းညွှန်ချက်များ၊ စံသတ်မှတ်ချက်များ သတ်မှတ်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများအကြား ညှိနှိုင်းဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း။
နိုင်ငံတော်အနေဖြင့် ရေကဏ္ဍအပါအဝင် ကဏ္ဍစုံဖွံ့ဖြိုး တိုးတက်စေရန် ဆောင်ရွက်လျက်ရှိရာ ပြည်သူများအတွက် အကျိုးရှိစေမည့် စီမံကိန်းလုပ်ငန်းများ၊ ဝန်ကြီးဌာနအဖွဲ့ အစည်းအလိုက် တာဝန်ယူဆောင်ရွက်နေကြသည့် နိုင်ငံ တကာ ပူးပေါင်းဆောင်ရွက်မှုများ၌ ဆက်နွှယ်သည့် ဝန်ကြီး ဌာနများနှင့် အဖွဲ့အစည်းများအနေဖြင့် ပိုမိုပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် ကော်မတီဒုတိယဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ကယားပြည်နယ်အတွင်းရှိ သံလွင်မြစ် သောင်ထွန်းမှု၊ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်နှင့် မြစ်ငယ် ချောင်းငယ်များတွင် ရေကြီးမှု၊ ရေလျှံမှုနှင့် ကမ်းပြိုမှုအခြေ အနေများ၊ ရခိုင်ပြည်နယ် ဆတ်ရိုးကျချောင်း တိမ်ကောလာ မှု၊ သံတွဲမြစ်အဝင် သဲနုန်းသောင်တူးဖော်မှု၊ ဧရာဝတီမြစ်ဝှမ်း ဘက်စုံ စီမံခန့်ခွဲမှုစီမံကိန်း အကောင်အထည်ဖော်ဆောင်မှု၊ System Information Data Center အချိန်မီတည်ဆောက် နိုင်ရေး၊ မန္တလေး - ရန်ကုန် ရေလမ်းကီလိုမီတာ (၁၀၀၀)အတွက် Electronic Navigation Charts ဆိုင်ရာ ကိစ္စရပ် နှင့် သန့်စင်သော သောက်သုံးရေရရှိရေးဆိုင်ရာကိစ္စရပ် များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ကော်မတီတွဲဖက်အတွင်းရေးမှူး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဝင်းလှိုင်က အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ၏ လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများနှင့် ရှေ့လုပ်ငန်းစဉ်များကို လည်းကောင်း၊ အကြံပေးအဖွဲ့ အတွင်းရေးမှူး ဒေါက်တာ ခင်နီနီသိန်းက အကြံပေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ရှင်းလင်းတင်ပြကြသည်။
ဖြည့်စွက်ရှင်းလင်း
ယင်းနောက် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူ၊ သယံဇာတနှင့်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမင်းရဲပိုင်ဟိန်း၊ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ရန်ကုန်မြို့တော်ဝန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ နေပြည်တော် ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြား ရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက ရေရရှိရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးခဲ့မှုများ၊ သန့်ရှင်းသောသောက်သုံးရေနှင့် စိုက်ပျိုးရေရရှိရေး စီမံဆောင်ရွက်မှုများ၊ ရေဝေရေလဲဒေသ များနှင့် သဘာဝရေထွက်များ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်း၊ ရေအရည်အသွေး တိုင်းတာစစ်ဆေးမှု၊ စွန့်ပစ်ပစ္စည်းများ ဆယ်ယူခြင်း၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ၊ သဘာဝ သယံဇာတတူးဖော်မှုများကြောင့် ရေအရင်းအမြစ် ညစ်ညမ်း မှု လျှော့ချရေးနှင့် ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေးဆိုင်ရာ ကိစ္စရပ်များ၊ စွမ်းအင်ကဏ္ဍ၊ လျှပ်စစ်ကဏ္ဍနှင့် ရေအရင်း အမြစ်ဆက်စပ်မှုများ၊ ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ရေး အတွက် ရေအရင်းအမြစ် အသုံးချရေးဆိုင်ရာကိစ္စရပ်များ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ခဲ့မှုများ၊ ရေအရင်း အမြစ်နှင့်သက်ဆိုင်သည့် မဟာဗျူဟာကျသော စီမံကိန်း များနှင့် အခြေခံအဆောက်အအုံများ စီမံခန့်ခွဲခြင်းဆိုင်ရာ ကိစ္စရပ်များ၊ ရေနှင့်ဆက်စပ်ဖြစ်ပေါ်သည့် သဘာဝဘေး အန္တရာယ်များအပေါ် ထောက်ပံ့ကူညီရေးနှင့် ရေဘေး ကြောင့် ထိခိုက်ဆုံးရှုံးမှုလျှော့ချနိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ ရေအရင်းအမြစ်နှင့် သက်ဆိုင်သည့် သုတေသနလုပ်ငန်း ဆောင်ရွက်နေမှုများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ ရေပေးဝေရေးနှင့် စနစ်တကျ သုံးစွဲနိုင်ရေး ဆိုင်ရာကိစ္စရပ်များ၊ ရေကြီးရေလျှံမှုကာကွယ် ရေး၊ ရေစီးရေလာကောင်းမွန်ရေးနှင့် ကမ်းပြိုကာကွယ်ရေး လုပ်ငန်း ဆောင်ရွက်မှုများ၊ ယခင်အစည်းအဝေး ဆုံးဖြတ် ချက်များနှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာန၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်အလိုက် ဆောင်ရွက်ထားရှိမှုအခြေ အနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများ ကို ရှင်းလင်းဆွေးနွေးတင်ပြကြပြီး ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဖြည့်စွက်ရှင်းလင်း ဆွေးနွေးသည်။
အထောက်အကူဖြစ်
ယင်းနောက် အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ က ရှင်းလင်းဆွေးနွေးအကြံပြုတင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားရာတွင် အစည်းအဝေးသို့ တက်ရောက်လာကြသူများ၏ ဆွေးနွေးချက်များနှင့် အကြံပြုချက်များသည် မိမိတို့နိုင်ငံ၏ ရေအရင်းအမြစ်ဘက်စုံစီမံခန့်ခွဲမှုများ၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများ၊ ရေနှင့် ဆက်နွှယ်သည့် လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မှုများတွင် များစွာ အထောက်အကူဖြစ်စေမည် ဖြစ်ပါကြောင်း။
နိုင်ငံ၏ ရေကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ရေနှင့်ဆက်နွှယ် သည့် စီးပွားရေး၊ လူမှုရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် ပံ့ပိုးဆောင်ရွက်လျက်ရှိရာ ကော်မတီ၏ လုပ်ငန်း တာဝန်များနှင့် စီမံခန့်ခွဲမှုလုပ်ငန်းများ အောင်မြင်စွာ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ် ကြောင်း ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်း လိုက်သည်။
သတင်းစဉ်