
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ၂၀၂၀ ပြည့်နှစ် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်အမှာစကားပြောကြား
================================================================================================================
နေပြည်တော် ဒီဇင်ဘာ ၃
၂၀၂၀ ပြည့်နှစ် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်း အနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ ကော်မတီဒုတိယဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာ ကိုကိုနိုင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ပြည်ထောင်စုဝန်ကြီးများ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီဝင်၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာ နိုင်ငံ မသန်စွမ်းသူများအသင်းချုပ်၊ ရင်ခွင်မဲ့ကလေးများလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်၊ မြန်မာနိုင်ငံကြက်ခြေနီ အသင်း၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း၊ ကျား/မရေးရာ တန်းတူညီမျှရေးကွန်ရက်နှင့် အမျိုးသမီးအဖွဲ့အစည်းများကွန်ရက်တို့မှ တာဝန်ရှိသူများ၊ ကုလသမဂ္ဂအဖွဲ့အစည်းအသီးသီးမှ ဌာနေကိုယ်စားလှယ် များ၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဝင်များ၊ ပြည်တွင်း၊ ပြည်ပလူမှုရေး အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ မသန်စွမ်းကျောင်း များနှင့် မသန်စွမ်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကြောင့်
အခမ်းအနားတွင် ဒုတိယသမ္မတက ယခင်နှစ်များက အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကို နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သော်လည်း ယခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ COVID-19 ကြောင့် ယခုကဲ့သို့ ဗီဒီယိုကွန်ဖရင့် ဖြင့် အခမ်းအနားကို ကျင်းပရခြင်းဖြစ်ပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာမိသားစုဝင် နိုင်ငံ တစ်နိုင်ငံဖြစ်သည်နှင့်အညီ မသန်စွမ်းသူများက လူ့အဖွဲ့ အစည်းအပေါ် အကျိုးပြုဆောင်ရွက်နိုင်ခဲ့ခြင်းများကို ကျေးဇူးပြုသည့်အနေဖြင့်သာမက လက်ရှိမသန်စွမ်းသူ များသည် လူ့အဖွဲ့အစည်းအတွင်း အများနည်းတူ စွမ်းဆောင်နိုင်စွမ်းရှိခြင်း၊ အသုံးဝင်တန်ဖိုးရှိခြင်းများကို အသိအမှတ်ပြုသည့်အနေဖြင့်ပါ အခမ်းအနားများကို ၁၉၉၄ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပလာခြင်းဖြစ်ပါကြောင်း။
၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ရှေ့ပြေးရလဒ်များအရ မြန်မာနိုင်ငံရှိ မသန်စွမ်းမှုအခြေအနေ များကို ဖော်ပြရာတွင် မျက်မှန်တပ်သည့်တိုင်အောင် အမြင် ခက်ခဲခြင်းမှာ ၆ ဒသမ ၃ ရာခိုင်နှုန်း၊ နားကြားကိရိယာ တပ်ထားသည့်တိုင် အကြားခက်ခဲခြင်းမှာ ၂ ဒသမ ၄ ရာခိုင်နှုန်း၊ လမ်းလျှောက်နှင့် လှေကားတက်ရာတွင် ခက်ခဲ ခြင်းမှာ ၅ ဒသမ ၄ ရာခိုင်နှုန်း၊ မှတ်ဉာဏ်နှင့် သင်ယူလေ့လာ ရာတွင် ခက်ခဲခြင်းမှာ ၄ ဒသမ ၄ ရာခိုင်နှုန်း၊ မိမိကိုယ်ကို စောင့်ရှောက်ရာတွင် (တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် အဝတ် အစား ဝတ်ဆင်ရာတွင်) ခက်ခဲခြင်းမှာ ၁ ဒသမ ၉ ရာခိုင် နှုန်း၊ အခြားသူများနှင့် ဆက်သွယ်ရာတွင် ခက်ခဲခြင်းမှာ ၁ ဒသမ ၆ ရာခိုင်နှုန်းရှိသည်ကို သိရှိရပါကြောင်း။
နိုင်ငံတော်အနေဖြင့် အခုကဲ့သို့ COVID-19 ကပ်ရောဂါ ကြုံတွေ့နေရသည့် အချိန်ကာလအတွင်း ၂၀၃၀ အစီအစဉ်၏ မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရှိစေရေးမူနှင့်အညီ အနာကြီးရောဂါသည်များအပါအဝင် မသန်စွမ်းသူအားလုံး အကျုံးဝင်ပါဝင်ခံစားရရှိရန် ရည်ရွယ်၍ COVID-19 Economic Relief Plan (CERP) အရ မသန်စွမ်းသူများ COVID-19 အရေးပေါ်တုံ့ပြန်ရေး ပူးပေါင်းကော်မတီ၊ မြန်မာ နိုင်ငံမသန်စွမ်းသူများအသင်းချုပ်၊ ဆက်စပ်ဝန်ကြီး ဌာနများနှင့် ရင်းနှီးစွာပူးပေါင်းပြီး ထောက်ပံ့ရေးလုပ်ငန်း များကို ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ဆက်လက် ထောက်ပံ့ ဆောင်ရွက်ကြရန်လည်း အလေးအနက်ထား တိုက်တွန်းပြောကြားလိုပါကြောင်း။
မသန်စွမ်းသူများအတွက် အတားအဆီးကင်းသော လူ့အဖွဲ့အစည်းဖြစ်စေရန် Barrier Free Community ဆိုင်ရာ ကနဦးစီမံကိန်းများကို နေပြည်တော်မြို့မဈေးနှင့် ရေပန်းဥယျာဉ်တို့၌ စံနမူနာပြဆောင်ရွက်ထားရှိပြီးဖြစ်၍ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များ၌လည်း ဆောင် ရွက်နိုင်ရန် တိုက်တွန်းလိုပါကြောင်း၊ ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများတွင် ပါဝင်သော နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ပုဂံမြို့တို့ရှိ ခရီးသွားလုပ်ငန်းနှင့် သက်ဆိုင်သော ဦးစားပေးနေရာများ၌ မသန်စွမ်းသူများအနေဖြင့် အတားအဆီးကင်းမဲ့စွာ သွားလာနိုင်ရေး ရှေ့ပြေးစီမံကိန်း (Myanmar Barrier Free Tourism Pilot Project)ကို ၂၀၂၀ ပြည့်နှစ် ဇွန် ၁၄ ရက်တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် ပို၍ ကောင်းမွန်သော အစီအစဉ်သစ်များကို ကြုံတွေ့ခံစားနိုင် ရေး အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ် ပါကြောင်း။
မသန်စွမ်းမှုကို လူ့အခွင့်အရေးစာချုပ်စာတမ်းများ၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ခိုင်ခိုင်မာမာသက်သေထူနိုင်ရန် (၆၁)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံကြီးက မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း (United Nations Convention on the Rights of Persons with Disabilities- UNCRPD) ကို ၂၀၀၆ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်က အတည်ပြုချမှတ်ပေးခဲ့ပါ ကြောင်း၊ မြန်မာနိုင်ငံသည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၇ ရက်က မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံအဖြစ် အတည်ပြုလက်မှတ် ရေးထိုးခဲ့ပါကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံသည် အာရှပစိဖိတ် ဒေသတွင်း နိုင်ငံလည်းဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံလည်း ဖြစ်သည့်အတွက် အာရှနှင့် ပစိဖိတ်ဒေသ မသန်စွမ်းသူများ ဆိုင်ရာ အင်ချွန်းမဟာဗျူဟာ (၂၀၁၃-၂၀၂၂)နှင့် ASEAN Enabling Master Plan (2025) တို့ကို လိုက်နာအကောင် အထည်ဖော်နိုင်ရန် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ဖွံ့ဖြိုး တိုးတက်မှု မိတ်ဖက်အဖွဲ့အစည်းများ၊ မသန်စွမ်းသူများ၏ အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းလက်တွဲဆောင်ရွက် လျက်ရှိပါကြောင်း။
ကရင်ပြည်နယ်တစ်ခုလုံး လွှမ်းခြုံနိုင်ရေး
အင်ချွန်းမဟာဗျူဟာအရ မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းဆိုင်ရာ ကနဦးစီမံကိန်းများကို ပဲခူးတိုင်းဒေသကြီး ညောင်လေးပင် မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်၊
ကရင်ပြည်နယ် ဘားအံမြို့နယ်နှင့် ကြာအင်းဆိပ်ကြီး မြို့နယ်တို့၌ ဆောင်ရွက်လျက်ရှိရာ ကိုဗစ်ကာလ ပုံစံသစ် အဖြစ် Remote Assessment နှင့် Digitalization နည်းလမ်းများဖြင့် ယခုနှစ်ကုန်အပြီး ကရင်ပြည်နယ်တစ်ခု လုံး လွှမ်းခြုံနိုင်ရေးအတွက် ဆောင်ရွက်နေပြီဖြစ်ပါ ကြောင်း။
မြန်မာနိုင်ငံအနေဖြင့် အတည်ပြုလက်မှတ်ရေးထိုး ခဲ့သော ကွန်ဗင်းရှင်းနှင့်အညီ မသန်စွမ်းသူများ၏ အခွင့် အရေးဥပဒေ(၂၀၁၅)နှင့် နည်းဥပဒေများ(၂၀၁၇) တို့ကို ပြဋ္ဌာန်းခဲ့သည့်အတွက် မသန်စွမ်းသူများ၏ ဘဝအရည် အသွေးမြှင့်တင်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ရာတွင် ပိုမိုအောင်မြင်မှုရရှိလာခဲ့ပါကြောင်း၊ ထင်ရှားသည့် ဆောင်ရွက်မှုများမှာ အမျိုးသားကော်မတီနှင့် လုပ်ငန်း ကော်မတီ ဖွဲ့စည်းခြင်း၊ နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကော်မတီ များဖွဲ့စည်းခြင်း၊ လုပ်ငန်းများ အကောင်အထည်ဖော်ရန် ဆပ်ကော်မတီကိုးခုဖြစ်သည့် ကျန်းမာရေးဆပ်ကော်မတီ၊ ပညာရေးဆပ်ကော်မတီ၊ အလုပ်အကိုင်ရေးရာ ဆပ်ကော်မတီ၊ သုတေသနဆပ်ကော်မတီ၊ စောင့်ကြည့် အကဲဖြတ်ဆပ်ကော်မတီ၊ မသန်စွမ်းအမျိုးသမီးနှင့်ကလေးသူငယ်များရေးရာ ဆပ်ကော်မတီ၊ သဘာဝဘေးနှင့် အခြား အရေးပေါ် အခြေအနေဆိုင်ရာ ဆပ်ကော်မတီ၊ တရားမျှတမှု ရရှိနိုင်ရေး ဆပ်ကော်မတီနှင့် သတင်းအချက်အလက် နည်းပညာနှင့် လွယ်ကူစွာသွားလာနေထိုင် အသုံးပြုနိုင် ရေးဆပ်ကော်မတီ ဖွဲ့စည်းခြင်းတို့ဖြစ်ပါကြောင်း။
မူကြမ်းရေးဆွဲဆောင်ရွက်နေပြီဖြစ်
ASEAN Enabling Master Plan (2025) ကို ထိရောက်အောင် ဆက်လက်ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံ ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း(၂၀၁၈-၂၀၃၀)၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင်များနှင့်အညီ ကျန်းမာရေး၊ ပညာရေး၊ အလုပ် အကိုင်၊ လူမှုကာကွယ်စောင့်ရှောက်ရေး၊ သဘာဝဘေးနှင့် အခြားအရေးပေါ်အခြေအနေ၊ အလွယ်တကူ လက်လှမ်းမီ ရယူအသုံးပြုနိုင်ရေး စသည့် လျာထားအခန်းများပါဝင်သည့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ ငါးနှစ် စီမံကိန်းမူကြမ်းကို ၂၀၂၀ ပြည့်နှစ် အကုန်တွင် အတည်ပြုနိုင်ရန် Technical Core Group က ဦးဆောင်၍ ဆပ်ကော်မတီကိုးခုက တာဝန်ရှိသူများနှင့်အတူ မူကြမ်း ရေးဆွဲဆောင်ရွက်နေပြီဖြစ်ပြီး ယင်းအတွက် ဝမ်းမြောက် ဂုဏ်ယူမိပါကြောင်း။
အနာဂတ်ကာလတွင် မသန်စွမ်းသူများအတွက် အတားအဆီးကင်းသည့် လူ့အဖွဲ့ အစည်းတစ်ရပ် ဖန်တီး ဆောင်ရွက်ပေးခြင်းသည် မသန်စွမ်းသူများ၏ ဘဝစဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ပြည့်မီစေခြင်းလည်း ဖြစ်ပါ ကြောင်း၊ မသန်စွမ်းသူများအတွက် ဘက်ပေါင်းစုံဖွံ့ဖြိုး တိုးတက်မှုကို ဆောင်ရွက်ရာတွင် မသန်စွမ်းသူများ ကိုယ်တိုင် ပူးပေါင်းပါဝင်မှုကိုလည်း အသိအမှတ်ပြု ကျေးဇူး တင်ရှိပါကြောင်း။
ယခုနှစ်ကျရောက်သော အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူ များနေ့၏ ဆောင်ပုဒ်ဖြစ်သည့် “Building Back Better: toward a disability-inclusive, accessible and sustainable post COVID-19 World” “ပိုမိုကောင်းမွန်သည့် COVID-19 အလွန်ကမ္ဘာတည်ဆောက်ဖို့ မသန်စွမ်းသူများ လက်လှမ်းမီပါဝင်ပြီး ရေရှည်တည်တံ့စေရန် ကြိုးစားစို့” နှင့်အညီ COVID-19 ကာလအတွင်း မသန်စွမ်းသူများကို ဆက်လက်ထောက်ပံ့နိုင်ရေး၊ မသန်စွမ်းသူများအတွက် အရင်းမပျောက် မတည်ရန်ပုံငွေ သုံးဘီလီယံဖြင့် မသန်စွမ်း သူများ၏ ဘဝအခြေအနေမြင့်မားတိုးတက်စေရေး၊ COVID-19 ကာလအတွင်း စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ အကူအညီပေးရေး၊ Case Management လုပ်ငန်းများမှ တစ်ဆင့် ကာကွယ်စောင့်ရှောက်ရေးနှင့် UNCRPD ကော်မတီ က ပေးပို့လာသော Conclusion Ovservation များကို ထိထိရောက်ရောက် စီမံဆောင်ရွက်နိုင်ရေးတို့အတွက် အသေအချာ အကောင်အထည်ဖော်ဆောင်ရွက်ကြပါဟု တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် က ပေးပို့သည့် ၂၀၂၀ ပြည့်နှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် သဝဏ်လွှာကို United Nations Resident and Humanitarian Coordinator, Mr. Ola Almgren က ဖတ်ကြားသည်။
ယင်းနောက် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် မှတ်တမ်းဗီဒီယိုကို ပြသသည်။
ဂုဏ်ပြုစကားပြောကြား
ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဂုဏ်ပြုစကားပြောကြားပြီး မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်ဥက္ကဋ္ဌ ဦးအောင် ကိုမြင့်က ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် ၂၀၂၀ ပြည့်နှစ် အပြည်ပြည်ဆိုင်ရာမသန်စွမ်း သူများနေ့ အထိမ်းအမှတ် အလွတ်တန်းဆောင်းပါးပြိုင်ပွဲ တွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု ရရှိကြသူများကို ကြေညာသည်။
မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူ များနေ့ကို ၁၉၉၄ ခုနှစ်မှစတင်၍ နှစ်စဉ်အစဉ်အလာမပျက် ကျင်းပလျက်ရှိရာ ယခု ၂၀၂၀ ပြည့်နှစ်တွင် (၂၇)ကြိမ်ရှိပြီ ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်