
တိုကျို စက်တင်ဘာ ၁၄
ဗြိတိန်၏ ဒုတိယမြောက် အဲလိဇဘတ်ဘုရင်မကြီး၏ နိုင်ငံတော်ဈာပနအခမ်းအနားသို့ ဂျပန်ဧကရာဇ် ဘုရင်ကြီး နာရူဟီတိုနှင့် မိဖုရား မာဆာကိုတို့ တက်ရောက်သွားမည်ဖြစ်ကြောင်း အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်၏ ဖော်ပြချက်အရ သိရသည်။
အဆိုပါဗြိတိန်၏ ဒုတိယမြောက် အဲလိဇဘတ် ဘုရင်မကြီး၏ နိုင်ငံတော်ဈာပနအခမ်းအနားကို လာမည့်စက်တင်ဘာ ၁၉ ရက် (တနင်္လာနေ့) တွင် ပြုလုပ်သွားရန် စီစဉ်ထားကြောင်း သိရသည်။ ဗြိတိန်တော်ဝင်မိသားစု၏ နိုင်ငံတော်ဈာပန အခမ်းအနားအတွက် ဖိတ်ကြားချက်ကို လက်ခံရရှိ ပြီးနောက် ဂျပန်အစိုးရသည် ဧကရာဇ်ဘုရင်ကြီးတို့ တက်ရောက်ရန် မေတ္တာရပ်ခံခဲ့ကြောင်း အစိုးရအဖွဲ့ အတွင်းဝန်ချုပ် မာဆုနို ဟိရို ကာဇူက သတင်း ထောက်များကို ပြောသည်။
လန်ဒန်ရှိ ဝက်မင်နစ္စတာ အက်ဘီ၌ ပြုလုပ် မည့် အဆိုပါနိုင်ငံတော်ဈာပန အခမ်းအနားသို့ ကမ္ဘာတစ်ဝန်းရှိ တော်ဝင်မိသားစုများနှင့် အစိုးရ အဖွဲ့အကြီးအကဲများ အပါအဝင် ဂုဏ်သရေရှိလူကြီး မင်းများ တက်ရောက်ဖွယ်ရှိကြောင်း သိရသည်။
ထို့ကြောင့် ဂျပန်ဧကရာဇ်ဘုရင် ဇနီးမောင်နှံသည် စက်တင်ဘာ ၁၇ ရက်တွင် နိုင်ငံမှ ထွက်ခွာပြီး စက်တင်ဘာ ၂၀ ရက်တွင် ပြန်လည်ရောက်ရှိမည် ဖြစ်သည်။ ဧကရာဇ်ဘုရင် ဇနီးမောင်နှံသည် ၂၀၁၉ ခုနှစ်တွင် နန်းတက်ပြီးနောက် ပထမဆုံး ပြည်ပ ခရီးစဉ်ဖြစ်လာမည်ဖြစ်သည်။ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီချီဒါသည် အဆိုပါနိုင်ငံတော်ဈာပန အခမ်းအနားသို့ တက်ရောက်မည်မဟုတ်ကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ